ချင်းပြည်နယ်က ကလေးငယ်တွေ လေကြောင်းအန္တရာယ်ကြား စာသင်နေရ

RFA Burmese
2023.08.24
ချင်းပြည်နယ်က ကလေးငယ်တွေ လေကြောင်းအန္တရာယ်ကြား စာသင်နေရ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ရှိ စာသင်ကျောင်းတစ်ကျောင်းအား ၂၀၂၃ ခုနှစ် ဇွန်လ ၂၃ ရက်နေ့က တွေ့ရစဉ်။
Paletwa Township Education Board

စစ်တပ်အာဏာသိမ်းပြီးနောက် ချင်းပြည်နယ်က ကလေးတွေ ပညာရေးအတွက် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နယ်မြေနဲ့ကျေးရွာတွေမှာ ကိုယ်ထူကိုယ်ထ စာသင်ကျောင်းတွေဖွင့်ပြီး ကလေးတွေကို စာသင်ပေးနေတာ နှစ်နှစ်ကျော်နေပါပြီ။

လက်ရှိ စာသင်ကျောင်းပေါင်း ကိုးဆယ်ရာခိုင်နှုန်းခန့် ဖွင့်ထားနိုင်ပေမယ့် ကျောင်းအရေအတွက် အတိအကျကိုတော့ စာရင်းကောက်နေဆဲ ဖြစ်တယ်လို့ ချင်းပြည်နယ် ပညာရေးဘုတ်အဖွဲ့က ပြောပါတယ်။

စစ်ကောင်စီဟာ ဒီနှစ်ဆန်းလောက်ကစပြီး လေကြောင်းသုံးတိုက်ခိုက်တာတွေ ပိုများလာတဲ့အတွက် စာသင်နေတဲ့ကလေးတွေ ထိခိုက်မှာ စိုးရိမ်နေရတယ်လို့ ဒေသခံတွေကပြောပါတယ်။

လေယာဉ်က ဘယ်အချိန်လာမယ်ဆိုတာ မသိရသလို မထင်မှတ်တဲ့အချိန်မှာ လေယာဉ်တွေ လာတတ်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကျောင်းအုပ်ဆရာကြီးက RFA ကို ပြောပါတယ်။

“ကျီးလန့်စာ စားနေရသလိုပဲ ဂျက်ဖိုက်တာတွေ ကျွန်တော်တို့ အပေါ်မှာ ပျံနေကြတာပဲ။ ဂျက်ဖိုက်တာတွေ ဘယ်တော့ ပြန်လာမလဲဆိုတာမသိ။ မမျှော်လင့်တဲ့ အချိန်မှာ ပျံသန်းလာတာမျိုး၊ မထင်မှတ်တဲ့အချိန်မှာ လေယာဉ်တွေ ဝဲလာတတ်တယ်။”

ချင်းပြည်နယ်မြို့ပေါ်က စာသင်ကျောင်းတချို့ကို စစ်ကောင်စီဖွင့်လှစ်နိုင်ပေမယ့် ကျေးရွာတွေမှာတော့ ကျောင်းတွေ မဖွင့်နိုင်ပါဘူး။

ချင်းလူ့အခွင့်အရေးအဖွဲ့ စာရင်းအရ ချင်းပြည်နယ်တစ်ခုလုံးမှာ ကျောင်းစုစုပေါင်း ၁၄ ကျောင်းရှိတဲ့အနက် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီအနေနဲ့ သူတို့စိုးမိုးထားတဲ့ မြို့ပေါ်တွေမှာပဲ ကျောင်းဖွင့်လို့ရပါတယ်။

ဒါ့အပြင် စစ်ကောင်စီဖွင့်ထားတဲ့ ကျောင်းတွေမှာလည်း CDM အကြမ်းမဖက် အာဏာရှင်ဖီဆန်ရေး လှုပ်ရှားမှုမှာ ပါဝင်တဲ့ ကျောင်းဆရာမတွေ ဆရာတွေများတာကြောင့် စာသင်ပေးမယ့် ဆရာအင်အား မလုံလောက်ဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ကျောင်းဖွင့်တဲ့ရွာတွေကို စစ်ကောင်စီက လေကြောင်းနဲ့ဗုံးကြဲတာအပြင် မြေပြင်မှာ ထိုးစစ်ဆင်နေတာကြောင့် ကိုယ်ထူကိုယ်ထ ကျောင်းဖွင့်လှစ်နိုင်တယ်ဆိုတာကို အများသိအောင် ထုတ်ဖော်မပြောရဲဘဲ သိုသိုသိပ်သိပ် လုပ်ဆောင်နေရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကျောင်းဆရာတစ်ဦးက ပြောပါတယ်။

“လေကြောင်းဒဏ်လည်း ကြောက်ရတယ်။ ထိုးစစ်ဆင်မှာကိုလည်း ကြောက်ရတယ်။ ပြီးတော့ တစ်ခုက အဖွဲ့အစည်းတွေပေါ့ စေတနာရှင်တွေက သူတို့က ကျွန်တော်တို့ကို လှူတဲ့ပစ္စည်းတွေကို စကစတွေက လမ်းကနေ သိမ်းတာတွေလည်း ရှိတာလေ။ ကူညီထောက်ပံ့ရေးမှာလည်း အနှောင့်အယှက်ဖြစ်တယ်။ အဲဒါကြောင့် ကျောင်းဖွင့်တာတောင် သိုသိုသိပ်သိပ်လုပ်နေရတယ်”

ချင်းပြည်နယ် တစ်ခုလုံးမှာ ဒေသကာကွယ်ရေးအဖွဲ့တွေရဲ့ ထိန်းချုပ်မှုအောက်မှာ ဖွင့်လှစ်ထားတဲ့ စာသင်ကျောင်းတွေမှာ မူလတန်းအဆင့်ကနေ အထက်တန်းအဆင့်အထိ ပညာသင်ယူနေတဲ့ ကျောင်းသား ကျောင်းသူ ငါးသောင်းကျော်ရှိတယ်လို့ ပညာရေးပိုင်း တာဝန်ရှိသူတွေက ပြောပါတယ်။

"တောင်ယာတဲတွေမှာ စာသင်တယ်။ တချို့တွေက နေအိမ်တွေမှာ"

မင်းတပ်မြို့နယ်မှာတော့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်ပြီး ရွာတိုင်းနီးပါးကို ကျောင်းဖွင့်ထားတယ်လို့ ဆိုပါတယ်။ လက်ရှိ မင်းတပ်မြို့မှာ ဖွင့်ထားနိုင်တဲ့ကျောင်းပေါင်း ၁၈၀ ရှိတယ်လို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းရန်ကြောင့် စာသင်တဲ့အခါ လူစုလူဝေးမဖြစ်အောင် လူခွဲ၊ နေရာခွဲပြီး သင်နေရတယ်လို့ မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုယောမန်က RFA ကိုပြောပါတယ်။

“တောင်ယာတဲတွေမှာ စာသင်တယ်။ တချို့တွေက နေအိမ်တွေမှာ တချို့ဘုန်းကြီးကျောင်း၊ ဘုရားကျောင်း တချို့ နေအိမ်တွေမှာ တစ်ရွာလုံးအနှံ့မှာ နေရာခွဲပြီးတော့ စာသင်နေကြတဲ့ပုံစံတော့ လုပ်နေရတယ်”

ပြီးခဲ့တဲ့ ဧပြီ ၂၇ ရက်နေ့မှာ ကျောင်းဖွင့်ဖို့ ပြင်ဆင်နေတဲ့အချိန် တလန်လိုရွာကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်တာကြောင့် CDM ကျောင်းဆရာမ ဒေါ်နီဒိမ် သေဆုံးခဲ့ရပါတယ်။

ချင်းပြည်နယ် ထန်တလန်မြို့နယ်မှ ကိုယ်ထူကိုယ်ထ စာသင်ဆောင်မှာ စာသင်ကြားနေကြသည့် ကလေးငယ်များကို ၂၀၂၂ ခုနှစ် ဧပြီလ ၂ ရက်နေ့က တွေ့ရစဉ်၊ (Photo: Citizen Journalist)
ချင်းပြည်နယ် ထန်တလန်မြို့နယ်မှ ကိုယ်ထူကိုယ်ထ စာသင်ဆောင်မှာ စာသင်ကြားနေကြသည့် ကလေးငယ်များကို ၂၀၂၂ ခုနှစ် ဧပြီလ ၂ ရက်နေ့က တွေ့ရစဉ်၊ (Photo: Citizen Journalist)

ချင်းလူ့အခွင့်အရေးအဖွဲ့ စာရင်းအရ အာဏာသိမ်းပြီးနောက်ပိုင်း ချင်းပြည်နယ်မှာ စစ်ကောင်စီတပ် လေကြောင်း တိုက်ခိုက်မူကြောင့် ထိခိုက်ပျက်စီးခဲ့တဲ့ စာသင်ကျောင်းနဲ့ ကျောင်းဝန်းထဲက အဆောက်အအုံ သုံးဆယ်နီးပါး ရှိပါတယ်။

ချင်းနိုင်ငံရေးလေ့လာသူ ဆလိုင်းဒိုခါရ်က တော်လှန်ရေးအင်အားစုတွေအပေါ် ပြည်သူတွေ အားကိုးတာကို စစ်ကောင်စီက မလိုလားလို့ စာသင်ကျောင်းတွေနဲ့ ဆေးရုံတွေကို တိုက်ခိုက်တာလို့ သုံးသပ်ပါတယ်။

“ချင်းပြည်နယ်မှာ ကြည့်မယ်ဆိုရင် တော်လှန်ရေး အင်အားစုကနေ ပြည်သူ ဝန်ဆောင်မှု အပါအဝင် ပြည်သူ့ ဝန်ဆောင်မှု ပေးတဲ့ဟာတွေ စကစထက် နေရာပိုကျယ်ပြန့်သလို ပိုမိုပြီးတော့ ပြည်သူတွေကလည်း တော်လှန်ရေး အင်အားစုတွေရဲ့ ဝန်ဆောင်မှုတွေကို မှီခိုနေတဲ့ အနေအထားဖြစ်တာမလို့ တော်လှန်ရေးရလဒ်ကို ဖျက်ဆီးလိုတဲ့ ဆန္ဒနဲ့ ရည်ရွယ်ချက်ကြောင့် စကစဘက်ကနေ ပညာရေးကျောင်းတွေ အပါအဝင်ဆေးရုံတွေကို လာတိုက်ခိုက်တာဖြစ်တယ်လို့ ပြောချင်ပါတယ်။”

စာသင်ကျောင်းတွေကို စစ်ကောင်စီက လေကြောင်းသုံး တိုက်ခိုက်တာနဲ့ ပတ်သက်ပြီး ချင်းပြည်နယ် စစ်ကောင်စီ ပြောခွင့်ရ ဦးသန့်ဇင်ကို RFA က ဖုန်းနဲ့ဆက်သွယ်ထားပေမယ့် ဖုန်းမဖြေပါဘူး။

RFA က ပြုစုထားတဲ့စာရင်းအရ အာဏာသိမ်းပြီးတဲ့နောက် ချင်းပြည်နယ်မှာ စစ်ကောင်စီရဲ့ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် အရပ်သား သေဆုံးသူ ၃၅ ဦးအထိ ရှိလာပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။