စစ်ကောင်စီကောက်မဲ့ သန်းခေါင်စာရင်း နိုင်ငံတစ်ဝန်းလွှမ်းခြုံနိုင်ဖို့ ခက်ခဲနိုင်

2024.09.07
စစ်ကောင်စီကောက်မဲ့ သန်းခေါင်စာရင်း နိုင်ငံတစ်ဝန်းလွှမ်းခြုံနိုင်ဖို့ ခက်ခဲနိုင် ရန်ကုန်မြို့၊ ပြည်လမ်း၊ ပြည်သူ့ရင်ပြင်ရှေ့တွင် သန်းခေါင်စာရင်းတွင်ပါဝင်ရန် နှိုးဆော်ထားသည့် ဆိုင်းဘုတ်ထောင်ထားသည်ကို ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၈ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

သန်းခေါင်စာရင်း ကောက်ယူမဲ့ကာလကို အောက်တိုဘာလ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ အချိန်နှစ်ပတ် သတ်မှတ်ထားပေမဲ့ သတ်မှတ်ကာလအတွင်း မကောက်ယူနိုင်တဲ့နေရာတွေမှာ လုံခြုံရေးယူပြီး ရက်တိုးကောက်မယ်လို့ စစ်ကောင်စီက ပြောပါတယ်။

ဒါပေမဲ့ ရှေ့ပြေးသန်းခေါင်စာရင်းထုတ်ပြန်မဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ မတိုင်ခင် ရနိုင်သမျှ အပြီးကောက်ကြဖို့ဆိုပြီး စစ်ကောင်စီ ဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက စက်တင်ဘာလ ၆ ရက်နေ့က နေပြည်တော်မှာပြုလုပ်တဲ့ ဗဟိုသန်းခေါင်စာရင်းကော်မရှင် အစည်းအဝေးမှာ ပြောပါတယ်။

လက်ရှိအခြေအနေအရ သန်းခေါင်စာရင်းကောက်ယူမှုမှာ အခက်အခဲနဲ့ စိန်ခေါ်မှုတွေ မလွဲမသွေ ကြုံလာရနိုင်ပေမဲ့ တစ်နိုင်ငံလုံးကို လွှမ်းခြုံနိုင်ဖို့အတွက် ကြိုးပမ်းမယ်လို့ သူကဆိုပါတယ်။

တိုင်းပြည်အေးချမ်းချိန်တောင် သန်းခေါင်စာရင်းကောက်ယူမှုဟာ အခက်အခဲမျိုးစုံ ကြုံရတဲ့အတွက် အခုလို စစ်ရေးပဋိပက္ခ ပြင်းထန်းနေချိန် ကောက်ယူမဲ့ သန်းခေါင်းစာရင်းဟာ စာရင်းအမှန်ရဖို့ မဖြစ်နိုင်ဘူးလို့ သန်းခေါင်စာရင်းကောက်ယူမှု အတွေ့အကြုံရှိခဲ့တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ/ဆရာမများအဖွဲ့ချုပ် တာဝန်ရှိသူ ကိုကျော်ဝေဖြိုးက RFA ကို ပြောပါတယ်။

"သန်းခေါင်စာရင်းကောက်တယ်ဆိုတာက သန်းခေါင်စာရင်းနာမည်မှာလည်း ပါတယ်။ လူတွေ တစ်နေရာတည်းမှာ တစ်ချိန်တည်းမှာ ရှိနေတဲ့အချိန် တစ်ပြိုင်နက်တည်းကောက်ရတာ။ ကောက်ပြီးတော့ ရလာတဲ့ တစ်ပြိုင်နက် စာရင်းကို ပြင်ဆင်တည်းဖြတ်ပြီး လုပ်ရတာ။ အဲဒီလုပ်ငန်းစဥ်က တအားကြာတယ်။ ကျွန်တော်တို့ ခေတ်အဆက်ဆက် ကောက်ခဲ့တာက အဲဒီလိုပုံစံမျိုး။ အဲဒီတုန်းကတောင်မှ ပြဿနာတွေ အများကြီးရှိခဲ့တယ်၊ လွတ်လွတ်လပ်လပ် လုပ်လို့ရတဲ့အချိန်။ အခုအချိန်မှာ တစ်နိုင်ငံလုံး လွှမ်းခြုံပြီး သန်းခေါင်စာရင်း ကောက်ဖို့ဆိုတာက ဖြစ်နိုင်ခြေ အင်မတန် နည်းတယ်ဆိုတာထက် မဖြစ်နိုင်ဘူးလို့တောင် ပြောလို့ရတဲ့ အနေအထားပါ"

ရန်ကုန်မြို့ရှိ ရပ်ကွက်တစ်ခုတွင် လူဦးရေစာရင်းကောက်ယူနေသည်ကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
ရန်ကုန်မြို့ရှိ ရပ်ကွက်တစ်ခုတွင် လူဦးရေစာရင်းကောက်ယူနေသည်ကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

အခုကောက်ယူတဲ့ သန်းခေါင်စာရင်း အချက်အလက်တွေကို ရွေးကောက်ပွဲတွက် မဲစာရင်းမှန်ကန်ရေးမှာ အသုံးပြုသွားမယ်လို့လည်း စစ်ကောင်စီက ပြောထားပါတယ်။

ဒါဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ မဲစာရင်းမှားယွင်းမှုတွေနဲ့ ရွေးကောက်ပွဲမသမာမှုတွေ ရှိခဲ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အာဏာသိမ်းခဲ့တာဖြစ်လို့ သူတို့လုပ်မဲ့ ရွေးကောက်ပွဲမှာ မဲစာရင်းမှန်ကန်ရေးကို စစ်ခေါင်းဆောင်က အလေးပေး လုပ်ဆောင်တာလို့ နိုင်ငံရေး လေ့လာသုံးသပ်သူတွေက ပြောပါတယ်။


ဆက်နွှယ်သောသတင်းများ

မဲစာရင်းအမှန်ရဖို့ သန်းခေါင်စာရင်းရလဒ်ကို အသုံးပြုမယ်လို့ စစ်ခေါင်းဆောင် ပြော

မဲစာရင်း မှန်ကန်ရေး လုပ်ဆောင်နေကြောင်း စစ်ကောင်စီ UEC ပြော

ရွေးကောက်ပွဲမတိုင်ခင် စစ်ရေးအရှိန်မြှင့်မယ်လို့ NUG ပြော


သန်းခေါင်စာရင်းအချက်အလက်တွေ အပြည့်အ၀မရလည်း စစ်ကောင်စီကတော့ ရွေးကောက်ပွဲကို မဖြစ်မနေ ပြုလုပ်လိမ့်မယ်လို့ စစ်တပ်အရာရှိဟောင်းတစ်ဦးက RFA ကိုပြောပါတယ်။

"သူကောက်လို့ရတဲ့နေရာကို ကောက်မယ်။ ကောက်လို့မရမဲ့နေရာတွေကိုတော့ မှန်းဆချက်တွေနဲ့သွားမှာပေါ့နော်။ မကောက်ဘဲ နေတာထက်စာရင်တော့ ကိန်းဂဏန်းတစ်ခု ရလာတယ်ပေါ့။ ရွေးကောက်ပွဲက နိုင်ငံရေးထွက်ပေါက်ပဲ၊ အတိုက်အခံတွေပေါ်မှာ နိုင်ငံရေး ထိုးနှက်ချက်လည်း ဖြစ်တယ်။ ဒါကြောင့် ရွေးကောက်ပွဲကတော့ မဖြစ်မနေလုပ်မယ်။ သန်းခေါင်စာရင်းကတော့ ရွေးကောက်ပွဲနဲ့ မဆိုင်ပါဘူး။ သန်းခေါင်စာရင်းမရှိလည်း ရွေးကောက်ပွဲ လုပ်လို့ရတာပဲ။ ရွေးကောက်ပွဲဥပဒေမှာလည်း သန်းခေါင်စာရင်း ကောက်ရမယ်လို့မှ မပါတာ"

စစ်ကောင်စီကတော့ နိုင်ငံရဲ့ အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုအတွက် စီမံဆောင်ရွက်တဲ့လုပ်ငန်းစဉ်တွေမှာ တိကျမှန်ကန်တဲ့ ကိန်းဂဏန်းတွေ အမှန်တကယ်ရရှိဖို့ လိုအပ်တာကြောင့် သန်းခေါင်စာရင်း ကောက်ယူတာဖြစ်ပြီး ပြည်သူတွေ ပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်းထားပါတယ်။

အာဏာသိမ်းကာလအတွင်း နိုင်ငံတစ်ဝန်းက မြို့နယ်ပေါင်း ၃၃၀ ရှိတဲ့အနက် မြို့နယ်ပေါင်း ၂၃၃ မြို့နယ်မှာ တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒရေးရာ လေ့လာရေးအဖွဲ့ (ISP - Myanmar) ဇူလိုင်လ ၁၅ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

"ဒီလိုအခြေအနေမျိုးမှာ အတင်းအကျပ် မရရအောင် ကောက်ယူရင်တော့ သူ့ရဲ့ နဂိုရည်ရွယ်ချက်က ပြည်သူအကျိုးကို ကြည့်တယ်ဆိုတာထက် သူ့ရဲ့ နိုင်ငံရေးအကျိုးအတွက် ကြည့်ပြီးလုပ်လို့ရအောင် လုပ်တယ်ဆိုတဲ့ အဓိပ္ပာယ်မျိုး ပိုပြီးသေချာသွားလိမ့်မယ်"

ဒါကြောင့် နိုင်ငံတစ်ဝန်း စစ်ရေးပဋိပက္ခတွေ ပြင်းထန်နေချိန် စစ်ကောင်စီရဲ့ သန်းခေါင်းစာရင်း ကောက်ယူဖို့ ကြိုးပမ်းနေမှုဟာ ပြည်သူထုအကျိုးထက် စစ်ကောင်စီရဲ့ နိုင်ငံရေး အကျိုးအမြတ်တစ်ခုတည်းအတွက် လုပ်ဆောင်နေတာလို့ နိုင်ငံရေးလေ့သာသုံးသပ်သူ ဒေါက်တာ စိုင်းကြည်ဇင်စိုးက ဝေဖန်ပါတယ်။

"အခုလက်ရှိအနေအထားမှာ သန်းခေါင်စာရင်း ကောက်ယူမှုဟာ တကယ်တိကျတဲ့ အဖြေထွက်မှာမဟုတ်ဘူး။ ဒါပေမဲ့ ဒီလိုအခြေအနေမျိုးမှာ အတင်းအကျပ် မရရအောင် ကောက်ယူရင်တော့ သူ့ရဲ့ နဂိုရည်ရွယ်ချက်က ပြည်သူအကျိုးကို ကြည့်တယ်ဆိုတာထက် သူ့ရဲ့ နိုင်ငံရေးအကျိုးအတွက် ကြည့်ပြီးလုပ်လို့ရအောင် လုပ်တယ်ဆိုတဲ့ အဓိပ္ပာယ်မျိုး ပိုပြီးသေချာသွားလိမ့်မယ်။ ဒါ့ကြောင့် ဒီအချိန်မှာ ကောက်ယူမဲ့ သန်းခေါင်စာရင်းက ထွက်လာမယ့် ရလဒ်က ဘာမှ သုံးလို့ရမဲ့ ရလဒ်တော့ ဖြစ်မှာမဟုတ်ဘူး။ သူ့ရဲ့ နိုင်ငံရေး အကျိုးအမြတ်ထွက်ဖို့ လုပ်တဲ့ရလဒ်တစ်ခုပဲ ဖြစ်လိမ့်မယ်ဆိုတာတော့ သေချာတယ်"

လာမဲ့ ၂၀၂၅ ခုနှစ် နိုဝင်ဘာလမှာ ရွေးကောက်ပွဲလုပ်ဖို့ ပြင်ဆင်နေတဲ့အကြောင်း စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီတွေကို ထုတ်ပြောထားပြီး စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ တော်လှန်ရေးအင်အားစုတွေကတော့ ဒီရွေးကောက်ပွဲကို ကန့်ကွက်ထားပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ မဲအများဆုံးနဲ့ အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကတော့ အာဏာသိမ်းမှုကြောင့်ဖြစ်လာတဲ့ မြန်မာ့နိုင်ငံရေးပြဿနာကို NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးမှုမရှိဘဲ မပြေလည်နိုင်ကြောင်းနဲ့ စစ်ကောင်စီလုပ်မဲ့ ရွေးကောက်ပွဲကို အသိအမှတ်မပြုကြောင်း ဩဂုတ်လ ၃၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။