အပစ်ရပ်ဖို့ တရုတ်နဲ့ ဆွေးနွေးမှုတွေရှိပေမဲ့ ကချင်မှာ တိုက်ပွဲဆက်လက်ပြင်းထန်နေ

RFA Burmese
2024.12.17
အပစ်ရပ်ဖို့ တရုတ်နဲ့ ဆွေးနွေးမှုတွေရှိပေမဲ့ ကချင်မှာ တိုက်ပွဲဆက်လက်ပြင်းထန်နေ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တပ်ဖွဲ့ဝင်တချို့အား ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့က တွေ့ရစဉ်။
STR / AFP

ကချင်ပြည်နယ်မှာ တိုက်ပွဲတွေရပ်ပြီး စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA) ကို တရုတ်နိုင်ငံက တိုက်တွန်းထားပေမဲ့ ဗန်းမော်မြို့မှာ ဒီဇင်ဘာလ ၁၈ ရက်နေ့အထိ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ ဦးဆောင်တဲ့အဖွဲ့နဲ့ တရုတ်ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံကွန်ဖရင့် (CPPCC) ဗဟိုအဖွဲ့ဝင် ဝူကန် (Wu Ken) ဦးဆောင်တဲ့အဖွဲ့က တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ ဒီဇင်ဘာလ ၁၂ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့တာပါ။

အဲဒီတွေ့ဆုံဆွေးနွေပွဲမှာ နယ်စပ်ဒေသ တည်ငြိမ်ရေး၊ တရုတ်-မြန်မာ နယ်စပ်ဂိတ်တွေ ပြန်ဖွင့်ဖို့နဲ့ ကချင်မှာ အပစ်ရပ်ပြီး စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ တရုတ်နိုင်ငံဘက်က KIO ကိုယ်စားလှယ်တွေကို တိုက်တွန်းခဲ့တာလို့ KIO သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက RFA ကို ပြောပါတယ်။

"(ဗန်းမော်မှာ) တိုက်ပွဲအခြေအနေကတော့ နေ့တိုင်းရှိပါတယ်။ စစ်ရေးအခြေအနေက တင်းမာနေတဲ့ အနေအထား ဖြစ်ပါတယ်။ တရုတ်နဲ့ ဆွေးနွေးတဲ့အခြေအနေကို ကျွန်တော်တို့ ခေါင်းစဉ်လောက်ပဲ သိရတာပေါ့နော်။ ဟိုဥစ္စာပေါ့ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးလုပ်ငန်းတွေ ဖော်ဆောင်ဖို့အတွက် ပြောတယ်၊ ဆွေးနွေးတယ်ဆိုတာပေါ့နော်။ တိုက်ပွဲတွေရပ်ပြီးမှ နိုင်ငံရေးဆွေးနွေးမှုအစီအစဉ်တွေကို ဆောင်ရွက်ဖို့ ပြောတာဆိုတာတွေပေါ့နော်"

ဒါပေမဲ့ တိုက်ပွဲတွေ ဘာကြောင့်ဆက်ဖြစ်နေသလဲဆိုတာကို သူ့အနေနဲ့ ပြောပိုင်ခွင့်မရှိသလို အဲဒီ ဆွေးနွေးပွဲမှာ ဘာတွေကို သဘောတူညီချက်ရခဲ့တယ်ဆိုတာကိုလည်း သူ့အနေနဲ့မသိရဘူးလို့ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။

"တိုက်ပွဲအခြေအနေကတော့ နေ့တိုင်းရှိပါတယ်။ စစ်ရေးအခြေအနေက တင်းမာနေတဲ့ အနေအထား ဖြစ်ပါတယ်"

ဗန်းမော်မြို့သိမ်းတိုက်ပွဲမှာ မြို့ပေါ်က ရပ်ကွက်တချို့ကို KIA တပ်တွေ နေရာယူထားနိုင်တာရှိပေမဲ့ စစ်ကောင်စီတပ်စခန်းတွေ သိမ်းယူနိုင်တာတော့မရှိသေးဘူးလို့လည်း ပြောပါတယ်။

တရုတ်နိုင်ငံက ဆွေးနွေးပွဲအပြီး ကချင်ပြည်နယ်မှာရှိတဲ့ တရုတ်-မြန်မာ နယ်စပ်ဂိတ်တွေကို ပြန်ဖွင့်ထားပေမဲ့ ကုန်ပစ္စည်းသယ်ယူပို့ဆောင်တာတွေ မရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဗန်းမော်မှာလည်း တိုက်ပွဲတွေ ဆက်ပြီးပြင်းထန်နေဆဲဖြစ်သလို ပူတာအိုခရိုင် ခေါင်လန်ဖူးမြို့နယ် တရုတ်-မြန်မာ နယ်စပ်အနီးမှာရှိတဲ့ စစ်ကောင်စီတပ်လက်အောက်ခံ အင်အား သုံးဆယ်လောက်ရှိတဲ့ ပြည်သူ့စစ်စခန်းတစ်ခုကို ဒီဇင်ဘာလ ၁၅ ရက်နေ့မှာ KIA က သိမ်းယူခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကချင်ပြည်နယ်က အမှတ် (၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် အခြေစိုက်ရာ ဗန်းမော်မြို့ကို ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နဲ့ ပူးပေါင်းတပ်တွေက ဒီဇင်ဘာလ ၄ ရက်နေ့ကစပြီး ထိုးစစ်ဆင်နေတာကြောင့် ဒီနေ့အထိ တိုက်ပွဲတွေ ပြင်းထန်နေတာပါ။

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ် တရုတ်နယ်စပ်အနီးရှိ ပြည်သူ့စစ်စခန်းကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ပူပေါင်းအဖွဲ့  ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် သိမ်းယူပြီးနောက် တွေ့ရစဥ်။ (Citizen Photo)
ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ် တရုတ်နယ်စပ်အနီးရှိ ပြည်သူ့စစ်စခန်းကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ပူပေါင်းအဖွဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် သိမ်းယူပြီးနောက် တွေ့ရစဥ်။ (Citizen Photo)

ဗန်းမော်မြို့ အမှတ် (၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၂၁) နေရာမှာ တိုက်ပွဲတွေ ပြင်းထန်နေဆဲ ဖြစ်သလို စစ်ကောင်စီတပ်ကလည်း မနေ့က ညပိုင်းမှာ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဗန်းမော်ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"မနေ့ညကလည်း ၈ နာရီကနေ ၉ နာရီကြား လေယာဉ်နဲ့ ဗုံးအကြီးအကျယ် လာချတယ်။ ကျွန်တော်ရေထားတာ အလုံးတစ်ရာလောက်တောင် ရှိမယ်။ မနေ့ကလည်း တက္ကသိုလ်နဲ့ စကစ (၂၁) နားဘက်တွေမှာ သေနတ်သံတွေ ကြားနေရတယ်။ တက္ကသိုလ်ရှိတဲ့ဘက်လည်း လေယာဉ်နဲ့လာပြီး လေထီးတွေနဲ့ ပစ္စည်းတွေ လာချနေတာ တွေ့တယ်"

ဖန်းခါးကုန်းက စစ်ကောင်စီတပ် ခလရ (၄၇)၊ မြို့နယ်ရဲစခန်း၊ စကစ(၂၁) ဘက်တွေမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်ကောင်စီကလည်း လေကြောင်းကနေ ပစ်ခတ်တာတွေလည်း ရှိနေဆဲလို့ ပြောပါတယ်။

တိုက်ပွဲတွေကြောင့် အရပ်သားတွေရဲ့ နေအိမ်တွေ မီးလောင်တာတွေလည်း ရှိနေတယ်လို့ နောက်ထပ် လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဗန်းမော်မြို့ခံတစ်ဦးက RFA ကိုပြောပါတယ်။

"အိမ်ကတော့ လောင်တယ်။ မနေ့ကလည်း သုံးခါလောက် လောင်တာတွေ့တယ်။ ရော့ဘတ်(Robert) ဘုရားကျောင်းတို့ အခြမ်းဘက်တွေမှာလည်း လောင်တယ်။ ဆေးရုံဘက်နားမှာတွေလည်း လောင်တယ်။ ပြီးရင် လေးမိုင်ဘက်နားမှာတွေလည်း လောင်တယ်။ ဒီနေ့လည်း ရှမ်းဝိုင်းဘက်ထင်တယ်။ ဒီကနေကြည့်တာတော့ အဲဒီမှာလောင်နေတယ်။ အဲဒီအိမ်တွေအထိ ကပ်လို့ မရဘူး။ နှစ်ဖက်ကြားမှာ လောင်ကြတာဆိုတော့ သူတို့ ဟိုဘက် ဒီဘက် လက်နက်ကြီးပစ်နေတာ အဲဒီမှာကျ လောင်တာပဲ"

ဒီနေ့ နေ့လယ်ပိုင်းကလည်း ဗန်းမော်မြို့က မိုးမောက်မြို့ဘက် သွားတဲ့လမ်း သုံးမိုင်ဘက်မှာ သေနတ်သံတွေ ကြားနေရတယ်လို့ ပြောပါတယ်။

ဒေသခံတွေ အများစု ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်သွားကြပြီဖြစ်ပေမဲ့ တချို့ ခက်ခဲတဲ့သူတွေကတော့ မြို့ပေါ်က ဘုန်းကြီးကျောင်း စာသင်ကျောင်းတွေမှာ စုပြီးခိုလှုံနေကြဆဲဖြစ်တယ်လို့လည်း ပြောပါတယ်။

ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် ပိတ်မိနေသူများအား ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်နေ့က တွေ့ရစဉ်။ (Screenshot: Citizen Video)
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် ပိတ်မိနေသူများအား ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်နေ့က တွေ့ရစဉ်။ (Screenshot: Citizen Video)

ဗန်းမော်မြို့သိမ်းတိုက်ပွဲ နှစ်ပတ်အတွင်း လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် အရပ်သား သုံးဆယ်ဝန်းကျင် သေဆုံးပြီး ဒဏ်ရာရသူက ၁၅၀ ခန့်ရှိတယ်လို့ ကချင်ပြည်နယ်အခြေစိုက် အရပ်ဘက်အဖွဲ့အစည်းတွေက ပြောပါတယ်။

ကချင်နိုင်ငံရေးသုတေသီ ကိုရှဘတ်ကတော့ တရုတ်က စစ်ပွဲရပ်ဖို့ ဖိအားပေးပေမဲ့ KIA အနေနဲ့ နိုင်ငံရေးအခွင့်အလမ်း သူ့ရဲ့ စစ်ရေးရည်မှန်းချက်တွေကို လက်လွတ်မှာမဟုတ်ဘူးလို့ သုံးသပ်ပါတယ်။

"တရုတ်က သူ့ရဲ့အကျိုးစီးပွားကို ကာကွယ်ဖို့အတွက် သူတောင်းဆိုနေတာတွေ ရှိပါတယ်။ ဒါပေမဲ့ တစ်ဖက်မှာ KIO အနေနဲ့လည်း သူ့ရဲ့ စစ်ရေးရည်မှန်းချက်တွေ ရှိတယ်။ နောက် နိုင်ငံအရေးအခွင့်အလမ်းတွေကလည်း ရှိနေတယ်။ တရုတ်ကတော့ KIO/KIA ကို ဖိအားပေးနေပေမဲ့ KIO ကလည်း သူ့ရဲ့ စစ်ရေးရည်မှန်းချက်တွေ ဒီနိုင်ငံရေးအခွင့်အလမ်းတွေကို ဆုံးရှုံးခံပြီးတော့မှ သူလက်ခံဆောင်ရွက်သွားမဲ့ အနေအထားမျိုးကိုတော့ မတွေ့ရဘူးပေါ့။ သူကလည်း သူရဲ့ရည်မှန်းချက်ထားရှိထားတဲ့အတိုင်း သွားမဲ့အနေအထားမျိုးကို တွေ့ရတာပါ"

KIO အနေနဲ့ စစ်အာဏာရှင် ဖြုတ်ချရေးအတွက် လုပ်ဆောင်နေတဲ့ မြန်မာတစ်နိုင်ငံလုံးက ပြည်သူတွေနဲ့အတူ သူ့ရဲ့စစ်ရေးရည်မှန်းချက်အတိုင်း တိုက်ပွဲတွေ ဆက်ပြီးဖော်ဆောင်သွားဖို့ရှိတယ်လို့လည်း သူက သုံးသပ်ပါတယ်။

ကချင်ပြည်နယ်က အခြေအနေတွေနဲ့ပတ်သက်လို့ မေးမြန်းနိုင်ဖို့ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဒီနေ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံ ဖြေကြားတာ မရှိပါဘူး။


ဆက်နွှယ်သောသတင်းများ

ကချင်ကနယ်မြေ ခုနစ်ဆယ် ရာခိုင်နှုန်းဝန်းကျင်ကို KIA သိမ်းယူထား

KIO နဲ့ တရုတ်အာဏာပိုင် တွေ့ဆုံပြီးတဲ့နောက် နယ်စပ်ဂိတ်တချို့ ပြန်ဖွင့်

ဗန်းမော်တိုက်ပွဲမှာ အရပ်သား သုံးဆယ်ခန့် သေဆုံးကြောင်း အရပ်ဘက်အဖွဲ့တွေပြော


စစ်အာဏာသိမ်း သုံးနှစ်ကျော်အတွင်း ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်အစပ်က မြို့ ၁၃ မြို့နဲ့ တပ်စခန်းကြီးငယ် သုံးရာနီးပါးကို KIA က သိမ်းပိုက်နိုင်ခဲ့တယ်လို့ KIO/KIA ပြောခွင့်ရသူ ဗိုလ်မှူးကြီး နော်ဘူက ပြောဆိုထားပါတယ်။

အဲဒီအထဲမှာ အမေရိကန်ဒေါ်လာ ဘီလီယံချီတန်တဲ့ မြေရှားသတ္တုထွက်ရှိရာ ချီဖွေမြို့နယ်အပါအဝင် ကချင်မှာရှိတဲ့ တရုတ်နယ်စပ်ဂိတ်အားလုံး ပါဝင်ပြီး ကျောက်စိမ်းထွက်တဲ့ ဖားကန့်မြို့ရဲ့ နေရာအများစုလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာလည်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က တရုတ်နိုင်ငံရဲ့ ဖိအားကြောင့် တိုက်ပွဲရပ်ပြီး စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးဖို့ အဆင်သင့်ရှိနေတယ်လို့ နိုဝင်ဘာလ ၂၅ ရက်က ထုတ်ပြန်ထားပါတယ်။

အလားတူ ကိုးကန့်တပ်မတော် (MNDAA) ကလည်း တရုတ်နိုင်ငံဦးဆောင်မှုနဲ့ တရုတ်နိုင်ငံ ကူမင်းမြို့မှာ စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့နဲ့ ဒီဇင်ဘာလ ၁၅ ရက်နေ့က ဆွေးနွေးခဲ့ပါတယ်။ အဲဒီဆွေးနွေးမှုမှာ စစ်ကောင်စီဘက်က MNDAA အနေနဲ့ လားရှိုးမြို့ကနေ ဆုတ်ခွာပေးဖို့ တောင်းဆိုတဲ့အတွက် ပြေလည်မှု မရခဲ့ကြောင်း သတင်းတွေ ထွက်ပေါ်နေပေမဲ့ နှစ်ဖက်စလုံးက တရားဝင်သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။