တိုက်ပွဲတွေကြောင့် မီဇိုရမ်ဘက်ထွက်ပြေးတဲ့ ဒုက္ခသည် တိုးလာ
မြန်မာ-အိန္ဒိယနယ်စပ်က မီဇိုရမ်ပြည်နယ်ကို နောက်ထပ် ထွက်ပြေးရောက်ရှိနေတဲ့ စစ်ဘေးဒုက္ခသည်တွေဟာ ချင်းပြည်နယ် ပလက်ဝ၊ မတူပီ၊ ဖလမ်းနဲ့ စစ်ကိုင်းတိုင်း ကလေးမြို့နယ်တွေက ဖြစ်ပါတယ်။ အဲဒီဒုက္ခသည်တွေဟာ ပြည်နယ်အတွင်း ဩဇာရှိတဲ့ လူငယ်အဖွဲ့တစ်ခုဖြစ်တဲ့ Young Mizo Association (YMA) ဆီ စာရင်းပေးပြီးမှ ဒုက္ခသည်အဖြစ် နေထိုင်ခိုလှုံခွင့်ရတယ်လို့ စစ်ဘေးဒုက္ခသည်အရေး ကူညီသူတွေက ပြောပါတယ်။
ထပ်တိုးတဲ့ ဒုက္ခသည်တွေဟာ ကလေးမြို့နယ်က ဒုက္ခသည်တွေ ပိုများတယ်လို့ ချင်းရေးရာအဖွဲ့ချုပ်ရဲ့ လက်ထောက်ညွှန်ကြားရေးမှူး ဆလိုင်းဗန်ဆွီးစံ က ပြောပါတယ်။
"၂၀၂၄ နောက်ပိုင်းမှာ တိုးလာတာက YMA ရဲ့ စာရင်းအရဆိုရင် ၁၅၀၀ လောက် ထပ်တိုးတယ်လို့ ကျွန်တော်တို့သိရတယ်။ အများစုကတော့ ကလေးနယ်ဘက်ကနေ ထွက်ပြေးလာတဲ့သူတွေ ဖြစ်တယ်။ ပြီးလို့ရှိရင် တချို့ကကျတော့ ပလက်ဝဘက်၊ မတူပီဘက် အခုနောက်ပိုင်းဆိုလိုရှိရင် ဒီ ဖလမ်းဘက်က လူတွေ တော်တော်များများလည်း မီဇိုရမ်ဘက်ကိုလာပြီးတော့ ထွက်ပြေးတိမ်ရှောင်လာတာ ကျွန်တော်တို့ တွေ့ရပါတယ်"
မီဇိုရမ်ပြည်နယ်မှာ မြန်မာဘက်က စစ်ဘေးဒုက္ခသည် အနည်းစုသာ အိမ်ငှားနေထိုင်ကြပြီး အများစုကတော့ ကျေးရွာတွေဘက်က ဒုက္ခသည်စခန်းတွေမှာ နေထိုင်ကြရတယ်လို့ ဆိုပါတယ်။ YMA က သတ်မှတ်တဲ့နေရာတွေမှာပဲ တဲဆောက်ပြီး နေထိုင်ကြတဲ့ ဒုက္ခသည်စခန်း တစ်ရာကျော် ရှိနေတယ်လို့ အကူအညီပေးသူတွေက ပြောပါတယ်။
မီဇိုရမ်ပြည်နယ်ကို ဇူလိုင် လကုန်ပိုင်းက မြန်မာဒုက္ခသည် ၁၅၀၀ ကျော် တိမ်းရှောင်လာတယ်လို့ The Statesman သတင်းက ဇူလိုင်လ ၂၇ ရက်နေ့မှာ ဖော်ပြပါတယ်။
တိုက်ပွဲဖြစ်တော့မယ်ဆိုတဲ့ သတင်းတွေကြောင့် ဖလမ်းမြို့က ဒေသခံတွေဟာ ဇူလိုင်လ နောက်ဆုံးပတ်ကစပြီး မြို့ကိုစွန့်ခွာခဲ့ကြတာဖြစ်တယ်လို့ မီဇိုရမ်ပြည်နယ်မှာ ထွက်ပြေးခိုလှုံနေသူ ဖလမ်းမြို့ခံတစ်ဦးက ပြောပါတယ်။
"အခုမြို့ထဲမှာတော့ တစ်ဝက်ကျော်ကျော်တော့ ထွက်သွားပြီပေါ့။ တချို့တလေကျတော့လည်း အိန္ဒိယပြည်အထိ ရောက်တယ်။ ကလေး၊ ဟားခါး၊ ရန်ကုန် စသဖြင့်ပေါ့၊ ကိုယ့်ရဲ့တတ်နိုင်တဲ့အနေအထားအလျောက် ဖြစ်သလိုနည်းနဲ့ တော်တော်များများတော့ ရှောင်ကုန်ပြီ။ အရင်ကတည်းက မီဇိုရမ်ထဲမှာပြေးထားတဲ့ဟာရှိတာကို၊ အမျိုးတွေရှိနေတော့ အမျိုးတွေရှိရာကို အားကိုးတဲ့သဘောနဲ့ သွားနေတဲ့ အိန္ဒိယဘက်ကို သွားတဲ့သူရှိပါတယ်"
ဆက်နွှယ်သောသတင်းများ
စားနပ်ရိက္ခာနဲ့ ဆေးဝါးပြတ်လပ်မှုကြောင့် ပလက်၀နဲ့ ဆမီးမြို့ခံတွေ မြို့ကိုစွန့်ခွာ
တိုက်ပွဲတွေကြောင့် မြန်မာ ၁၅၀၀ ကျော် အိန္ဒိယကို ထွက်ပြေးခိုလှုံ
ဖလမ်းမြို့သိမ်းတိုက်ပွဲသတင်းကြောင့် ဒေသခံငါးထောင်ကျော် နေရပ်စွန့်ခွာ
ကန့်သတ်ပိတ်ဆို့မှုတွေကြောင့် ချင်းစစ်ဘေးဒုက္ခသည်တွေ ခက်ခဲနေ
ထပ်တိုးလာတဲ့ ဒုက္ခသည်တွေအတွက် အထောက်အပံ့တွေ လိုအပ်နေပေမဲ့ အကူအညီတွေ မရှိသလောက်နည်းသွားတယ်လို့ မြန်မာဒုက္ခသည်တွေက ပြောပါတယ်။
အကူအညီတွေ မရတဲ့အပြင် ၀င်ငွေမရှိလို့ ဆန်ပြုတ်သောက်နေရတဲ့ မိသားစု၀င်တွေလည်းရှိနေတယ်လို့ ပလက်ဝကနေ မီဇိုရမ်မှာ ခိုလှုံနေတဲ့ မြန်မာစစ်ဘေးဒုက္ခသည်တစ်ဦးက ပြောပါတယ်။
"အိမ်ငှားပြီးနေနိုင်တာတော့ မရှိဘူးပေါ့နော်၊ အနည်းစုလေးကပဲရှိတယ်။ အရင်ကရှိတဲ့ စစ်ရှောင်တွေရဲ့စခန်းတွေမှာပဲ အခြေခံပြီးတော့မှ ကျွန်တော်တို့က ပြန်ချိတ်ဆက်ပြီးမှဝင်တဲ့လူဖြစ်တော့ တစ်ယောက်နဲ့တစ်ယောက် ရှိတာလေးကိုမျှပြီးမှ နေထိုင်စားသောက်ရတဲ့အနေအထား ဖြစ်တယ်။ မိုးတွင်းဆိုတော့ ပိုဆိုးတယ်။ စားဝတ်နေရေးအတွက် အဆင်မပြေလို့ မိသားစုတွေ ဆန်ပြုတ်ပဲသောက်ရတဲ့ အနေအထားမှာ ရှိတယ်"
အလုပ်အကိုင်ရှားပါးတာကြောင့် ဒုက္ခသည်တွေဟာ ဒေသအာဏာပိုင်တွေနဲ့ ဒေသခံတွေရဲ့ ခွင့်ပြုချက်ယူပြီး တောင်ယာစိုက်ပျိုးနေကြရသူတွေ ရှိတယ်လို့လည်း ဆိုပါတယ်။
"စားဝတ်နေရေးအတွက် အဆင်မပြေလို့ မိသားစုတွေ ဆန်ပြုတ်ပဲသောက်ရတဲ့ အနေအထားမှာ ရှိတယ်"
မီဇိုရမ်ပြည်နယ်က မြန်မာဒုက္ခသည်တွေအရေးနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံက အိန္ဒိယသံရုံးနဲ့ နယူးဒေလီက မြန်မာသံရုံးတို့ကို RFA က အီးမေးလ်ပို့ မေးမြန်းထားပေမဲ့ ပြန်လည်ဖြေကြားတာ မရှိသေးပါဘူး။
မြန်မာပြည်က UNHCR ရုံးကို အီးမေးလ်ကတစ်ဆင့် မေးမြန်းရာမှာတော့ မီဇိုရမ်ရောက် မြန်မာဒုက္ခသည်တွေအရေးနဲ့ ပတ်သက်ရင် အိန္ဒိယမှာရှိတဲ့ UNHCR ရုံးကိုသာ တိုက်ရိုက်ဆက်သွယ်မေးမြန်းဖို့ အကြောင်းပြန်ပါတယ်။ အိန္ဒိယနိုင်ငံက UNHCR ရုံးကိုလည်း အီးမေးလ်ပို့ပြီး မေးမြန်းထားပေမဲ့ အကြောင်းမပြန်သေးပါဘူး။
အိန္ဒိယနိုင်ငံ UNHCR ရုံးဝဘ်ဆိုက်မှာတော့ ၂ဝ၂၂ ခုနှစ် ဇန်နဝါရီလကုန်အထိ စာရင်းတွေအရ ဒုက္ခသည်အဖြစ် မှတ်ပုံတင်ထားသူ ၄၆,၀၀၀ ကျော် ရှိပြီး အများစုက မြန်မာနဲ့ အာဖဂန်နစ္စတန်တို့က ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ချင်းအရပ်ဘက်အဖွဲ့အစည်းတွေ စာရင်းအရ စစ်တပ်အာဏာသိမ်းပြီးနောက် ချင်းပြည်နယ်မှာ ပြည်နယ် လူဦးရေရဲ့ တစ်၀က်ဖြစ်တဲ့ နှစ်သိန်းခွဲခန့် စစ်ဘေးတိမ်းရှောင်နေရပြီး အဲဒီထဲမှာ မီဇိုရမ်ပြည်နယ်ကို ထွက်ပြေးခိုလှုံနေသူ ခုနစ်သောင်း၀န်းကျင် ရှိနေပြီဖြစ်ပါတယ်။