သုံးပတ်အတွင်း လေကြောင်းနဲ့ လက်နက်ကြီးကြောင့် သေဆုံးသူ ကလေးငယ် လေးဆယ်နီးပါးရှိလာ
2023.11.22

မြောက်ပိုင်း မဟာမိတ် ညီနောင်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးစခဲ့တဲ့ အောက်တိုဘာလ ၂၇ ရက်ကနေ နိုဝင်ဘာလ ၂၀ ရက်အထိ သုံးပတ်ကျော်အတွင်းမှာ၊ စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုနဲ့ လက်နက်ကြီးတွေကြောင့် တိုင်းနဲ့ပြည်နယ် ခြောက်ခုမှာ ကလေးငယ် ၃၈ ယောက်သေဆုံးတာကို RFA က လေ့လာတွေ့ရှိရပါတယ်။
ရှမ်းပြည်နယ် မြောက်ပိုင်းမှာ ၁၃ ယောက်၊ ကယားပြည်နယ်မှာ ကိုးယောက်၊ ချင်းပြည်နယ်မှာ ရှစ်ယောက်၊ မွန်ပြည်နယ်မှာ နှစ်ယောက်၊ ပဲခူးတိုင်းမှာ တစ်ယောက်၊ စစ်ကိုင်းတိုင်းမှာ ငါးယောက် ဖြစ်ပါတယ်။ အသက်အရွယ်အားဖြင့်တော့ တစ်နှစ်ခွဲ အရွယ်ကနေ ၁၆ နှစ်အရွယ်အထိဖြစ်ပြီး၊ ယောက်ျားလေး ၁၅ ယောက်၊ မိန်းကလေး ၁၄ ယောက်နဲ့ ကျား/မ မခွဲနိုင်သေးတဲ့ ကလေး ကိုးယောက်ဖြစ်ပါတယ်။
“ ရွာမှာတိုက်ပွဲမရှိဘဲ နိုဝင်ဘာလ ၁၅ ရက်ညက လေကြောင်းကနေ တိုက်ခိုက်လို့ စာသင်နေတဲ့ကလေးတွေ သေဆုံးခဲ့ရတာ”
ဒီလို သေဆုံးခဲ့ရတဲ့ ဖြစ်ရပ်တွေအထဲမှာ နိုဝင်ဘာလ ၁၅ ရက်နေ့က ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ ဝေလူးရွာ လေကြောင်း တိုက်ခိုက်ခံရမှုမှာ ကလေး ရှစ်ယောက်အထိ အစုလိုက် အပြုံလိုက် သေဆုံးခဲ့ပါတယ်။ ရွာမှာ တိုက်ပွဲမရှိဘဲ နိုဝင်ဘာလ ၁၅ ရက်ညက လေကြောင်းကနေ တိုက်ခိုက်လို့ စာသင်နေတဲ့ ကလေးတွေ သေဆုံးခဲ့ရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရွာသားတစ်ယောက်က RFA ကို ပြောပါတယ်။
“အဲဒီနေ့က စစ်ကောင်စီရဲ့ ဂျက်လေယာဉ် နှစ်စင်းနဲ့ ဗုံးလာကြဲသွားတာ။ အဲဒီမှာ CDM ဝန်ထမ်းတစ်ယောက် နေပြီးတော့ သူ့ကလေး သုံးယောက် အပါအဝင်ပေါ့။ ကျူရှင် သင်ပေး နေတဲ့ပုံစံ။ အဲဒီလို စာသင်ပေးနေတဲ့အချိန်မှာ ဗုံးကြဲခံရတာ။ တိုက်ပွဲတွေ ဖြစ်တယ်။ ဗုံးကြဲခဲ့တယ်ဆိုရင်တော့ တစ်မျိုးပေါ့။ အဲဒီလို ဘာမှမဆိုင်တဲ့ ရွာ၊ ကလေးတွေ အပေါ် ကျသွားတယ်ဆိုတော့ လုံးဝကို စိတ်မကောင်းဖြစ်မိတယ်ပေါ့”
အဲဒီဖြစ်ရပ်မှာ ကလေးငယ်တွေအပြင် အမျိုးသား သုံးယောက်လည်း သေဆုံးခဲ့ပါတယ်။
နိုဝင်ဘာလ ၁၉ ရက်နေ့တုန်းကလည်း ရှမ်းပြည်နယ် နမ့်ဆန်မြို့နယ်၊ မြို့သစ်ရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ တိုက်ခဲ့လို့ ဆယ်နှစ်ကျော်အရွယ် ယောက်ျားလေး တစ်ယောက်နဲ့ သူ့ဖခင်တို့ သေဆုံးခဲ့ပါတယ်။
အဲဒီရွာမှာလည်း နှစ်ဖက်တိုက်ပွဲ ဖြစ်တာမရှိဘဲ ညအချိန် လေကြောင်းကနေတိုက်လို့ နေအိမ်ထဲက အရပ်သားတွေ သေဆုံးခဲ့တာလို့ တအာင်း အမျိုးသမီး အဖွဲ့အစည်းက အမည်မဖော်လိုတဲ့ တာဝန်ရှိသူတစ်ယောက်က RFA ကို ပြောပါတယ်။
“စစ်ကောင်စီဘက်ကနေပြီးတော့မှ ဂျက်ဖိုက်တာနဲ့ လာချသွားတယ်။ လာချသွားတဲ့ နေရာက တိုက်ပွဲလည်းမရှိဘူး။ အရင်ကတည်းကလည်း တိုက်ပွဲမရှိဘူး။ ရှမ်းမြောက် တိုက်ပွဲဖြစ်ကတည်းက နမ့်ဆန်မှာ တိုက်ပွဲဖြစ်ပွားတာမျိုး မရှိဘူး။ သူတို့ (စစ်ကောင်စီ) က ကြဲသွားတာကလည်း တကယ့်ရွာထဲမှာ။ ရွာအပြင် လက်ဖက်ခြံထဲမှာ မဟုတ်ဘူး။ လူတွေ နေတဲ့ရပ်ကွက်ထဲမှာ လာကြဲသွားတာ။ ကြဲသွားတဲ့အထဲ ကလေးပါတယ်။ သူ့အဖေ ပါတယ်။ နှစ်ယောက်ပေါ့နော်”
နိုဝင်ဘာလ ၁၁ ရက်နေ့ကစခဲ့တဲ့ ကယားပြည်နယ်ထဲက တစ်လေးလုံး စစ်ဆင်ရေး နောက်ပိုင်း နိုဝင်ဘာလ ၂၀ ရက်နေ့အထိ စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် ကလေး ကိုးယောက် သေဆုံးခဲ့ပါတယ်။
စစ်ကောင်စီတပ်က အရပ်သားတွေကို နေရပ်စွန့်ခွာခွင့် မပေးခဲ့လို့ ဒီလို သေဆုံးရတာလို့ ကရင်နီ လူ့အခွင့်အရေးအဖွဲ့ တည်ထောင်သူ ကိုဗညားက RFA ကို ပြောပါတယ်။
“တစ်လေးလုံး စတဲ့အချိန်မှာ ရပ်ကွက်အပြင်မှာ ရှိတဲ့သူတွေကို လွိုင်ကော်မြို့ထဲက ရပ်ကွက်တွေကို ဝင်ခိုင်းတာပေါ့နော်။ ပေးမသွားဘူး။ ပြီးတော့မှ လက်နက်ကြီးတွေ တောက်လျှောက်ပစ်တဲ့အခါ ဘယ်ကို အများဆုံးကျလဲဆိုတော့ လူထုတွေ နေတဲ့ အိမ်တွေ ရပ်ကွက်တွေထဲ အများဆုံး လက်နက်ကြီးက ကျပြန်ရော။ အဲဒီတော့ ဘာသွားဖြစ်လဲဆိုတော့ လူထုတွေကို ထွက်ခွင့်မပေးတဲ့အတွက်ကြောင့်မို့လို လူထုတွေက ရပ်ကွက်ထဲ ပိတ်မိတယ်။ ပိတ်မိတဲ့အချိန် စစ်ကောင်စီက လေကြောင်းနဲ့ အဆမတန် ပစ်ခတ်တယ်။ အဲဒီအတွက်ကြောင့်မို့လို့ သေဆုံးမှု ဖြစ်သွားရတာပေါ့နော်”
အမျိုးသား ညီညွတ်ရေး အစိုးရ ( NUG) သမ္မတရုံးပြောခွင့်ရ ဦးကျော်ဇော်ကတော့ စစ်ကောင်စီရဲ့ ကျူးလွန်မှုတွေအတွက် NUG ရဲ့ စိုးမိုးနယ်မြေတွေအလိုက် အရေးယူဖို့ လုပ်နေသလို နိုင်ငံတကာမှာလည်း အရေးယူဖို့ လုပ်နေတယ်လို့ RFA ကို ပြောပါတယ်။
“ပြည်တွင်းမှာဆိုရင်လည်း ကျွန်တော်တို့တွေ အုပ်ချုပ်မှုနယ်မြေ တိုးလာတာနဲ့အမျှ ဒီလို စစ်ရာဇဝတ်မှု ကျူးလွန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်တဲ့ စစ်တပ်ရော၊ ဝန်ထမ်းတွေ ရောပေါ့။ ကျွန်တော်တို့တွေ တည်ဆဲဥပဒေနဲ့ အရေးယူ ဆောင်ရွက်ဖို့ လုပ်ကိုင်နေပါတယ်။ အခုစပြီးတော့ ကော်မတီဖွဲ့ပြီး စစ်ဆေးစုံစမ်းတာတွေ လုပ်ပြီးတော့ တည်ဆဲဥပဒေတွေနဲ့လည်း ပြည်တွင်းမှာ အရေးယူဖို့ ဆောင်ရွက်နေသလို ပြည်ပမှာလည်း နိုင်ငံတကာ ခုံရုံးတွေမှာ အရေးယူဖို့အတွက် ဆောင်ရွက်နေတယ်ဆိုတာ ပြောကြားချင်ပါတယ်”
စစ်ကောင်စီဘက်ကတော့ လေကြောင်းနဲ့ လက်နက်ကြီးတွေကြောင့် အရပ်သားတွေ ထိခိုက်သေဆုံးရတဲ့ အခြေအနေတွေကို သတင်းထုတ်ပြန်လေ့ မရှိပါဘူး။
ဒါကြောင့် စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က တယ်လီဖုန်း ခေါ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။
စစ်ကိုင်းတိုင်းထဲက ကလေးသူငယ်နဲ့ အမျိုးသမီးအရေး ဆောင်ရွက်နေတဲ့ အမည် မဖော်လိုသူ တစ်ယောက်ကတော့ စစ်ကောင်စီရဲ့ ဒီလို ကျူးလွန်မှုတွေအတွက် တစ်ချိန်မှာ ပြန်ပြီး မဖြစ်မနေ အရေးယူရမယ်လို့ RFA ကို ပြောပါတယ်။
“စစ်ရာဇဝတ်မှုလို့ မြင်ပါတယ်ရှင့်။ ဘာကြောင့်လဲဆိုတော့ အခုသူတို့ (စစ်ကောင်စီ) ကဆိုလို့ရှိရင် ပြည်သူတွေပဲဖြစ်ဖြစ်၊ ကလေးသူငယ်လေးတွေပဲဖြစ်ဖြစ် တွေ့တယ် ဆိုလို့ရှိရင် အလွတ်မပေးဘူး။ လေကြောင်းနဲ့ တိုက်ခိုက်တာ ဆိုရင်တော့ စစ်ရာဇဝတ်မှု မြောက်ပါတယ်။ တစ်ချိန်ကျရင် ကျွန်မတို့ NUG အစိုးရအနေနဲ့ စည်းမျဉ်း စည်းကမ်း ဥပဒေနဲ့အညီ နိုင်ငံတကာ ဥပဒေတွေနဲ့အညီ အရေးယူ ဆောင်ရွက်မှုတွေ ပြုလုပ်ရမှာပါ”
လေကြောင်း တိုက်ခိုက်မှုတွေကို မှတ်တမ်းပြုစုနေတဲ့ ဉာဏ်လင်းသစ် သုတေသနအဖွဲ့ရဲ့ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက် ထုတ်ပြန်ချက်အရ ၂၀၂၃ ခုနှစ်၊ မေလကနေ ဩဂုတ်လအထိ သုံးလအတွင်း စစ်ကောင်စီ တပ်ဟာ လေကြောင်း တိုက်ခိုက်မှု (၂၇၂) ကြိမ် လုပ်ခဲ့တဲ့အတွက် တစ်ရက်ကို ပျမ်းမျှ အနည်းဆုံး နှစ်ကြိမ်နှုန်း ရှိတယ်လို့ ဖော်ပြထားပါတယ်။
အာဏာ သိမ်းပြီးချိန်ကနေ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လအထိ နှစ်နှစ်ကျော်မှာဆိုရင် လေကြောင်း တိုက်ခိုက်မှု ကိုးရာကျော်ရှိခဲ့ပြီး အရပ်သား ခုနစ်ရာနီးပါး သေဆုံးသလို ၄၅၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။