မကွေးတိုင်းပေါက်မြို့နယ်က ကလေးတွေ အိမ်ရော ကျောင်းပါပျောက်ဆုံး

ခက်မာ (ဝါရှင်တန် ဒီစီ)
2022.04.10
Share on WhatsApp
Share on WhatsApp
မကွေးတိုင်းပေါက်မြို့နယ်က ကလေးတွေ အိမ်ရော ကျောင်းပါပျောက်ဆုံး မကွေးတိုင်း ပေါက်မြို့နယ်မှ ရေကျော်ကျေးရွာ မီးလောင်နေသည်ကို ၂၀၂၂ ခုနှစ် ဧပြီလ ၆ ရက်နေ့က တွေ့ရစဉ်
Photo: CJ

မကွေးတိုင်း ပေါက်မြို့နယ်က အိမ်ခြေ ၃၀၀ ခန့်ရှိတဲ့ ရေကျော်ကျေးရွာနဲ့ အနီးတစ်ဝိုက်ကို ဧပြီလ ၆ ရက်နေ့ ည ၁၀ နာရီခွဲလောက်မှာ စစ်ကောင်စီတပ်က တိုက်ခိုက်ရေးရဟတ် ယာဉ်နဲ့ရော မြေပြင်ကပါ စီးနင်းတိုက်ခိုက်ခဲ့သလို နေအိမ်တွေလည်း ရွာလုံးကျွတ်နီးပါး မီးရှို့ခဲ့တယ်လို့ ဒေသခံရွာသားတွေက ပြောပါတယ်။

အဲဒီလို တိုက်ခိုက်မီးရှို့မှုကြောင့် အနီးဝန်းကျင် ကျေးရွာ ၁၀ ရွာက ဒေသခံ ၃၀၀၀ ထက်မနည်း ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂ ရက် နေ့ကလည်း ပေါက်မြို့နယ် လယ်ယာရွာက နေအိမ် ၂၀၀ ကျော်၊ မတ်လ ၃ ရက်နေ့မှာတော့ လက်ပံလှရွာက အိမ်ခြေ ၅၀ ဝန်းကျင်ကို စစ်ကောင်စီတပ် တွေက မီးရှို့ခဲ့တာကြောင့် နှစ်ရွာပေါင်းက လူ ၁၈၀၀ ဝန်းကျင်ဟာ ဒီနေ့အထိ တော တောင်တွေထဲ ထွက်ပြေးနေကြရဆဲ ဖြစ်သလို တောင်ယာအလုပ်တွေကိုလည်း မလုပ် နိုင်ကြတော့ပါဘူး။

“သမီးတို့မှာ နေစရာဆိုလည်း မရှိတော့ပါဘူး။ အဲဒီအိမ်ကြီး ပြန်ဆောက်ဖို့ဆိုတာလည်း မလွယ်တော့ပါဘူး"

RFA က ပြုစုထားတဲ့ စာရင်းအရ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ အကြား တိုက်ပွဲတွေ ပြင်းထန်နေတဲ့ မကွေးတိုင်းအတွင်းမှာ ပြီးခဲ့တဲ့ မတ်လအတွင်း ရွာပေါင်း ၁၈ ရွာက နေအိမ် ၇၀၀ ကျော် မီးရှို့ခံခဲ့ရပါတယ်။

“သမီးတို့ဆိုရင် စစ်သားတွေကြောင့်ပြေးရတာ အကြိမ်ကြိမ် အခါခါရှိနေပါပြီ။ သမီးတို့ အိမ်တွေလည်း မရှိတော့ပါဘူး။ အိမ်တွေလည်း မီးလောင်သွားပါပြီ။ သမီးတို့မှာ နေစရာ အိမ်လည်း မရှိတော့ပါဘူး။ သမီးတို့မှာ တောကြိုတောကြားထဲ နေရပါတယ်။ ရေဆိုရင် တောင်မှ ကောင်းကောင်း မသောက်ရပါဘူး။ အဝတ်အစားတွေဆိုလည်း အကုန်လုံးပါ သွားပါတယ်။ ဖျာတွေ၊ ခေါင်းအုံးတွေလည်း အကုန်လုံးပါသွားပါတယ်။ သမီးတို့မှာ ခြုံစရာစောင်တွေလည်း မရှိပါဘူး။ အိပ်စရာခေါင်အုံးတောင်မှ မရှိပါဘူး”

နေအိမ်တွေ မီးလောင်ဆုံးရှုံးလိုက်ရတဲ့အတွက် အခု တောတောင်တွေထဲမှာ ခိုလှုံနေရတဲ့ ပေါက်မြို့နယ်ထဲက ကလေးတစ်ယောက်ဖြစ်တဲ့ မတင်ဦး ပြောသွားတာပါ။

သူတို့နေအိမ်မဆုံးရှုံးရခင်မှာ ဘယ်လိုထိတ်လန့်တကြား နေခဲ့ရသလဲဆိုတာကို ခုလို ပြောပြပါသေးတယ်။

“သမီးတို့မှာ ညတိုင်း၊ စစ်သားတွေလာတဲ့နေ့တိုင်း ကောင်းကောင်း မအိပ်ရပါဘူး။ ကောင်းကောင်းလည်း မစားရပါဘူး။ သမီးတို့မှာ အသံကြားတိုင်း အထုပ်အပိုးတွေ ထုပ်ပိုးထားရပါတယ်။ ဟိုးတစ်ခါတုန်းကဆိုရင် စစ်သားတွေဆင်းလာကြတာ ကြောက် ပါတယ်။ သမီးတို့နေတဲ့နေရာကိုလည်း လက်နက်ကြီးတွေနဲ့ ပစ်ထုပါတယ်။ သမီးတို့ အရမ်းကြောက်ပါတယ်။ သမီးတို့မှာ တောကြိုတောကြားလေးတွေထဲ ပုန်းနေရပါတယ်။ သမီးတို့နေတဲ့ဆီ အကုန်လုံး လိုက်လုပ်ကြပါတယ်။ လက်နက်ကြီးတွေနဲ့”

လွတ်မြောက်မယ်ထင်တဲ့ တောထဲကတစ်နေရာမှာ မတ်လထဲရောက်မှ ကြာကြာပုန်းခိုနိုင် ပေမယ့် ဒီအစောပိုင်းမှာတော့ အကြိမ်ကြိမ်ထွက်ပြေးခဲ့ရတယ်လို့ နောက်ထပ် မိန်းမငယ် လေးတစ်ယောက်ဖြစ်တဲ့ မနီက ပြောပါတယ်။

“စစ်သားတွေကြောက်လို့ တောထဲတွေမှာ အကြိမ်ကြိမ် အခါခါပြေးနေရပါတယ်။ ဒီတစ်ပတ်က အဆိုးဆုံးဖြစ်ပါတယ်။ စစ်သားတွေက သမီးတို့အိမ်တွေကိုလည်း မီးရှို့သွားပါတယ်။ သမီးတို့မှာ မိသားစုတွေလည်း တကွဲတပြားဖြစ်သွားပါတယ်”

ကိုယ့်အိမ် ကိုယ့်ယာမှာ လုံလုံခြုံခြုံမနေရတဲ့အတွက် လုံခြုံမယ်ထင်ရတဲ့ဆီ ထွက်ပြေးလာ ပေမယ့် သူတို့မှာ အထိတ်ထိတ်အလန့်လန့် နေရဆဲဖြစ်ပါတယ်။ ဝဝလင်လင် မစားသောက် ရသလို စိတ်ချလက်ချ မအိပ်ရတဲ့အချိန်မှာပဲ အိမ်နဲ့ ယာနဲ့ပြန်နေနိုင်ပါတော့မလားဆိုတဲ့ စိုးရိမ်စိတ်ကလည်း သူတို့က ထပ်မံဖိစီးနေပါတယ်။

“သမီးတို့မှာ နေစရာဆိုလည်း မရှိတော့ပါဘူး။ အဲဒီအိမ်ကြီး ပြန်ဆောက်ဖို့ဆိုတာလည်း မလွယ်တော့ပါဘူး။ အိမ်အကောင်းစားကြီးလည်း မနေနိုင်တော့ပါဘူး။ သမီးတို့မှာ ပိုက်ဆံလည်း မရှိတော့ပါဘူး။ တောကြိုတောကြားမှာ တဲသေးသေးလေးတွေဆောက်ပြီး နေရပါတယ်။ မိုးမလုံတဲ့ တဲလေးတွေကျတော့ ဒီလိုပဲ ကုတ်ကုတ်ကတ်ကတ် အိပ်ရပါ တယ်။ သမီးတို့ရွာကြီးကို လေယာဉ်ပျံနဲ့ ဗုံးကြဲမှာလည်း ကြောက်ပါတယ်။ ရွာကိုလေ ယာဉ်ပျံတွေလည်း လာကြပါတယ်။ သမီးတို့ရွာကို ဗုံးကြဲဖို့များလာကြတာလား။ စစ်သားတွေကို ဘယ်မှာလာချတာလဲ တွေးမိပါတယ်”

မတင်ဦးလေးနဲ့ တရွာတည်းနေ သူငယ်ချင်းဖြစ်တဲ့ မမိုးဖြူ ဟာလည်း မိသားစု တကွဲ တပြားဖြစ်သွားရပြီး သူ့အတွက် အရာရာဟာ ကြောက်စရာဖြစ်နေပါတော့တယ်။ နေရ မှာလည်းကြောက်၊ သေမှာလည်းကြောက်ပါတယ်လို့ သူက ပြောပါတယ်။

“သမီးတို့မှာ ပြန်စရာအိမ် မရှိတော့ပါဘူး။ အဖေက တစ်နေရာမှာ၊ ကိုကိုက တစ်နေရာ မှာပါ။ မိသားစု အတူတူနေချင်ပါတယ်။ ဗုံးတွေကျမှာလည်း ကြောက်ပါတယ်။ စာ မတတ်မှာလည်း အရမ်းကြောက်ပါတယ်။ သမီးတို့အိမ် မဆောက်နိုင်မှာလည်း ကြောက် ပါတယ်။ သေရမှာလည်း ကြောက်ပါတယ်”

၂၀၂၂ ခုနှစ်မတ်လအစောပိုင်းမှာ သူတို့လေးတွေရဲ့ရွာတွေမှာ ရွာလုံးကျွတ်အိမ်တွေ မီးလောင်ဆုံးရှုံးခဲ့ရုံတင် မဟုတ်ပါဘူး။ စစ်ကောင်စီတပ်သားတွေရဲ့ သတ်ဖြတ်ခံရသူ ၁၀ ဦးကျော်ရှိခဲ့သလို အဖမ်းခံရသူလည်း ၃၀ ကျော်အထိ ရှိခဲ့ပါတယ်။ ပြေးရင်းလွှားရင်း ဒဏ်ရာရသူ၊ ကြောက်ရွံ့ထိတ်လန့်ပြီး နေထိုင်မကောင်းဖြစ်သူတွေလည်း အများအပြား ရှိခဲ့ပါတယ်။

yaykyaw-fire.jpg
မကွေးတိုင်း ပေါက်မြို့နယ်မှ ရေကျော်ကျေးရွာ မီးလောင်နေသည်ကို ၂၀၂၂ ခုနှစ် ဧပြီလ ၆ ရက်နေ့က တွေ့ရစဉ် (Photo: CJ)

ဒီ့အပြင်သူတို့နေထိုင်တဲ့ မကွေးတိုင်းဟာ အာဏာသိမ်း စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ကာကွယ်ရေးတပ်တွေအကြား တိုက်ပွဲအများဆုံးဖြစ်ရာ နေရာတွေထဲကတစ်ခုမို့ သွေးထွက် သံယိုဒဏ်ရာရတဲ့ ကာကွယ်ရေးတပ်သားတွေကိုလည်း သူတို့ မြင်တွေ့နေကြရပါတယ်။ အဲဒီမြင်ကွင်းတွေဟာ သူတို့နဲ့အလှမ်းဝေးနေတဲ့ပညာရေး အကြောင်းကို ပြန်တွေးမိစေ ပြန်ပါတယ်။

“ကျောင်းမတက်ရတာလည်း နှစ်နှစ်ရှိပါပြီ။ စာမတတ်မှာလည်း ကြောက်ပါတယ်။ ပထမနှစ်ကလည်း ကိုဗစ်ကြောင့် ကျောင်းပိတ်လိုက်ရပါတယ်။ ဒုတိယနှစ်ကျတော့ လည်း စစ်သားတွေကြောင့် တောထဲကို အကြိမ်ကြိမ်အခါခါ ပြေးနေရပါတယ်။ သမီး ဆရာဝန်ဖြစ်ချင်တယ်။ ဆရာဝန်ဖြစ်ခါကျရင် ဒီလူတွေကို ကုသချင်ပါတယ်”

၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွင်း မြန်မာတစ်နိုင်ငံလုံးမှာ အခြေခံပညာအဆင့် ကျောင်း သားပေါင်း ၉ သန်းခွဲ ကျောင်းတက်ခဲ့တယ်လို့ ပညာရေးဝန်ကြီးဌာနရဲ့ စာရင်းမှာ ဖော်ပြ ထားပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ၂၀၂၀ ခုနှစ်ကတည်း က ကိုဗစ်ကပ်ရောဂါကြောင့် ပိတ်ထားတဲ့ကျောင်းတွေကို စစ်ကောင်စီက နိုဝင်ဘာလမှာ ပြန်ဖွင့်ဖို့ အမိန့်ထုတ်ပြန်ပါတယ်။ အဲဒီအမိန့်ကြောင့် ကျောင်းပြန်တက်သူ ကျောင်းသား ပေါင်းက တစ်နိုင်ငံလုံးမှာ ၉ သိန်းဝန်းကျင်ပဲရှိတဲ့အတွက် အခြေခံပညာ ကျောင်းသားပေါင်း ရဲ့ ၁၀ ရာခိုင်နှုန်းပဲ ကျောင်းပြန်တက်တာဖြစ်ပါတယ်။

ကျောင်းပြန်မတက်တဲ့ နိုင်ငံတစ်ဝန်းက ကျောင်းသား ၉၀ ရာခိုင်နှုန်းဟာ ဘယ်အချိန်မှာ ထိုက်သင့်စံချိန်မှီတဲ့ ပညာရေးကိုပြန်ရမယ်ဆိုတာ မပြောနိုင်သေးသလို စစ်ကောင်စီ တပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ တိုက်ပွဲဖြစ်နေတဲ့ ဒေသတွေက ကလေးတွေက တော့ ပြန်တက်စရာ ကျောင်းလည်းမရှိ၊ နေစရာအိမ်လည်း မရှိကြတော့ပါဘူး။ ဒါကြောင့် သူ့ပတ်ဝန်းကျင်ကလူတွေကို ဆေးကုပေးချင်တဲ့ မနီကလေးရဲ့ ဆရာဝန်ဖြစ်ချင်တဲ့ ရည်မှန်း ချက်ဟာလည်း လောလောဆယ်တော့ အိပ်မက်သက်သက်အဖြစ်သာ သတ်မှတ်ရမှာဖြစ် နေပါတော့တယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။