ချင်းပြည်နယ်မှာ ကိုယ်၀န်ဆောင်မိခင်နဲ့ မွေးကင်းစကလေး သေဆုံးမှု များနေ
2024.09.06
လမ်းပန်းဆက်သွယ်ရေး ခက်ခဲပြီး ဝေးလံခေါင်ဖျားတဲ့ ချင်းပြည်နယ်မှာ အာဏာသိမ်းပြီးနောက် ကျန်းမာရေးစောင့်ရှောက်မှု အားနည်းလာချိန်မှာ ကိုယ်၀န်ဆောင် မိခင်နဲ့ မွေးကင်းစ ကလေးငယ်တွေ သေဆုံးတာ များလာတယ်လို့ အကူအညီပေးသူတွေနဲ့ ဒေသခံတွေက ပြောပါတယ်။
ဆေးဝါးတွေ သယ်ယူခွင့် ကန့်သတ်ခံထားရတာ၊ ကျန်းမာရေး၀န်ထမ်း မလုံလောက်တာတွေကြောင့် ချင်းပြည်နယ်က ဒေသခံတွေ ကျန်းမာရေးပြဿနာတွေ ရင်ဆိုင်နေရတာဖြစ်ပါတယ်။
"ဆေးဝါးကတော့ ကျွန်တော်တို့ မလုံလောက်ဘူး၊ အဓိက ကျွန်တော်တို့ ဆေးတွေ အဖမ်းခံရတဲ့ ပြဿနာလည်း ရှိခဲ့တယ်။ အလှူရှင်ရှိတောင် ဆေးတွေ ၀ယ်လို့မရတဲ့ အခြေအနေမျိုး ရှိခဲ့တယ်"
ဩဂုတ် ၂၇ ရက်နေ့မှာပဲ ထန်တလန်မြို့နယ်မှာ စစ်ဘေးဒုက္ခသည် အမျိုးသမီးတစ်ဦး မီးဖွားရင်း အသက်ဆုံးရှုံးခဲ့ပါတယ်။ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာကြောင့် မြို့ပေါ် ဆေးရုံမသွားနိုင်ဘဲ အရပ်လက်သည်နဲ့ ကလေးမွေးဖွားရာကနေ မိခင် ဆုံးပါးသွားတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
"သူကလေ ကလေးမွေးတာ၊ ကလေးတော့ မွေးပြီးပြီ၊ ဒါပေမဲ့ အချင်းမထွက်နိုင်တာက တစ်နာရီလောက် ကြာတယ်။ မထွက်နိုင်လို့ နောက်ဆုံးမှ ဆေးရုံသွားတာ။ ဆေးရုံမရောက်ဘူး၊ လမ်းမှာပဲ ဆုံးသွားတာ။ ကလေး ကတော့ ကျန်းမာတယ်၊ အခုထိတော့ ကျန်းမာနေတုန်းပဲ။ လုံလဲရ်မှာ ဆရာ၀န်တွေက ရှိတော့ ရှိတယ်။ ဒီမှာ ပုံမှန်မနေကြဘူးလေ။ တစ်ခါတလေတော့ သူတို့ ရွာပြန်တယ်၊ အဲဒီလိုမျိုးတော့ ရှိတယ်။ အာဏာမသိမ်းခင်ဆို ကလေးမွေးရင် မြို့ပေါ်တက်သွားကြတာလေ၊ ရွာဆိုတော့ အဆင်သိပ်မပြေဘူး။ ထန်တလန်မှာတော့ မြို့ပေါ်တက်ပြီး ကလေးမွေးကြတာ၊ အခုချိန်မှာဆို အဲဒီတက်မဲ့မြို့လည်း မရှိတော့ဘူးလေ"
ကွယ်လွန်သူ အမျိုးသမီးဟာ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါ၀င်ထားတဲ့ ကျောင်းဆရာမတစ်ဦးဖြစ်ပြီး ထန်တလန်မြို့နယ်ကနေ လုံလဲရ်ကျေးရွာကို တိမ်းရှောင်နေသူ ဖြစ်ပါတယ်။
ဆက်နွှယ်သောသတင်းများ
ချင်းပြည်နယ်ကို စားနပ်ရိက္ခာသယ်ခွင့် စစ်ကောင်စီကန့်သတ်
ကလေး သုံးသန်းနီးပါး ပုံမှန်ကာကွယ်ဆေး ထိုးခွင့်ဆုံးရှုံးနေ
စစ်ဘေးဒုက္ခသည်တွေ ဆေးဝါးပြတ်လပ်မှုဒဏ် ဆိုးရွားစွာ ရင်ဆိုင်နေရ
အာဏာသိမ်းပြီးနောက်ပိုင်း ထန်တလန်၊ မတူပီ၊ မင်းတပ်၊ ကန်ပက်လက်၊ ပလက်၀မြို့နယ်တွေမှာ ကလေးမွေးဖွားစဥ် မိခင်နဲ့ မွေးကင်းစ ကလေးသေဆုံးတာ၊ ကိုယ်၀န်ပျက်ကျတာတွေ ပိုပြီး များလာတယ်လို့ ကျန်းမာရေးစောင့်ရှောက်မှု အကူအညီပေးနေသူတွေက ပြောပါတယ်။ သေဆုံးတဲ့ အရေအတွက်အားလုံး အတိအကျရဖို့ ခက်ခဲနေပါတယ်။
မင်းတပ်မြို့နယ်ရဲ့ ကျန်းမာရေးတာ၀န်ခံတစ်ဦး ပြောပြချက်အရ သုံးနှစ်ကျော်အတွင်း မင်းတပ်မှာ မိခင်နဲ့ မွေးကင်းစ ကလေး ၂၂ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။
"ကိုယ်၀န်ဆောင် မိခင်ပဲ ဖြစ်ဖြစ်၊ မီးဖွားစဉ်ပဲဖြစ်ဖြစ်၊ ကိုယ်၀န်ဆောင်နေတဲ့အချိန်မှာပဲ ဖြစ်ဖြစ် သေဆုံးတဲ့ စာရင်းကတော့ ၁၂ ဦးအထိ ကျွန်တော်တို့ ကောက်ခံရရှိထားတယ်။ အဲဒီထက်တော့ များမယ်ပေါ့နော်။ ဖုန်းနဲ့ ဆက်သွယ်လာတယ်၊ ဆေးရုံကို လာနေတဲ့လမ်းမှာ မိခင်က သေဆုံးသွားပြီး နေရပ်ကို ပြန်ခေါ်သွားရတဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့ဖူးတယ်ဆိုတော့ အဲဒီထက်တော့ ပိုများမယ်ခင်ဗျ။ ကလေးအနေနဲ့ ပြောရမယ်ဆိုရင် စာရင်း အတိအကျကောက်ထားဟာက အနည်းဆုံး ဆယ်ဦးထက်မကပေါ့နော်"
စစ်တပ်ကို ခုခံတော်လှန်မှုအားကောင်းတဲ့ ချင်းပြည်နယ်ထဲကို စစ်ကောင်စီက ၂၀၂၁ ခုနှစ် နောက်ပိုင်းကစပြီး ဆေးဝါးသယ်ယူခွင့် ကန့်သတ်ခဲ့တာပါ။ ဆေးဝါးသယ်ယူခွင့် ကန့်သတ်ခံရတာအပြင် လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေကြောင့်လည်း သေဆုံးသူ များလာတာလို့ မင်းတပ်မြို့မှာ ကျန်းမာရေးပိုင်းဆိုင်ရာ အကူအညီပေးနေသူတစ်ဦးက ပြောပါတယ်။
"လမ်းပန်းဆက်သွယ်ရေးကောင်းတဲ့ မြို့ချင်းဆက်လမ်း၊ ကတ္တရာလမ်းတွေကို သုံးရမဲ့အစား ကျွန်တော်တို့ တောင်ယာလမ်းတွေကနေ ခြေကျင်ထမ်းခေါ်ရတာတွေတို့၊ မွေးလူနာက မွေးဖွားဖို့ ဗိုက်နာလာတဲ့ အချိန်ကနေ ဆေးရုံ၊ ဆေးခန်းရောက်ဖို့ ပုံမှန်အားဖြင့် ပိုကြာသွားတတ်တာပေါ့နော်။ အာဏာမသိမ်းခင်ကနဲ့ အာဏာသိမ်းပြီး ကာလမှာ သေဆုံးနှုန်းတွေ ကျန်းမာရေးစောင့်ရှောက်မှု မရတာတွေက ပိုပြီးများမှာပါ။ ဆေးဝါးကတော့ ကျွန်တော်တို့ မလုံလောက်ဘူး၊ အဓိက ကျွန်တော်တို့ ဆေးတွေ အဖမ်းခံရတဲ့ ပြဿနာလည်း ရှိခဲ့တယ်။ အလှူရှင်ရှိတောင် ဆေးတွေ ၀ယ်လို့မရတဲ့ အခြေအနေမျိုး ရှိခဲ့တယ်။ ဆေးဝါးလုံလောက်မှုက မရှိဘူး"
ချင်းဒေသခံတွေဟာ ဆေးဝါးမလုံလောက်တာ၊ လမ်းပန်းဆက်သွယ်ရေးခက်ခဲတာတွေအပြင် ကျန်းမာရေးဝန်ထမ်းအင်အား မလုံလောက်တဲ့ အခက်အခဲကိုလည်း ရင်ဆိုင်နေရတာပါ။
ပြည်သူတွေကို ကျန်းမာရေးစောင့်ရှောက်ပေးနိုင်မဲ့ လူအင်အား လုံလောက်ဖို့ လိုအပ်တယ်လို့ ကန်ပက်လက်မြို့နယ် ကျန်းမာရေးတာဝန်ခံတစ်ဦးက ပြောပါတယ်။
"ဆေးဝါးနဲ့ လူအင်အားကတော့ လုံလုံလောက်လောက် မရှိဘူး။ ၀န်ထမ်းအင်အားကျတော့ ကျွန်တော် CDM တွေနဲ့ သွားတယ်။ ဒါပေမဲ့ တချို့ကျတော့ ပြန်မပါ၀င်နိုင်ဘူး၊ တချို့ကျတော့ CDMer တွေကျတော့။ ဘာလို့ဆို တချို့က မိသားစုနဲ့ ဖြစ်ကုန်တယ်၊ တချို့ကျ အဝေးရောက်ကုန်တယ်။ မြေပြင်မှာ တကယ်လှုပ်ရှားတဲ့သူတွေက နည်းတာပေါ့၊ လုံလောက်မှု မရှိဘူး။ ဖြစ်တဲ့ဟာနဲ့ ၀န်ထမ်းအင်အားနဲ့ နှိုင်းယှဉ်ကြည့်ရင် တော်တော် လိုနေသေးတယ်"
ကိုယ်၀န်ဆောင်ချိန်မှာ မဖြစ်မနေ သောက်သုံးဖို့လိုအပ်တဲ့ ဆေးဝါးတွေ လက်လှမ်းမမီနိုင်တာကြောင့် ကိုယ်၀န်ပျက်ကျတာ၊ လမစေ့ဘဲ ကလေးမွေးတာတွေလည်း အဖြစ်များလာတယ်လို့ ကျန်းမာရေးစောင့်ရှောက်မှု အကူအညီပေးနေသူတွေက ပြောပါတယ်။ ကိုယ်၀န်ဆောင်မိခင်နဲ့ ကလေးငယ်တွေအတွက် လိုအပ်တဲ့ ကာကွယ်ဆေးတွေဟာလည်း စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မြို့ပေါ်တွေမှာသာ ရရှိတာဖြစ်ပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ ချင်းပြည်နယ်ပြောခွင့်ရ ပြည်နယ်အတွင်းရေးမှူး ဦးအောင်ချိုကို RFA က ဆက်သွယ်မေးမြန်းထားပေမဲ့ ဖုန်းလက်ခံဖြေကြားတာမရှိပါဘူး။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်မှာတော့ မိခင်နဲ့ကလေး သေဆုံးမှုလျော့ချရေး အစီအစဉ်နဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကို တစ်ပြည်နယ်လုံး အတိုင်းအတာနဲ့ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ခဲ့ပေမဲ့ အခုတော့ ပုံမှန်ကျန်းမာရေးစောင့်ရှောက်မှု ရရှိဖို့တောင် ခက်ခဲနေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။