ညီနောင်သုံးဖွဲ့နဲ့ စစ်ကောင်စီ အပစ်ရပ်စဲမှု ဘယ်လိုသက်ရောက်မှုတွေ ရှိနိုင်လဲ

ခင်မောင်စိုး (ဝါရှင်တန်ဒီစီ)
2024.01.13
ညီနောင်သုံးဖွဲ့နဲ့ စစ်ကောင်စီ အပစ်ရပ်စဲမှု ဘယ်လိုသက်ရောက်မှုတွေ ရှိနိုင်လဲ ရှမ်းပြည်နယ်၊ ကိုးကန့်ဒေသ ကုန်းကြမ်းမြို့ရှိ စစ်ကောင်စီတပ်စခန်းကို မြောက်ပိုင်းမဟာမိတ်ညီနောင်အဖွဲ့က သိမ်းယူပြီးနောက်၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့က ထုတ်ပြန်ထားသည့် ပုံအား တွေ့ရစဉ်။
The Kokang

မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်ကြတဲ့ ကိုးကန့်အဖွဲ့ (MNDAA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နဲ့ ရက္ခိုင့်တပ်တော် (AA) က ကိုယ်စားလှယ်တွေဟာ စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့ကို တရုတ်အစိုးရရဲ့ အစီအစဉ်နဲ့ တရုတ်နိုင်ငံ ကူမင်းမြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပြီးနောက် ဇန်နဝါရီလ ၁၁ ရက်နေ့မှာ အပစ်အခတ်ရပ်စဲကြောင်း နှစ်ဖက်လုံးက ထုတ်ပြန်ကြေညာခဲ့ကြပါတယ်။

အခုလိုကြေညာချက်ကြောင့် တိုင်းရင်းသားအဖွဲ့တွေအနေနဲ့ သူတို့နယ်မြေဒေသတွေ လွတ်မြောက်ဖို့အတွက်သာ တိုက်ပွဲဝင်မှာလားဆိုတဲ့ စိုးရိမ်မှုတွေ ပေါ်ထွက်လာခဲ့ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်ကတော့ မိမိတို့တော်လှန်ရေးအင်အားစုတွေအတွင်း ညီညွတ်ရေးကို အခိုင်အမာ တည်ဆောက်ထားပြီးဖြစ်တယ်လို့ RFA ကိုပြောပါတယ်။

ပြည်သူ့ဘက်ကိုကူးပြောင်းခဲ့တဲ့ CDM အရာရှိ ကပ္ပတိန်ဇီးရီုးကလည်း အာဏာသိမ်းစစ်တပ်ခေါင်းဆောင်တွေရဲ့ အစဉ်အလာကိုကြည့်ရင် အပစ်အခတ်ရပ်စဲမှုဆိုတာတွေဟာ သူတို့အင်အားတည်ဆောက်ရေးအတွက် အချိန်ယူတဲ့လုပ်ရပ်ပဲဖြစ်တယ်ဆိုတာ ထင်ရှားတယ်လို့ သုံးသပ်ပါတယ်။

စစ်ကိုင်းတိုင်းတစ်နေရာက လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တစ်ခုမှာ ဦးဆောင်ပါဝင်နေတဲ့ လုံခြုံရေးအရ အမည်မဖော်လိုသူ ကျောင်းဆရာတစ်ဦးကလည်း သူတို့ဟာတိုင်းရင်းသားတွေနဲ့ အခုလက်တွဲပြီး စစ်ကောင်စီတပ်တွေကို တော်လှန်နေတာ လပေါင်းများစွာရှိပါပြီ။ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေအပေါ် သူတို့အနေနဲ့ ယုံကြည်မှုအပြည့်အဝရှိတယ်လို့ RFA ကိုပြောပါတယ်။

ဒီအတောအတွင်းမှာပဲ ရှမ်းပြည်နယ်မြောက်ပိုင်းအပါအဝင် နေရာဒေသတချို့မှာ စစ်ကောင်စီတပ်တွေနဲ့ အပစ်ရပ်အဖွဲ့တွေအကြား တိုက်ပွဲတွေပြန်လည်ဖြစ်ပွားလာနေတဲ့အတွက် ဇန်နဝါရီလ ၁၁ ရက်နေ့က သဘောတူခဲ့တဲ့ အပစ်အခတ်ရပ်စဲရေး ပျက်ပြယ်သွားပြီလားဆိုတာ မေးခွန်းထုတ်ဖွယ်ရှိပါတယ်။

ကျောက်မဲမြို့အနီးမှာ ဇန်နဝါရီလ ၁၃ ရက်နေ့မနက်က စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ခဲ့တဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ကတော့ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို စစ်ကောင်စီဘက်က စတင်ချိုးဖောက်ခဲ့တယ်လို့ ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က တုံ့ပြန်ပြောကြားချက်ကိုတော့ မသိရသေးပါဘူး။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
မြန်မာစစ်တပ်နဲ့ ကြံရာပါဖြစ်နေတဲ့ တရုတ် လေယာဉ်ကုမ္ပဏီ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။