CDM ပါဝင်လာတဲ့ စစ်သားနဲ့ရဲတွေကို ပြည်သူ့သားကောင်းအဖွဲ့က ကျပ် ၆၆ သိန်းချီးမြှင့်

ခက်မာ (ဝါရှင်တန်ဒီစီ)
2022.09.14
CDM ပါဝင်လာတဲ့ စစ်သားနဲ့ရဲတွေကို ပြည်သူ့သားကောင်းအဖွဲ့က ကျပ် ၆၆ သိန်းချီးမြှင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလက CDM လှုပ်ရှားမှုတွင် ပါဝင်လာသော ကယားပြည်နယ်က ရဲတပ်ဖွဲ့ဝင်များအား လွိုင်ကော်မြို့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတစ်ခုတွင် တွေ့ရစဉ်။
Photo: RFA

တပ်မတော်နဲ့ ရဲတပ်ဖွဲ့ကနေ အာဏာဖီဆန်ရေးလူထုလှုပ်ရှားမှု CDM မှာ ပါဝင်လာခဲ့ကြတဲ့သူတွေ ပူးပေါင်းပြီး သြဂုတ်လအတွင်း စတင်ထူထောင်ခဲ့တဲ့ ပြည်သူ့သားကောင်းအဖွဲ့ကနေ လက်ရှိတပ်မတော်နဲ့ ရဲတပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်နေသူတွေကို ပြည်သူ့တော်လှန်ရေးမှာ လာရောက်ပူးပေါင်းကြဖို့ စည်းရုံးလှုံ့ဆော်နေပါတယ်။

“အထဲမှာ သူတို့တွေ ဘယ်လိုမှဆက်ပြီး မနေချင်တော့ဘူး။ အထက်လူကြီးတွေက ကိုယ်ချင်းစာစိတ်မရှိဘူး။ သူတို့ မိသားစုဝင်တွေကို ဖိနှိပ်ချုပ်ချယ်တယ်။”

အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်ပြီး သူတို့အဖွဲ့ကို တယ်လီဂရမ်ကနေ ဆက်သွယ်ပူးပေါင်းလာတဲ့သူတွေကို လက်နက်ပါလာရင် ကျပ်ငွေ ၁ဝ သိန်းကနေ သိန်း ၂ဝ အထိနဲ့ လက်နက်မပါဘဲ လာရောက်ရင် သုံးသိန်းကနေ ငါးသိန်းအထိ ချီးမြှင့်နေတယ်လို့ ဆိုပါတယ်။

စက်တင်ဘာလ ၁ ရက်နေ့က စတင်ခဲ့တဲ့ ဒီလှုပ်ရှားမှုမှာ နှစ်ပတ်အတွင်း စစ်တပ်နဲ့ရဲ့တပ်ဖွဲ့ဝင် ကိုးဦး ဆက်သွယ်ဝင်ရောက်ခဲ့ပြီး သူတို့ကို ဆုငွေအဖြစ် ကျပ်ငွေ ၆၆ သိန်း ချီးမြှင့်ခဲ့ပြီးပြီလို့ ပြည်သူ့သားကောင်းအဖွဲ့ဝင် CDM ရဲအုပ် ခွန်အောင်ကိုကို က RFA ကို ပြောပါတယ်။

“စီမံကိန်း စတင်ပြီးတော့ ကျနော်တို့အဖွဲ့နဲ့ ချိတ်ဆက်ပြီးတော့ CDM လုပ်ပြီးဝင်ရောက်လာတဲ့ တပ်မတော်သားနဲ့ ရဲတပ်ဖွဲ့ဝင် ခုနစ်ဦးရှိပြီဖြစ်ပါတယ်။ တိုင်းရင်းသား ERO ကနေတဆင့် လက်နက်ခဲယမ်းနဲ့ အတူ CDM ဝင်လာတဲ့ တပ်ဖွဲ့ဝင် နှစ်ဦးရှိပါတယ်။ အဲ့ဒီလက်နက်ခဲယမ်းနဲ့ ဝင်လာတဲ့ တပ်ဖွဲ့ဝင်နှစ်ဦးကို တိုင်းရင်းသား ERO တာဝန်ခံကတစ်ဆင့် ချိတ်ဆက်ပြီးတော့ သတ်မှတ်ထားတဲ့ ဂုဏ်ပြုဆုချီးမြှင့်ငွေတွေကို ကျနော်တို့ ပေးအပ်ခဲ့ပြီးဖြစ်တယ်။ လက်နက်မပါဘဲ CDM ဝင်လာတဲ့ ခုနစ်ဦးကိုလည်း ကျနော်တို့ အချက်အလက်ပြည့်စုံပြီးတာနဲ့ အချိန်မဆိုင်းဘဲ ဂုဏ်ပြုချီးမြှင့်ငွေကို ပေးအပ်ချီးမြှင့်ခဲ့ပြီးဖြစ်ပါတယ်။”

သူတို့အဖွဲ့နဲ့ ချိတ်ဆက်လာရောက်ခဲ့တဲ့ တပ်ကြပ်ကြီး တစ်ဦးရဲ့ ဗီဒီယိုပေါ်က ပြောကြားချက်ကို RFA က အခုလို ရရှိခဲ့ပါတယ်။

“ ကျနော် ဒီ ၂ဝ၂၂ ခုနှစ် ၉လပိုင်း ၁ဝ ရက်နေ့က CDM ဝင်ရောက်လာခဲ့တဲ့ တပ်ကြပ်ကြီး တစ်ဦးဖြစ်ပါတယ်။ တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ခမောက်ကြီးတပ်နယ်မှ CDM ဝင်ရောက်လာခဲ့ခြင်း ဖြစ်ပါတယ်။ ကျနော် အခုလို CDM ဝင်ရောက်လာခဲ့သည့်အတွက် ပြည်သူ့သားကောင်းမှ ကျနော့်ရဲ့သတ္တိကို ဂုဏ်ပြုချီးမြှင့်ခဲ့တဲ့ ငွေကျပ်ငါးသိန်းတိတိကို လက်ခံရရှိခဲ့ပါတယ်။ ယခုကဲ့သို့ ဂုဏ်ပြုငွေပေးခဲ့တဲ့ ပြည်သူ့သားကောင်းကိုလည်း အထူးပင် ကျေးဇူးတင်ရှိပါတယ်။”

ပြည်သူ့သားကောင်းအဖွဲ့ဝင် တပ်ကြပ်ကြီး ကိုအငယ်လေးကလည်း အခုလို သူတို့နဲ့ ဆက်သွယ်လာရောက်မယ့် သူတွေနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို လုံခြုံစိတ်ချအောင် စီမံထားပြီး အဲဒီသူတွေဟာ စစ်ကောင်စီလက်အောက်မှာ အငြိမ်းစားယူလို့ရမယ့်ငွေထက် ပိုမိုများပြားတဲ့ ပမာဏကို သူတို့ထံက ရရှိမှာဖြစ်တယ်လို့ ပြောပါတယ်။

“ပြည်သူ့သားကောင်းအဖွဲ့ကို ဆက်သွယ်လာတဲ့စစ်သည်တွေကို စိစစ်ရာမှာ တပ်မတော်က CDM အရာရှိတွေရယ် တခြားအဆင့်တွေရယ် မြန်မာနိုင်ငံရဲတပ်ဖွဲ့က CDM ရဲတပ်ဖွဲ့တွေ ပူပေါင်းပြီးတော့ ဆောင်ရွက်နေတာ ရှိပါတယ်။ ဒါကြောင့် ကျနော်တို့ မသမာတဲ့ နည်းလမ်းနဲ့ ဆက်သွယ်လာတာကိုလည်း အထိုက်အလျောက် ကာကွယ်နိုင်မှာဖြစ်ပါတယ်။ ဆက်သွယ်လာတဲ့ CDM ရဲတပ်ဖွဲ့ဝင်တွေနဲ့ တပ်မတော်သားတွေရဲ့ အချက်အလက်တွေကို Data team တစ်ခုတည်ဆောက်ထားပြီးတော့မှ ပြည်ပနိုင်ငံတစ်ခုမှာ Data base အနေနဲ့ ထိန်းသိမ်းထားရှိပါတယ်။ ဒါကြောင့် လုံခြုံမှုရှိပါတယ်။ စိတ်ချလက်ချ ကျနော်တို့ ကို ဆက်သွယ်လို့ရပါတယ်။ ဒီနေရာမှာ ဖြည့်စွက်ပြီး ပြောလိုတာက ကျနော်တို့ တပ်မတော်မှာ ၁ဝ နှစ် တာဝန်ထမ်းဆောင်ခဲ့မယ်ဆိုရင် အငြိမ်းစား ကျနော်တို့ကို ထွက်ခွင့်ပေးမယ်ဆိုရင်တောင် ၁၉ သိန်းကျော်ပဲ ရပါမယ်။ ငါးနှစ် တာဝန်ထမ်းဆောင်ရင် ကိုးသိန်းခွဲပဲ ရပါမယ်။ ဒါပေမဲ့ အခုအချိန်မှာ လက်နက်နဲ့အတူ ထွက်ခွာလာမယ်။ ပြည်သူ့ဘက် ပူးပေါင်းမယ် ဆိုလို့ရှိရင် ကျနော်တို့ ပြည်သူ့သားကောင်းကရော တခြား တိုင်းရင်းသားနဲ့ တခြားအဖွဲ့အစည်းတွေကကော ပေးတဲ့ ဆုကြေးငွေအားလုံး စုစုပေါင်းလိုက်ရင် သိန်းငါးဆယ်အထက်မှာ ရှိပါတယ်။ ပြည်သူ့ဘက် ပူးပေါင်းခြင်းဟာ တပ်မတော်သားတွေအတွက် အထူးအခွင့်အရေးဆိုတာ ပြောလိုပါတယ်။”

“သူတို့တွေ အခုလို ပြည်သူ့ဘက်က ရပ်တည်လာရတဲ့အတွက် အခက်အခဲကြုံရတာတွေရှိတယ်။ ဒါပေမဲ့ သူတို့ လုံးဝ နောက်ဆုတ်သွားမှာ မဟုတ်ဘူး”

ပြည်သူ့သားကောင်းအဖွဲ့ဝင် ဗိုလ်ကြီး ခင်ပပထွန်းကလည်း စစ်ကောင်စီဝင်လူတစ်စုအတွက် မိမိတို့ဘဝကို အဆုံးရှုံး မခံပဲ ပြည်သူတွေဘက်က ရပ်တည်ကြဖို့ တပ်မတော်နဲ့ရဲတပ်ဖွဲ့ဝင်တွေကို တိုက်တွန်းလိုက်ပါတယ်။

“လက်ရှိစစ်ကောင်စစ်တပ်မှာ တာဝန်ထမ်းဆောင်နေကြတဲ့သူတွေ အားလုံးဟာဆိုရင် ပြည်သူများကြားက ပေါက်ဖွားလာတဲ့ မြန်မာနိုင်ငံသားတွေပဲ ဖြစ်ကြပါတယ်။ စစ်ကောင်စီအတွင်းမှာရှိတဲ့ စစ်အာဏာရှင် လူတစ်စုဟာဆိုရင် သူတို့ရဲ့ကိုယ်ကျိုးစီးပွားအတွက် လက်အောက်မှာရှိတဲ့ အောက်ခြေဘဝတွေကို ချနင်းရင်း အသုံးချနေကြတာဖြစ်ပါတယ်။ခေတ်အဆက်ဆက်အသုံးချနေကြပါတယ်။ အခုလက်ရှိ စစ်အာဏာသိမ်းပြီးတဲ့ နောက်မှာဆိုရင် ပိုဆိုးလာတာ တွေ့ရပါတယ်။ လူ့အခွင့်အရေးတွေ ပိုပြီး ဆုံးရှုံးလာတယ်။ အဲ့ဒါတင်မကပဲ မိသားစုဘဝတွေ အစစအရာရာ ဆုံးရှုံးလာတာကို ပိုပြီး တွေ့မြင်လာရပါတယ်။ အဲ့ဒီအတွက်ကြောင့်မို့လို့ စစ်အာဏာရှင်လူတစ်စုရဲ့ ကိုယ်ကျိုးစီးပွားအတွက် မိမိတို့ရဲ့ ဘဝတွေကို စတေးမခံဘဲ ပြည်သူဘက်က ရပ်တည်ပြီး ကျွန်မတို့ရဲ့ ပြည်သူ့သားကောင်းအဖွဲ့ကို ဆက်သွယ်ပြီး ဝင်လာခဲ့ကြပါလို့ ဖိတ်ခေါ်ပါရစေရှင်”

B0914KMS Thumbnail Final.jpg
ပြည်သူ့သားကောင်းအဖွဲ့ဝင် CDM စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်တချို့။ (Photo: RFA)

ဒီအဖွဲ့မှာ ဦးဆောင်လှုပ်ရှားနေသူတစ်ဦးဖြစ်တဲ့ ဗိုလ်ကြီး မင်းမောင်မောင်က ပြည်သူ့ဘက်ကူးပြောင်းလာမယ့်သူတွေ ဘဝသစ်တည်ဆောက်နိုင်ဖို့အတွက်ပါ သူတို့ ကူညီမယ်လို့ ပြောပါတယ်။

“အကြမ်းဖက်စစ်ကောင်စီထဲမှာ မိသားစုတွေ ပြန်ပေးဆွဲခံရ၊ မတရားတဲ့ အမိန့်တွေကို အတင်းအကျပ်ဖိအားပေး ညွှန်ကြားချက်များကို အကြမ်းဖက်စစ်ဗိုလ်ချုပ်ကြီး အလိုကျ မျက်စိမှိတ်ပြီး လိုက်ပါဆောင်ရွက်နေတဲ့ ပြည်သူကမုန်း ဘဝ ဆုံးနေတဲ့ သူတွေရှိသလို အမှန်တရားကို အမှန်တကယ် သိမြင်ပြီးတော့ ပြည်သူ့ဘက်ကို ပူးပေါင်းလာကြတဲ့ ပူးပေါင်းလာကြမယ့် ဘဝသစ်စကြမယ့် ပြည်သူ့သားကောင်းတွေ အများကြီး ရှိပါတယ်။ ဒီလိုအမှန်တရားကို မြတ်နိုးတဲ့ ပြည်သူ့သားကောင်းတွေကို ကျနော်တို့ဘက်ကနေပြီး ဂုဏ်ပြုဆုငွေတွေကို ချီးမြှင့်ပေးသလို ရေရှည်ရပ်တည်ဖို့ အတွက်လည်းပဲ ကူညီဆောင်ရွက်ပေးနေတဲ့ ပြည်သူ့အဖွဲ့အစည်းတွေအနေနဲ့လည်း ကျနော်တို့က ကူညီချိတ်ဆက်ပြီး ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်”

ပြည်သူ့သားကောင်းအဖွဲ့ဝင် ဗိုလ်ကြီးသစ္စာကလည်း သူတို့အဖွဲ့နဲ့ ဆက်သွယ်လာသူတွေဟာ စစ်ကောင်စီရဲ့ဖိနှိပ်မှုတွေကို စိတ်ပျက်နာကျည်းနေသူတွေဖြစ်တယ်လို့ ပြောပါတယ်။

“အဓိကကတော့ အထဲမှာ သူတို့တွေ ဘယ်လိုမှဆက်ပြီး မနေချင်တော့ဘူး။ အထက်လူကြီးတွေက ကိုယ်ချင်းစာစိတ်မရှိဘူး။ သူတို့ မိသားစုဝင်တွေကို ဖိနှိပ်ချုပ်ချယ်တယ်။ သူတို့ မလုပ်ချင်ပါဘူးဆိုတဲ့ အရာတွေကို အတင်းအကျပ် စေခိုင်းတယ်။ အဲ့ဒါကြောင့် သူတို့တွေအနေနဲ့ ဘယ်လိုမှ ဆက်ပြီးမနေချင်တော့ဘူးဆိုတဲ့ စကားတွေ ပြန်ကြားရတယ်။ သူတို့တွေ အခုလို ပြည်သူ့ဘက်က ရပ်တည်လာရတဲ့အတွက် အခက်အခဲကြုံရတာတွေရှိတယ်။ ဒါပေမဲ့ သူတို့ လုံးဝ နောက်ဆုတ်သွားမှာ မဟုတ်ဘူး။ ကိုယ့်ရပ်တည်ချက်အတွက် ကိုယ်လိပ်ပြာသန့်တယ်။ လုံးဝနောင်တမရဘူးဆိုတဲ့ စကားသံတွေကိုပြန်ကြားရပါတယ်”

ပြည်သူ့သားကောင်းအဖွဲ့ခေါင်းဆောင်တွေက အမျိုးသားညီညွတ်ရေးအစိုးရနဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေကို သူတို့ ညှိနှိုင်းတိုင်ပင်ပြီး ဒီစီမံကိန်းကို အကောင်အထည်ဖော်နေတာဖြစ်တယ်လို့ ပြောပါတယ်။ ရေရှည်မှာ စစ်တပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေ ရာထောင်ချီပြီး ဆက်သွယ်ကူးပြောင်းလာရင် လက်ရှိငွေပမာဏအတိုင်း ချီးမြှင့်နိုင်ပါ့မလားလို့ RFA ကမေးမြန်းရာမှာတော့ အဲဒီကိစ္စအတွက် သူတို့အဖွဲ့ကို လက်ရှိငွေကြေးကူညီနေတဲ့ ပြည်တွင်းပြည်ပ အလှူရှင်တွေ အဖွဲ့အစည်းတွေထံက ကတိစကားတွေ ရရှိထားပါတယ်လို့ ဖြေကြားပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
မြန်မာစစ်တပ်နဲ့ ကြံရာပါဖြစ်နေတဲ့ တရုတ် လေယာဉ်ကုမ္ပဏီ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။