မဏိပူရ်အကျဉ်းထောင်တွေထဲက မြန်မာဒုက္ခသည် နှစ်ရာကျော် ပြန်မလွတ်သေး
2023.10.13
ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းရဲ့ နယ်စပ် အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ်ထဲမှာ လူဝင်မှုကြီးကြပ်ရေး ဥပဒေ ချိုးဖောက်တယ်ဆိုပြီး အဖမ်းခံထားရတဲ့ မြန်မာဒုက္ခသည် နှစ်ရာကျော် ပြန်မလွတ်သေးဘူးလို့ ဒုက္ခသည်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။ သူတို့ဟာ စစ်တပ်အာဏာသိမ်းပြီးတဲ့ နောက်ပိုင်းကစပြီး နှစ်နှစ်ကျော်အတွင်း အဖမ်းခံရတဲ့သူတွေဖြစ်ပါတယ်။
အင်ဖာအကျဉ်းထောင်ထဲမှာ လက်ရှိ မြန်မာနိုင်ငံသား ၅၅ ယောက်၊ လမ်ကား (Lam Kaa) အကျဉ်းထောင်မှာ ၁၅၀ ကျော်ရှိတယ်လို့ အကူtညီပေးနေသူတွေက ဆိုပါတယ်။ အဲဒီတစ်ရာ့ငါးဆယ်ကျော်ထဲမှာ ထောင်ထဲမှာမွေးတဲ့ ရက်သားနဲ့ လသားကလေးတွေ အပါအဝင် အသက် ၁၈ နှစ်အောက် ကလေး အယောက် ၃ဝ ကျော်နဲ့ အမျိုးသမီး ၄၈ ယောက်ပါတယ်လို့ မြန်မာစစ်ဘေးဒုက္ခသည်အရေး ဆောင်ရွက်ပေးတဲ့ ဦးထန်စိန်က ပြောပါတယ်။
“ထောင်ထဲမှာ အဆင်မပြေဘူးဗျ။ ရေတောင်မှ လောက်လောက်ငင မပေးနိုင်သေးဘူး။ ပြတ်တစ်လှည့် ရတစ်လှည့်ပဲ"
သူတို့အထဲက ဒုက္ခသည်အယောက် ၈၀ ဟာ မဏိပူရ်ပြည်နယ် အစိုးရရဲ့ တရားရုံးတွေကနေ ချထားတဲ့ပြစ်ဒဏ်တွေ ကုန်ဆုံးပြီဖြစ်ပေမယ့် အခုချိန်ထိ ပြန်မလွတ်သေးဘူးလို့ ပြောပါတယ်။
“တရားရုံးကြားနာစစ်ဆေး စီရင်ချက်ချပြီးသား ပြစ်ဒဏ်ပေးပြီးသား ယောကျ်ားလေး ၂၅ ယောက်၊ မိန်းကလေး ၅၅ ယောက် အားလုံးပေါင်း ၈၀ ဦးရှိတယ်။ ထောင်ဒဏ် ငါးလ၊ ငွေဒဏ် တစ်ထောင်ဆိုပြီးမှ ချမှတ်ပြီးသားဖြစ်တယ်။ အဲဒီ ထောင်ဒဏ် ငါးလ၊ ငွေဒဏ် တစ်ထောင်လည်း ကုန်ဆုံးပြီးသားဖြစ်တယ်။ ဒါပေမဲ့ မလွှတ်သေးဘဲ ချုပ်နှောင်ထားဆဲ ဖြစ်တယ်”
မြန်မာဒုက္ခသည်တချို့ဟာ ထောင်ကနေ အာမခံနဲ့ပြန်လွတ်ဖို့အတွက် အိန္ဒိယရှေ့နေတွေကို ရူပီးငွေ သုံးသိန်း၊ မြန်မာကျပ်ငွေအနေနဲ့ ၁၀၅ သိန်း ပေးကြရသလို ငွေကြေးမတတ်နိုင်တဲ့ ဒုက္ခသည်တွေကတော့ ပြည်နယ်အစိုးရက ပြန်လွှတ်မှာကိုပဲ မျှော်နေရတယ်လို့ အကူအညီပေးနေသူတွေက ဆိုပါတယ်။
၂၀၂၁ ခုနှစ်၊ မတ်လက လမ်ကား (Lam Kaa) အကျဉ်းထောင်ထဲမှာ မြန်မာဒုက္ခသည် အမျိုးသမီး နှစ်ယောက် သေဆုံးသွားခဲ့သလို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၂၅ ရက်နေ့က အသက် ၃၂ နှစ်အရွယ် ကိုလမ်းခိုချွန် အင်ဖာအကျဉ်းထောင်ထဲမှာ သေဆုံးခဲ့တယ်လို့ မြန်မာဒုက္ခသည်တွေက ပြောပါတယ်။
စက်တင်ဘာ ၂၇ ရက်ကတော့ အင်ဖာအကျဉ်းထောင်က မြန်မာဒုက္ခသည် နှစ်ယောက် အာမခံနဲ့ ပြန်လွတ်လာခဲ့ပါတယ်။ သူတို့ဟာ အကျဉ်းထောင်ထဲမှာ တစ်ပတ်မှ နှစ်ခါ ရေချိုးရသလို သမံတလင်းမှာ ဖျာတစ်ချပ်နဲ့ နေခဲ့ရပြီး လူမျိုးရေးခွဲခြားမှုတွေနဲ့လည်း ကြုံခဲ့ရတယ်လို့ ပြန်လွတ်လာတဲ့ ကိုစိုင်းလေးက RFA ကို ပြောပါတယ်။
“ထောင်ထဲမှာ အဆင်မပြေဘူးဗျ။ ရေတောင်မှ လောက်လောက်ငင မပေးနိုင်သေးဘူး။ ပြတ်တစ်လှည့် ရတစ်လှည့်ပဲ။ ရေချိုးရမယ်ဆိုရင်တောင်မှ တစ်ရက်ခြားတစ်ခါ၊ တစ်ပတ်မှ နှစ်ခါ အဲဒီလိုမျိုး။ သူတို့က လူမျိုးရေးခွဲခြားတာတွေလည်း အများကြီး၊ လူ့အခွင့်အရေးဆိုတာလည်း ဘာမှမရှိဘူးဗျ ထောင်ထဲမှာ။ အိပ်ရတဲ့နေရာလည်း သမံတလင်းပေါ်မှာ စောင်လေးတစ်ထည်နဲ့ ဖျာတစ်ချပ်ပဲ ပေးတယ်။ ကလေးတွေ ဆိုရင်လည်း လေးငါးခြောက်နှစ် ကလေးတွေရော၊ လသားကလေးတွေရော၊ ကျွန်တော်တို့ မလွတ်ခင်မှာ ကလေးနှစ်ယောက် မွေးတယ်။ ဗိုက်ကြီးသည် နှစ်ယောက်လေ ကလေးနှစ်ယောက် မွေးတယ်။ သူတို့ဆိုရင် အဆင်မပြေမှုတွေ အများကြီးပဲ။ သတင်းဆိုရင် အပြင်သတင်းရော၊ အတွင်းသတင်းရော ဘာမှမသိရဘူး။ အမှောင်ချထားတာ”
မဏိပူရ်ပြည်နယ်မှာ ကသည်းနဲ့ ကူကီးလူမျိုးတွေ ပဋိပက္ခဖြစ်နေပြီး၊ မြန်မာနိုင်ငံက ထွက်ပြေးလာတဲ့ သူတွေကြောင့် ဒီပြဿနာပိုဆိုးလာတယ်လို့ ပြည်နယ်အစိုးရ တာဝန်ရှိသူတွေက မကြာခဏ စွပ်စွဲနေပါတယ်။
မဏိပူရ်အစိုးရအနေနဲ့ မြန်မာဒုက္ခသည်တွေအပေါ် နိုင်ငံရေးအရ အသုံးချနေတာလို့ India For Myanmar အဖွဲ့ တည်ထောင်သူ ဆလိုင်းဒိုခါရ်က ပြောပါတယ်။
“ဆက်လက်ထိန်းထားတယ်ဆိုတာကလည်း စိုးရိမ်စရာ တစ်ခုရှိတာက ရက်အကန့်သတ် မရှိဘူး။ ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ခံရတဲ့ ပုံစံမျိုးဖြစ်နေတယ်။ သူတို့ရဲ့ အခြေအနေက တော်တော်လေးဆိုးတယ်။ အခုလောလောဆယ်က မလွတ်တဲ့အကြောင်းအရင်းကတော့ ပြည်နယ်အစိုးရရဲ့ လူသားမဆန်မှုတွေပါပဲ။ မီဇိုရမ် ပြည်နယ်မှာတော့ ခိုလှုံခွင့်ပေးနေတာလည်း အထင်အရှားရှိပါတယ်။ ဒီဟာကို မဏိပူရ်အစိုးရက၊ မဏိပူရ် ဝန်ကြီးချုပ်က ဒီဟာတွေကို အားလုံးကို သူတို့ နိုင်ငံရေးအရ အသုံးချနေတဲ့ပုံစံလို့ ကျွန်တော်တော့ မြင်ပါတယ်”
ဒုက္ခသည်တွေကို မြန်မာပြည်ဘက်ပြန်ပို့မယ်ဆိုရင်လည်း သူတို့အတွက် အန္တရာယ် များတယ်လို့ ဒုက္ခသည်အရေး ဆောင်ရွက်နေတဲ့ ဦးထန်စိန်က ပြောပါတယ်။
မြန်မာနိုင်ငံမှာ နိုင်ငံရေးအခြေအနေကြောင့် ခဏခိုလှုံနေတာဖြစ်ပြီး၊ မဏိပူရ်မှာ အခြေချနေထိုင်ချင်တဲ့ စိတ်ကူးမရှိဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြန်မာဒုက္ခသည်တစ်ဦးက ပြောပါတယ်။
“ကျွန်တော်တို့က ခိုးကြောင်ခိုးဝှက်နဲ့ မှောင်ခိုလုပ်ဖို့ ဝင်လာတာ မဟုတ်ဘူး။ စစ်တပ်က အာဏာသိမ်းလို့ ဖမ်းလို့ဆိုပြီးမှ ဝင်လာတယ်။ တိုက်ပွဲဖြစ်လို့ သေမှာကြောက်လို့ အသက်လုပြီးပြေးလာကြတဲ့ စစ်ဘေးရှောင်တွေ ဖြစ်တဲ့အတွက် ခဏသာ စစ်ဘေးရှောင် တာဖြစ်တယ်။ သူတို့ရဲ့ အိန္ဒိယ၊ မဏိပူရ်ဘက်မှာ ဘယ်သူမှ အတည်တကျ မနေချင်ပါဘူး။ တော်လှန်ရေး အောင်တဲ့တစ်နေ့၊ ဒီနေ့အောင်ရင် ဒီနေ့ ပြန်မှာဖြစ်တယ်။ သူတို့ နေခိုင်းရင်တောင် မနေဘူး။ ကိုယ့်မြေ၊ ကိုယ့်အိမ်ကို ပြန်မှာဖြစ်တယ်”
အိန္ဒိယနိုင်ငံရဲ့ လုပ်ရပ်ဟာ နိုင်ငံတကာ လူ့အခွင့်အရေး စံချိန်စံညွှန်းတွေနဲ့ မညီဘူးလို့ ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO ရဲ့ စီမံအရာရှိ ဆလိုင်း မန်ဟရဲလျန်က ပြောပါတယ်။
“ကျွန်တော်တို့ သိရသလောက်တော့ ဥပဒေအရ အကာအကွယ် ပြန်ပေးတာမျိုးတွေ လည်း မရှိဘူးပေါ့နော်။ နေရပ်ပြန်ခိုင်း နှင်တာတွေ လုပ်တယ်လို့ ကျွန်တော်တို့ သိရတယ်။ အစိုးရတစ်ရပ်အနေနဲ့ မလုပ်သင့်၊ မလုပ်ထိုက်တဲ့ လူသားချင်းစာနာ ထောက်ထားမှုအရ၊ နိုင်ငံတကာရဲ့ လူ့အခွင့်အရေး စံချိန်စံညွှန်းနဲ့ မညီဘူးလို့ ပြောလို့ရတယ်”
အဖမ်းခံထားရတဲ့ မြန်မာစစ်ဘေးဒုက္ခသည်တွေ အရေးနဲ့ပတ်သက်ပြီး အိန္ဒိယနိုင်ငံ နယူးဒေလီမှာရှိတဲ့ မြန်မာသံရုံး၊ ရန်ကုန်မြို့အခြေစိုက် အိန္ဒိယသံရုံးနဲ့ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့က ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR တို့ကို RFA က အီးမေးလ်ပို့ပြီး မေးမြန်းထားပေမယ့် အကြောင်းပြန်ကြားတာ မရှိသေးပါဘူး။
အိန္ဒိယနိုင်ငံအနေနဲ့ အိမ်နီးချင်းကောင်းပီပီ၊ ဒုက္ခသည်တွေကို ကူညီပေးဖို့ တောင်းဆိုတယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ NUG သမ္မတရုံး ပြောခွင့်ရ ဦးကျော်ဇော်က RFA ကို ပြောပါတယ်။
“မြန်မာနိုင်ငံ ပြင်ပကို ထွက်ပြေးရတဲ့ ဒုက္ခသည်တွေအတွက် အကူအညီတွေပေးဖို့ ကျွန်တော်တို့တွေ တစိုက်မတ်မတ် တောင်းဆိုနေပါတယ်။ NUG အစိုးရအနေနဲ့ အိန္ဒိယနိုင်ငံ အပါအဝင် အိမ်နီးချင်း နိုင်ငံအားလုံးအနေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့၊ အိမ်နီးချင်းကောင်း ပီသစွာနဲ့ အတူတကွလက်တွဲ ပြဿနာတွေ ဖြေရှင်းဖို့ ကမ်းလှမ်းပါတယ်။ အဆင်သင့်လည်းရှိနေတယ်လို့ ထပ်လောင်းပြောကြားလိုပါတယ်”
မဏိပူရ်ပြည်နယ်နဲ့ ကပ်နေတဲ့ မီဇိုရမ်ပြည်နယ်မှာတော့ မြန်မာနိုင်ငံက ဒုက္ခသည်တွေကို တရားဝင် နေထိုင်ခွင့်နဲ့ အသိမှတ်ပြုကတ်တွေ ထုတ်ပေးပြီး ကူညီထားပါတယ်။
ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းမှာ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် အိန္ဒိယနိုင်ငံ မီဇိုရမ်နဲ့ မဏိပူရ် ပြည်နယ်တွေကို ထွက်ပြေးရတဲ့သူ ခြောက်သောင်းနီးပါးရှိတယ်လို့ ချင်းအရပ်ဘက် အဖွဲ့အစည်းတွေက ပြောပါတယ်။ အဲဒီအထဲက ငါးထောင်ကျော်ဟာ မဏိပူရ်ပြည်နယ်မှာ ခိုလှုံနေကြရပါတယ်။