CDM ဗိုလ်ကြီး ဆိုင်ဂုံနဲ့ ခြောက်ဦး အဖမ်းခံထားရမှု NUG ထံလွှဲဖို့ တောင်းဆိုနေ
2023.06.13

မိုးကြိုးပြောက်ကျားတပ်ဖွဲ့ရဲ့ တပ်ရင်းမှူးဟောင်းဖြစ်တဲ့ CDM အရာရှိ ဗိုလ်ကြီးဆိုင်ဂုံနဲ့ PDF ရဲဘော်ခြောက်ဦး ဖမ်းဆီးခံထားရတာ ရက်ပေါင်း ၆၀ ကျော်ကြာမြင့်နေပြီဖြစ်ပြီး သူတို့ကို စွပ်စွဲထားတဲ့အမှုတွေနဲ့ ပတ်သက်လို့ ပွင့်လင်းမြင်သာတဲ့ တရားစီရင်ရေးကို လွှဲပြောင်းပေးဖို့ CDM အရာရှိတွေက တောင်းဆိုနေကြပါတယ်။
ရဲဘော်မိုင်း-"အဖွဲ့တစ်ခုကနေ ကိုယ်ကိုယ်တိုင် စွပ်စွဲတယ်။ ကိုယ်ကိုယ်တိုင် စစ်ဆေးတယ်။ ကိုယ်ကိုယ်တိုင် တရားစီရင်တယ်။ ဒီလိုမျိုးလုပ်လို့ ရှိရင် အကြွင်းမဲ့ အာဏာရှင်စနစ်ကို ကျင့်သုံးရာရောက်သွားလိမ့်မယ်။”
ပြီးခဲ့တဲ့ ဧပြီလ ၁၁ ရက်နေ့က ကချင်ပြည်နယ်၊ လိုင်ဇာမြို့၊ KIO ထိန်းချုပ်နယ်မြေလက်အောက်မှာ အခြေစိုက်တဲ့ မိုးကြိုးပြောက်ကျားတပ်ဖွဲ့ရဲ့ တပ်ရင်း (၄၀၄) မှာ CDM အရာရှိဗိုလ်ကြီး ဆိုင်ဂုံနဲ့ ခြောက်ဦးကို သူလျှို၊ ဒလန်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပြည်သူ့စစ်မဟာဗျူဟာအကြံပေးဗျူရို (PMSAB) လက်အောက်ခံ မိုးကြိုးပြောက်ကျားတပ်ဖွဲ့ ဖမ်းဆီးခဲ့တာလို့ CDM အရာရှိတွေက ပြောပါတယ်။
CDM အရာရှိ ဗိုလ်ကြီးဆိုင်ဂုံ(ခေါ် ) သူရိန်ဝင်း ဖမ်းဆီးခံရမှုနဲ့ ပတ်သက်ပြီး ပွင့်လင်းမြင်သာစွာ စစ်ဆေးဖို့ တိုက်တွန်းတောင်းဆိုနေသူတွေထဲမှာ CDM အရာရှိ ဗိုလ်ကြီး ညီသုတလည်း ပါဝင်ပါတယ်။
“ဗိုလ်ကြီး ဆိုင်ဂုံက CDM တပ်မတော်သားတစ်ဦးဖြစ်သလို မြေပြင် တာဝန်တွေကိုလည်း ရဲရဲဝံ့ဝံ့ ထမ်းဆောင်နေတဲ့သူဖြစ်ပါတယ်။ ဒီလိုမျိုး CDM ဗိုလ်ကြီးတစ်ယောက်အနေနဲ့ ဖမ်းခံထားရတယ်ဆိုတဲ့ ကိစ္စမှာ ပွင့်လင်းမြင်သာတဲ့ တရားစီရင်ရေးစနစ်နဲ့ စစ်ပေးဖို့လိုအပ်ပါတယ်။ ကိုယ့်အဖွဲ့ကနေပဲ ဖမ်းထားတယ်။ ကိုယ့်လူနဲ့ကိုယ်ပြန်စစ်တယ်။ ထွက်ဆိုချက်တွေလုပ်တယ်ဆိုတာမျိုးက ဘယ်လိုမှ မျှတမှုမရနိုင်ပါဘူး။ ပွင့်လင်းမြင်သာတဲ့ တရားစီရင်ရေးစနစ်နဲ့ ဆုံးဖြတ်မှသာလျှင် မျှတတဲ့အဖြေကို ရမှာဖြစ်ပါတယ်။ ပွင့်ပွင့်လင်းလင်းလုပ်ဖို့အတွက် နှောင့်နှေးနေတာသည် ရိုးရှင်းမှုရှိသလား။ မရှိသလားဆိုတာကို အဖြေထုတ်စရာ ဖြစ်နေတယ်လို့ ပြောချင်ပါတယ်ခင်ဗျ။”
CDM အရာရှိတွေကတော့ ဗိုလ်ကြီးဆိုင်ဂုံကို အခုလိုဖမ်းဆီးထားတာနဲ့ ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ ဒါမှမဟုတ် သူ့ကိုဖမ်းဆီးထားတာဟာ KIA နယ်မြေဖြစ်လို့ KIO ဗဟိုက ပွင့်ပွင့်လင်းလင်း စစ်ဆေးပေးဖို့လိုတယ်လို့ ပြောကြပါတယ်။

မိုးကြိုးပြောက်ကျားတပ်ဖွဲ့၊ ပြည်သူ့စစ်မဟာဗျူဟာအကြံပေးဗျူရို (PMSAB) အဖွဲ့ရဲ့ အဖွဲ့ဝင်ဟောင်း ရဲဘော်မိုင်း ကလည်း ဗိုလ်ကြီးဆိုင်ဂုံကို PMSAB အဖွဲ့ကစွပ်စွဲပြီး အဲဒီအဖွဲ့ကပဲ စစ်ဆေးနေတာဟာ မဖြစ်သင့်တဲ့ ကိစ္စလို့ ထောက်ပြပါတယ်။
“ကိုဆိုင်ဂုံက သူလျှိုဖြစ်နိုင်ဖို့ ရာခိုင်နှုန်းတော်တော်နည်းပါတယ်။ ကျွန်တော်တို့ PMSAB အဖွဲ့ဆိုတာက စစ်ဗျူဟာတွေ နည်းပညာတွေပြန်သင်ပေးတဲ့အဖွဲ့ပေါ့။ ဒီအဖွဲ့အနေနဲ့က လူတစ်ယောက်ကို ဖမ်းဆီးခွင့်လည်း မရှိဘူး။ နှိပ်စက်ခွင့်လည်း မရှိဘူး။ စစ်ဆေးခွင့်လည်းမရှိဘူး။ တရားစီရင်ရေးအာဏာကို ယူပိုင်ခွင့်လည်းမရှိဘူး။ အဲ့ဒါကြောင့်မို့လို့ ကိုဆိုင်ဂုံကို ပြည်သူလူထုက လက်ခံနိုင်တဲ့ တရားစီရင်ရေးတစ်ခုခုကို အပ်။ သူ့မှာ တကယ်အပြစ်ရှိတယ်ဆိုရင်လည်း ထိုက်တန်တဲ့ အပြစ်ပေးသင့်တယ်။ ဒီလိုမျိုးအဖွဲ့တစ်ခုကနေ ကိုယ်ကိုယ်တိုင် စွပ်စွဲတယ်။ ကိုယ်ကိုယ်တိုင် စစ်ဆေးတယ်။ ကိုယ်ကိုယ်တိုင် တရားစီရင်တယ်။ ဒီလိုမျိုးလုပ်လို့ ရှိရင် အကြွင်းမဲ့အာဏာရှင် စနစ်ကို ကျင့်သုံးရာရောက်သွားလိမ့်မယ်။”
လက်ရှိမိုးကြိုးပြောက်ကျားတပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ CDM ရဲအုပ် ခွန်အောင်ကိုကိုက မိုးကြိုးပြောက်ကျားတပ်ဖွဲ့အနေနဲ့ ဗိုလ်ကြီးဆိုင်ဂုံကို သူလျှို၊ ဒလန်ဆိုပြီး စွပ်စွဲထားတာမရှိကြောင်း၊ သူ့ကို တပ်ဖွဲ့ ဗဟိုစစ်ကော်မရှင်ရဲ့ ညွှန်ကြားချက်တွေကို လိုက်နာမှုမရှိလို့ ထုတ်ပယ်လိုက်ပြီး ဖြစ်တယ်လို့ ပြောပါတယ်။

ဗိုလ်ကြီးဆိုင်ဂုံကို တရားမဝင်လက်နက်ရောင်းဝယ်မှု၊ တိုင်းရင်းသားနယ်မြေထဲ တရားမဝင် ဝင်ရောက်မှုတွေနဲ့ ဖမ်းဆီးစစ်ဆေးနေတာလို့ မိုးကြိုးပြောက်ကျားတပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ CDM ရဲအုပ် ခွန်အောင်ကိုကိုက ဆက်ပြောပါတယ်။
“တရားမဝင်လက်နက်ရောင်းဝယ်မှု၊ တိုင်းရင်းသားနယ်မြေကို တရားမဝင် ဝင်ရောက်မှု၊ လက်နက်ခဲယမ်းတွေကို တရားမဝင်ယူဆောင်လာမှု၊ ကျွန်တော်တို့အနေနဲ့ ထပ်ပြီးတော့ စစ်ဆေးတွေ့ရှိထားတာက ကျွန်တော်တို့ရဲ့ မိုးကြိုးပြောက်ကျားတပ်ဖွဲ့ကို သူ့ရဲ့ရင်းနှီးဆက်သွယ်ထားတဲ့သူတွေနဲ့ အဆက်အသွယ်လုပ်ပြီး မိုးကြိုးပြောက်ကျားကို တော်လှန်ရေးကနေ ပျောက်ကွယ်သွားနိုင်လောက်တဲ့အထိ ကြံစည်ဆောင်ရွက်ခဲ့တာတွေနဲ့ စစ်ဆေးလျှက်ရှိပါတယ်။”
စစ်ဆေးမှုတွေကို KIA ဒါမှမဟုတ် NUG နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အစီအစဉ်ရှိတယ်လို့လည်း သူက ပြောပါတယ်။
ဖမ်းဆီးခံထားရတဲ့ ဗိုလ်ကြီးဆိုင်ဂုံဟာ မိုးကြိုးပြောက်ကျားတပ်ဖွဲ့ကနေ ခေါင်းဆောင်ပိုင်းတွေနဲ့ သဘောထားမတိုက်ဆိုင်မှုတွေကြောင့် အဖမ်းမခံရခင်ကာလမှာ အဲဒီအဖွဲ့ကထွက်ပြီးနောက် လွတ်မြောက်ရေး အင်အားစုစစ်သည်များတပ်ဖွဲ့ (WOLF) အဖွဲ့ကို တည်ထောင်ခဲ့ပါတယ်။
WOLF အဖွဲ့ရဲ့ ဇွန်လ ၆ ရက်နေ့က ထုတ်ပြန်ချက်တစ်ခုမှာ CDM ဗိုလ်ကြီးဆိုင်ဂုံနဲ့ ရဲဘော်ခြောက်ဦးကို KIA လိုင်ဇာဌာနချုပ်နယ်မြေမှာ PMSAB အဖွဲ့က ဖမ်းဆီးထားပြီး ဦးနှောက်အာရုံကြောထိခိုက်စေတဲ့ လူမဆန်တဲ့ စစ်ဆေးမှုတွေနဲ့ ညှဉ်းပန်းနှိပ်စက်နေပြီး သက်သေအတုတွေ ဖန်တီးနေတယ်လို့ ဆိုပါတယ်။
မိုးကြိုးပြောက်ကျားတပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲအုပ်ခွန်အောင်ကိုကိုက တရားဥပဒေနဲ့အညီ စစ်ဆေးမေးမြန်းနေပြီး ဖမ်းဆီးခံထားရသူတွေရဲ့ အသက်အန္တရာယ်နဲ့ ကျန်းမားရေးထိခိုက်မှုမရှိဖို့ အာမခံတယ်လို့ ပြောပါတယ်။
WOLF အဖွဲ့ဘက်က ဖမ်းဆီးခံထားရသူတွေကို လွှတ်ပေးဖို့ တောင်းဆိုနေပါတယ်။

“အကြောင်းအရာ မခိုင်လုံဘဲဖမ်းဆီးထားတဲ့အတွက် NUG နှင့် KIA တာဝန်ရှိသူများအနေနှင့် ကြားဝင်ဖြေရှင်းပေးပါရန် ကျွန်တော်တို့ အနေနဲ့ တောင်းဆိုပါတယ်ခင်ဗျ။”
ဒါကတော့ WOLF အဖွဲ့က ဗိုလ်ကြီး ဆိုင်ဂုံနဲ့ ရဲဘော် ၆ ဦး လွတ်မြောက်ရေးအတွက် မေလ ၂၂ ရက်နေ့က တောင်းဆိုခဲ့ကြတဲ့ ဗီဒီယိုမှတ်တမ်းပါ။
အမျိုးသားညီညွတ်ရေးအစိုးရ NUG က မိုးကြိုးပြောက်ကျားတပ်ဖွဲ့ (PMSAB) ဘက်ကရော ဖမ်းဆီးခံထားရတဲ့ ဗိုလ်ကြီးဆိုင်ဂုံနဲ့ PDF ရဲဘော်တွေဘက်က လိုက်ပါဆောင်ရွက်ပေးနေတဲ့ CDM အရာရှိတွေဘက်ကပါ နှစ်ဖက်စလုံးရဲ့ တိုင်စာတွေ လက်ခံရရှိထားတယ်လို့ ဆိုပါတယ်။
“ကျွန်တော်တို့က မဖြစ်သင့်မဖြစ်ထိုက်တာ မဖြစ်ရအောင်၊ ဥပဒေနဲ့အညီပဲဖြစ်ရအောင်၊ လွန်လွန်ကျူးကျူးတွေ မဖြစ်အောင်၊ ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ဖို့ ဆိုတာမျိုးကိုပဲ သက်ဆိုင်ရာတိုင်းရင်းသားအဖွဲ့အစည်းနဲ့ ချိတ်ဆက်ပြီးပြောဆိုဆွေးနွေးထားတာမျိုးတွေတော့ရှိပါတယ်။ အခုလက်ရှိလည်း ကျွန်တော်တို့ သိထားသလောက်ကတော့ ဗိုလ်ကြီးဆိုင်ဂုံက ကျန်းကျန်းမာမာနဲ့ အသက်ရှင်လျှက်နဲ့ လွန်လွန်ကြူးကြူး မဖြစ်ဘဲ ရှိနေသေးတယ်လို့ ကျွန်တော်တို့သိထားတယ်ပေါ့။ အောက်ခြေအဖွဲ့အစည်းက စစ်တယ်ဆိုတဲ့ကိစ္စမှာ အောက်ခြေအဖွဲ့အစည်းကို မစစ်စေချင်ဘဲ NUG က စစ်ပါဆိုတာက NUG အောက်ကဆိုရင်တော့ အောက်ခြေအဖွဲ့အစည်းက စစ်ခွင့်မရှိဘူး။ အခုဟာက PMSAB ကိုယ်တိုင်က NUG အောက်မှာ မဟုတ်နေတော့ မင်းတို့မစစ်နဲ့ ငါတို့ကိုပေးဆိုပြီး လွယ်လွယ်ကူကူယူလို့ရတဲ့ အနေအထားမဟုတ်နေဘူး။”
အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ် ပြောသွားတာပါ။ ကေအိုင်အိုရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့မရပါဘူး။
မိုးကြိုးပြောက်ကျားတပ်ဖွဲ့ရဲ့ တပ်ရင်းမှူးဟောင်းဖြစ်ပြီး WOLF အဖွဲ့တည်ထောင်သူ CDM အရာရှိ ဗိုလ်ကြီး ဆိုင်ဂုံနဲ့ ရဲဘော်ခြောက်ဦး အဖမ်းခံထားတာကို လွတ်မြောက်ဖို့ WOLF အဖွဲ့ဝင်တွေက တောင်းဆိုနေပြီး CDM အရာရှိတွေကတော့ လွတ်လပ်တဲ့ တရားစီရင်မှုအောက်မှာ မှန်ကန်တဲ့ အဖြေရဖို့ လိုလားကြောင်း ပြောကြပါတယ်။