တရုတ်က လျှပ်စစ်နဲ့ ဓာတုပစ္စည်းတွေပိတ်လို့ မြေရှားသတ္တုတွင်းတွေ ရပ်နားလာ
2024.11.01
မြေရှားသတ္တုထုတ်လုပ်ရေးအများဆုံးရှိတဲ့ ပန်ဝါမြို့ကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က အောက်တိုဘာ ၁၈ ရက် ညမှာ သိမ်းယူပြီးနောက်မှာ တရုတ်ဘက်က လျှပ်စစ်မီးနဲ့ လောင်စာနဲ့ ဓာတုပစ္စည်းနဲ့ စားသောက်ကုန်တွေ ပိတ်လိုက်တဲ့အတွက် သတ္တုတူးတဲ့လုပ်ကွက်တွေ တော်တော်များများ ရပ်နားလိုက်ရပြီလို့ စုံစမ်းသိရှိရပါတယ်။
ပန်ဝါမြို့ကတော့ စစ်ကောင်စီက ဝဏ္ဏကျော်ထင်ဘွဲ့ ပေးထားတဲ့ ဦးဇခုန်တိန့်ယိန်းရဲ့ ပြည်သူ့စစ်ဌာနချုပ် ရှိတဲ့နေရာဖြစ်သလို မြေရှားသတ္တုအများဆုံးတူးပြီး တရုတ်နိုင်ငံကို ပို့နေတဲ့နေရာဖြစ်ပါတယ်။
“တရုတ်က ဂိတ်ပိတ်လိုက်တော့ ဆန်တောင် မရှိတော့ဘူး။ မြေရှားတူးတဲ့ကုမ္ပဏီမှာ အထွေထွေ အလုပ်သမားတွေကတော့ မရှိတော့ဘူး"
အခုတော့ တရုတ်ဘက်က နယ်စပ်တွေ ပိတ်လိုက်တဲ့အတွက် မြေရှားသတ္တုတူးဖော်ရေးတွေ ရပ်တော့မယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“လုပ်လို့မရတော့ဘူး။ ဂိတ်တွေပိတ်၊ ရိက္ခာတွေလည်းမဝင်တော့ဘူး။ လျှပ်စစ်မီးတွေလည်း တရုတ်ကပဲ သုံးတယ်ဆိုတော့ မီးတွေလည်းဖြတ်လိုက်တော့ လုပ်လို့မရတော့ဘူး။ ဆီ (စက်သုံးဆီ) ရှိနေတဲ့ ဆိုက်တွေလည်း ဒီလကုန်လာက်ပဲလုပ်လို့ရတော့မယ်”
လောင်စာဆီနဲ့ ရိက္ခာရှိနေသေးတဲ့ ကုမ္ပဏီတချို့ကတော့ လူအင်အားလျှော့ပြီး လုပ်နေကြသေးတယ်လို့ မြေရှားသတ္တုတွင်းအလုပ်သမားတစ်ဦးက ပြောပါတယ်။
“တရုတ်က ဂိတ်ပိတ်လိုက်တော့ ဆန်တောင်မရှိတော့ဘူး။ မြေရှားတူးတဲ့ကုမ္ပဏီမှာ အထွေထွေ အလုပ်သမားတွေကတော့ မရှိတော့ဘူး။ ရေပိုက်ကြည့်တဲ့ သူတွေကတော့ ရှိသေးတယ်။ အခုက အစား အသောက်တွေမဝင်တော့ ရှိတဲ့ရိက္ခာနဲ့လုပ်နေကြတာ၊ နောက် ဆယ်ရက်လောက်ဆိုရင်တော့ ဘယ်လို လာမလဲမသိဘူး။ အခုလောလောဆယ်တော့ တချို့ ကုမ္ပဏီတွေက လူလျှော့ပြီး လုပ်နေကြတယ်”
ဆက်နွှယ်သောသတင်းများ
ရှစ်လအတွင်း တရုတ်ကို မြေရှားသတ္တု ကန်ဒေါ်လာ သန်းခြောက်ရာကျော် တင်ပို့ခဲ့
မြေရှားသတ္တုထွက်တဲ့ ချီဖွေမြို့တစ်ဝိုက် KIA သိမ်းပိုက်
ကချင်မှာ စစ်ကောင်စီတပ်စခန်း ၂၂၀ ကျော် KIA သိမ်းထား
ပန်ဝါမြို့နယ်မှာဆိုရင် ချန်းယင်းကူး၊ လုပိ၊ ပန်ဝါ၊ ဘန်ဗူး၊ ချဇန် စတဲ့ရွာတွေနားတစ်ဝိုက်နဲ့ ချီဖွေမြို့နယ်မှာဆိုရင် ချန်းမော်ခုန်းဒေသတွေဟာ မြေရှားသတ္တုအများဆုံး တူးတဲ့နေရာတွေဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အခုတော့ ချီဖွေမြို့နားက မြေရှားသတ္တုလုပ်ကွက်တွေ အခုအချိန် ရပ်နားနေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ဒီအခြေအနေနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ ကချင်ပြည်နယ်ပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်း ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။
မြေရှားသတ္တုအပြင် ရွှေနဲ့ အခြားသတ္တုတူးဖော်ရေးတွေကိုရပ်ထားဖို့ ကချင်အထူးဒေသ (၁) အုပ်ချုပ်ရေးအဖွဲ့က အောက်တိုဘာ ၄ ရက်နေ့က ညွှန်ကြားထားပါတယ်။
KIA ကတော့ သယံဇာတထုတ်လုပ်နေတာနဲ့ပတ်သက်ပြီး အပြောင်းအလဲမရှိသေးဘူးလို့ KIO သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူ က ပြောပါတယ်။
“မြို့တွင်းကိုလည်းကျွန်တော်တို့နယ်မြေရှင်းလင်းရေးတွေ၊ တခြားလိုအပ်တာတွေပေါ့နော် အုပ်ချုပ်ရေးယန္တရားတွေ စီစဉ်နေတဲ့အချိန်ကာလပဲဖြစ်ပါတယ်။ အဲဒါ (သယံဇာတနဲ့ပတ်သက်တာ) ကတော့ စောပါသေးတယ်။ အခုလောလောဆယ်ကတော့ စစ်ရေးအခြေအနေကိုပဲ အဓိက။ အဲဒီသယံဇာတနဲ့ ပတ်သက်ပြီးတော့ ဘာမှ အခု လောလောဆယ်အပြောင်းအလဲမရှိဘူး”
ပန်ဝါဘက်မှာ KIA က မြေရှားသတ္တုတူးမယ်ဆိုရင် စည်းကမ်းတကျ လုပ်ကိုင်စေချင်တယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ကျွန်မတို့ ဒေသကို တစ်နှစ်မှာ ကုမ္ပဏီတစ်ခုပဲ ဝင်ခိုင်းမလား၊ နှစ်ခုပဲဝင်ခိုင်းမလား အဲဒီကုမ္ပဏီ တစ်ခု၊ နှစ်ခုကို ကောင်းကောင်းလေးပေါ့နော်။ ကျွန်မတို့ သဘာဝ သယံဇာတကို မဖျက်ဆီးပဲနဲ့ ကျွန်မတို့ရဲ့ တောတောင်တွေ သဘာဝကို ထိန်းသိမ်းတဲ့အနေနဲ့ တူးတယ်ဆိုရင်တော့ ပိုပြီးတော့ အဆင်ပြေမှာပါ”
အဲဒီဒေသတွေမှာ KIA က မြေရှားသတ္တုတူးဖော်တာတွေပိုပြီးလုပ်လာနိုင်တယ်လို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားတစ်ဦးက သုံးသပ်ပါတယ်။
“ကျွန်တော့်အမြင်ကတော့ KIO က အကုန်လုံးထိန်းချုပ်ပြီးရင်တော့ လျှော့ဖို့တော့ အခြေအနေရှိမယ်လို့တော့ မထင်ဘူး။ သူတို့ တူးနိုင်တဲ့နေရာမှာတော့ ပိုပြီးတောင်မှ များလာနိုင်တဲ့အခြေအနေရှိတာပေါ့။ လောလောဆယ်မှာတော့ နည်းသွားနိုင်တယ်”
စစ်တပ်အာဏာသိမ်းလိုက်တဲ့ ၂၀၂၁ ကနေ ၂၀၂၃ ခုနှစ်အတွင်း ပန်ဝါနဲ့ ချီဖွေမြို့နယ်မှာ မြေရှားသတ္တုတူးတာ လေးဆယ်ရာခိုင်နှုန်း မြင့်တက်လာတယ်လို့ ကမ္ဘာမှာ သဘာဝသယံဇာတတူးဖော်မှုတွေကို စောင့်ကြည့်လေ့လာနေတဲ့ Global Witness အဖွဲ့ရဲ့ ၂၀၂၄ ခုနှစ် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ထိန်းချုပ်ထားတဲ့ မိုးမောက်မြို့နယ်မှာလည်း ၂၀၂၁ ခုနှစ်က မြေရှားသတ္တု တူးဖော်တဲ့လုပ်ကွက် ကိုးခုပဲရှိခဲ့ပေမဲ့ ၂၀၂၃ ခုနှစ်မှာ သတ္တုလုပ်ကွက် လေးဆယ်ကျော်ထိ ရှိလာတယ်လို့ Global Witness ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
စစ်တပ်အာဏာသိမ်းထားတဲ့ သုံးနှစ်ကျော်အတွင်း မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံကိုတင်ပို့တဲ့ မြေရှား သတ္တု တန်ဖိုးဟာ အမေရိကန်ဒေါ်လာ သန်း သုံးထောင့်လေးရာကျော်ရှိပြီး၊ အခုနှစ် ဇန်နဝါရီကနေ သြဂုတ်လအထိ ရှစ်လမှာတင် အမေရိကန် ဒေါ်လာ သန်းခြောက်ရာကျော် တန်ဖိုးရှိတဲ့ မြေရှားသတ္တု တန်ချိန်ပေါင်း နှစ်သောင်း ခုနစ်ထောင်နီးပါး (၂၆,၈၉၂) တင်ပို့ခဲ့တယ်လို့ တရုတ်အစိုးရ အကောက်ခွန်ဌာန (China Customs) ရဲ့ ထုတ်ပြန်ချက်တွေမှာ တွေ့ရပါတယ်။
တစ်ဖက်မှာလည်း အခု ၂၀၂၄ ခုနှစ်မှာ မြေရှားသတ္တုလုပ်ကွက်တချို့မှာ မြေပြိုကျလို့သေဆုံးတဲ့ အလုပ်သမား ခုနစ်ဆယ်ဝန်းကျင် ရှိခဲ့ပါတယ်။