အောင်ဇေယျစစ်ကြောင်းက တပ်သား သုံးဆယ်နီးပါး CDM ဝင်လာကြောင်း PDF ပြော

RFA Burmese
2024.12.04
အောင်ဇေယျစစ်ကြောင်းက တပ်သား သုံးဆယ်နီးပါး CDM ဝင်လာကြောင်း PDF ပြော ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်မှာ CDM ဝင်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တာဝန်ရှိသူနှင့်အတူ တွေ့ရစဉ်။
Citizen Photo

ကရင်ပြည်နယ် ကော့ကရိတ်-မြဝတီ အာရှလမ်းသစ်မှာ စစ်ဆင်ရေးဆောင်ရွက်နေတဲ့ စစ်ကောင်စီ အောင်‌ဇေယျစစ်ကြောင်းက တပ်ဖွဲ့ဝင် သုံးဆယ်နီးပါး အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်လာကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) က ပြောပါတယ်။

ပြီးခဲ့တဲ့ ရှစ်လနီးပါးအတွင်း စစ်ကောင်စီတပ်က CDM လုပ်ခဲ့သူ တပ်သား သုံးဆယ်ဝန်းကျင်ရှိကြောင်း PDF တောင်ပိုင်းတိုင်းစစ်ဒေသ၊ ၃၁ စစ်ဗျူဟာတာဝန်ရှိသူ ဗိုလ်မြင့်ဇော်က ပြောပါတယ်။

"အခုဆိုရင် ၃၀ နီးပါးလောက်ရှိပြီ၊ တချို့ကတော့ ကျွန်တော်တို့နဲ့ ချိတ်ဆက်ပြီးတော့ ဝင်လာတဲ့သူတွေရှိသလို တချို့ကတော့ ရုန်းထွက်ပြီးတော့မှ ကျွန်တော်တို့ဘက်ကို ရောက်လာတဲ့သူတွေရှိတယ်၊ တချို့တွေကတော့ လက်နက်တွေပါကြတယ်၊ အများစုကမပါတာများတယ်၊ ကျွန်တော်တို့ကတော့ ရောက်လာတဲ့သူတွေကို ပြည်သူ့ရင်ခွင်နဲ့ ချိတ်ဆက်ပြီးတော့ သူတို့ဘာလုပ်ချင်လဲ ဘယ်လိုဆက်သွားချင်လဲဆိုတဲ့အပေါ်မှာ မူတည်ပြီးတော့ အကောင်းဆုံး သူတို့ကိုစီစဉ်ပေးဖို့ရှိပါတယ်ဗျ"

CDM ဝင်လာသူတွေရဲ့လုံခြုံရေးအရ အသေးစိတ် အချက်အလက်ကိုတော့ သတင်းမထုတ်ပြန်ဘူးလို့ ၃၁ ဗျူဟာစစ်ကြောင်းက ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၆ ရက်နေ့က ကော့ကရိတ်မြို့မြောက်ပိုင်း ဒေါနတောင်လမ်းဟောင်း တိုက်ပွဲမှာ စစ်ကောင်စီတပ်သား ငါးဦး လက်နက်ချခဲ့လို့ တောင်ပိုင်းတိုင်းစစ်ဒေသ၊ ဗျူဟာ ၃၁ မှာ ထိန်းသိမ်းစောင့်ရှောက်ထားပြီး တစ်ဦးကို ငွေကျပ်ငါးသိန်းစီ ထောက်ပံ့ထားတယ်လို့ ထုတ်ပြန်ထားပါတယ်။


ဆက်နွှယ်သော သတင်းများ

တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေအပါအဝင် ၄၉ ဦး CDM ဝင်လာကြောင်း NUG ထုတ်ပြန်

တွန်းဇံမြို့နယ်တွင်း CDM လုပ်ဖို့ ပူးပေါင်းလာသူ တစ်ရာနီးပါးရှိ

ဗိုလ်မှူးနှစ်ဦးအပါအဝင် အင်အားခြောက်ဆယ်ကျော် CDM ဝင်ခဲ့ကြောင်း NUG ထုတ်ပြန်


အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှုအဖွဲ့တစ်ခုဖြစ်တဲ့ ပြည်သူ့ရင်ခွင်အဖွဲ့ကတော့ အာဏာသိမ်းပြီးနောက် CDM ဝင်လာတဲ့ စစ်ကောင်စီတပ်သားနဲ့ ရဲ စုစုပေါင်း တစ်သောင်းခွဲဝန်းကျင်ရှိတယ်လို့ RFA ကို ဇွန်လထဲမှာ ပြောပါတယ်။

စစ်ကောင်စီတပ်က CDM လုပ်သူတွေနဲ့ ပတ်သက်ပြီး သတင်းထုတ်ပြန်တာမရှိသလို စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က မေးမြန်းဖို့ ဖုန်းဆက်ရာမှာလည်း လက်ခံဖြေဆိုတာမရှိပါဘူး။

ကော့ကရိတ်မြို့အနီးဝန်းကျင်မှာ လတ်တလော တိုက်ပွဲတွေ နေ့တိုင်းနီးပါး ဖြစ်နေပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) မဟာမိတ် PDF ပူးပေါင်းတပ်က စစ်ကောင်စီ စစ်ကြောင်းတွေကို ကြားဖြတ်တိုက်ခိုက်နေတာပါ။ စစ်ကောင်စီတပ်ကလည်း ဒရုန်းဗုံးချတာ လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ လေကြောင်းက တိုက်ခိုက်တာတွေလုပ်နေကြောင်း ၃၁ ဗျူဟာရဲ့တာဝန်ရှိသူ ဗိုလ်မြင့်ဇော်က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။