ကန့်သတ်ပိတ်ဆို့မှုတွေကြောင့် ချင်းစစ်ဘေးဒုက္ခသည်တွေ ခက်ခဲနေ
2024.07.25
စစ်ရေးပဋိပက္ခတွေကြောင့် ချင်းပြည်နယ်ရဲ့ လူဦးရေ တစ်ဝက်လောက်က စစ်ဘေးတိမ်းရှောင်နေရပြီး စစ်ကောင်စီရဲ့ လမ်းပန်းဆက်သွယ်ရေး ကန့်သတ်ချက်တွေကြောင့် စားနပ်ရိက္ခာနဲ့ ဆေးဝါးပြတ်လပ်မှုတွေကြုံနေရပြီလို့ ကူညီနေသူတွေက ပြောပါတယ်။
"မြို့ထဲမှာ စားရေး၊ သောက်ရေး ဆန်၀ယ်ဖို့လည်းမရှိ၊ သွားလာလှုပ်ရှားခွင့်လည်း မရတဲ့အခါမှာ နယ်တွေကို ထွက်ပြေးတယ်"
ပြည်မကနေ ချင်းပြည်နယ် မြောက်ပိုင်းကို ကုန်စည်တင်ပို့တဲ့ ကလေးမြို့ဂိတ်နဲ့ ချင်းပြည်နယ် တောင်ပိုင်းကို အဓိက ကုန်စည်တင်ပို့တဲ့ သရက်တောဂိတ်တွေကို စစ်ကောင်စီတပ်တွေက ပိတ်ဆို့ကန့်သတ်ထားတာပါ။
မတူပီမြို့နယ် စစ်ဘေးဒုက္ခသည် ကူညီရေးအဖွဲ့ တာ၀န်ရှိသူတစ်ဦးက စစ်ဘေးဒုက္ခသည်တွေအတွက် အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ ပြောပါတယ်။
"ငှက်ဖျားတွေလည်း တစ်ယောက်စ၊ နှစ်ယောက်စ ဖြစ်တာလည်း ရှိတယ်။ မကူးစက်ခင် ငှက်ဖျားအတွက် ဆေးတွေရော၊ ငှက်ဖျားကာကွယ်ဆေးတွေရော လိုနေတယ်။ ကြိုတင်ပြီးမှ အရမ်းလိုနေတယ်။ အခုလောလောဆယ် ရွာထဲမှာ မိုးတွင်းစာ လှောင်ထားတဲ့ဟာကို အခုထိ ဝေစား၊ မျှစားပဲရှိသေးတယ်။ ရေရှည်အတွက်တော့ လုံး၀ အဆင်မပြေတော့ဘူး"
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်အစပ်က ပလက်၀မြို့မှာလည်း ကုန်စည်တွေ ပြတ်လပ်နေပါတယ်။ ဒါကြောင့် မြို့ပေါ်မှာနေထိုင်သူတွေ မရှိတော့ဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒုက္ခသည်တစ်ဦးက ပြောပါတယ်။
"မြို့ထဲမှာတော့ လူတွေ သိပ်မရှိတော့ဘူး၊ မြို့ထဲက လူတွေလည်း နယ်တွေကို ထွက်ပြေးကြတယ်။ အရင်က ကိုယ့်ဒေသ ကိုယ့်ရွာတွေမှာ တောင်ယာခုတ်ပြီးနေကြတယ်။ မြို့ထဲမှာ စားရေး၊ သောက်ရေး ဆန်၀ယ်ဖို့လည်း မရှိ၊ သွားလာလှုပ်ရှားခွင့်လည်း မရတဲ့အခါမှာ နယ်တွေကို ထွက်ပြေးတယ်။ ရန်ကုန်တို့၊ အိန္ဒိယတို့ကို တချို့လူတွေက ထွက်ပြေးကြတယ်"
စစ်ကောင်စီရဲ့ ပိတ်ဆို့ကန့်သတ်မှုတွေအပြင် ချင်းပြည်နယ်မှာ မိုးကြီးမြေပြိုမှုတွေကြောင့်လည်း သွားလာရေးအတွက် ပိုပြီး ခက်ခဲသွားစေပါတယ်။
မင်းတပ်မှာဆိုရင် ကားလမ်းတွေပြတ်တောက်ကုန်တာကြောင့် စစ်ဘေးဒုက္ခသည်တွေဆီ ရိက္ခာနဲ့ ဆေးဝါးတွေ လုံး၀ပို့လို့ မရတော့ဘူးလို့ ဒုက္ခသည်အရေးကူညီသူ ကိုယောကီးက ပြောပါတယ်။
"အဓိက ကတော့ လမ်းပန်းဆက်သွယ်ရေး အခက်အခဲပါခင်ဗျ။ မိုးတွင်းဆိုရင် ကားသွားလို့ မရတော့တာပေါ့။ စစ်ဘေးရှောင်တွေက မမျှော်လင့်ထားတဲ့ ပမာဏထပ်ပြီးတိုးလာတယ်။ တိုးလာတဲ့အတွက် ကျွန်တော်တို့မှာ ရှာဖွေစုဆောင်းပြီး အလှူခံထားတဲ့ ပစ္စည်းလေးတွေ ပို့ချင်တယ်။ သို့သော်ငြားလည်းပဲ ဒီပစ္စည်းလေးတွေကို ပို့လို့မရဘူး။ လမ်းတွေ အကုန်ပျက်သွားတယ်"
လတ်တလောမှာ စစ်ဘေးဒုက္ခသည်တွေအတွက် အမိုးအကာ၊ ခြင်ထောင်နဲ့ သန့်ရှင်းတဲ့ သောက်သုံးရေရဖို့တောင် ခက်ခဲနေတယ်လို့ ဆိုပါတယ်။
ဆက်နွှယ်သောသတင်းများ
ချင်းပြည်နယ်မှာ ဝမ်းရောဂါကြောင့် ဒေသခံ ၁၈ ဦး သေဆုံး
မတူပီက စစ်ဘေးဒုက္ခသည် သုံးထောင်ကျော် အရေးပေါ် အကူအညီလိုအပ်
ကလေး သုံးသန်းနီးပါး ပုံမှန်ကာကွယ်ဆေး ထိုးခွင့်ဆုံးရှုံးနေ
ဒီအခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းနဲ့ ချင်းပြည်နယ်ပြောခွင့်ရသူ ပြည်နယ်အတွင်းရေးမှူး ဦးအောင်ချိုတို့ကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
ချင်းရေးရာအဖွဲ့ချုပ် လက်ထောက်ညွှန်ကြားရေးမှူး၊ ဆလိုင်းဗန်ဆွီးစံ ကတော့ ဒုက္ခသည်တွေအတွက် နိုင်ငံတကာအကူအညီတွေရအောင် ကြိုးစားနေတယ်လို့ ပြောပါတယ်။
"ချင်းရေးရာအဖွဲ့ချုပ် ICA အနေနဲ့ကျတော့ နိုင်ငံတကာ အသိုင်းအဝိုင်းတွေက ချင်းပြည်နယ်က IDP နဲ့ Refugee ဘယ်လောက် လောက် ရှိတယ်ဆိုတာကို သိဖို့ ချပြဖို့အတွက် Reportတွေနဲ့ ကျွန်တော်တို့ ကြိုးစားနေတာတော့ ရှိပါတယ်။ တိုက်ပွဲဖြစ်လို့ ထွက်ပြေးတိမ်းရှောင်တဲ့အခါမှာ ကြုံသလို ဖြေရှင်းရတဲ့ အနေအထားမှာ ရှိတယ်။ ကျန်းမာရေးလိုမျိုး အခက်အခဲတွေလိုမျိုး ကျွန်တော်တို့ ကြုံတွေ့နေရပါတယ်"
ဒုက္ခသည်အရေးကူညီနေသူတွေစာရင်းအရ ချင်းပြည်နယ်အတွင်း စစ်ဘေးဒုက္ခသည်စုစုပေါင်း နှစ်သိန်းခွဲဝန်းကျင် ရှိနေပါတယ်။ အများစုက ပြည်နယ်အတွင်းမှာပဲ ရွှေ့ပြောင်းနေထိုင်ကြပြီး တချို့ကတော့ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် နဲ့ မဏိပူရ်ပြည်နယ်တွေမှာ ခိုလှုံနေကြပါတယ်။