တရုတ်၊ ဂျပန်နဲ့ ထိုင်း ထိပ်တန်းသံတမန်သုံးဦး မြန်မာပြည်ကို တချိန်တည်းရောက်လာ
မြန်မာနိုင်ငံဆိုင်ရာ ဂျပန်ငြိမ်းချမ်းရေးသံတမန် ဒေါက်တာ ဆာဆာကာဝါ၊ တရုတ်အထူးကိုယ်စားလှယ် မစ္စတာ ဆွန်းကော်ရှန်းနဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ ဒုဝန်ကြီးချုပ် ဒွန်ပရာမူဝီနိုင်း တို့ သုံးဦး နိုဝင်ဘာ ၁၂ ရက်ကစလို့ မြန်မာနိုင်ငံကို ရှေ့ဆင့်နောက်ဆင့်ရောက်လာကြပြီး နေပြည်တော်မှာ စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဆက်တိုက်ဆိုသလို တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဂျပန်အစိုးရရဲ့ အထူးကိုယ်စားလှယ်ဖြစ်တဲ့ နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဒေါက်တာ ယိုဟိုင်း ဆာဆာကာဝါ ဟာ နိုဝင်ဘာ ၁၂ ရက်နေ့က မြန်မာနိုင်ငံကို ရောက်ရှိလာပြီး နိုဝင်ဘာ ၁၃ ရက် နေ့လယ်ပိုင်းမှာတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။
အဲဒီနောက် ဒီကနေ့ နိုဝင်ဘာ ၁၅ ရက်နေ့မှာ ရခိုင်ပြည်နယ် စစ်တွေမြို့ကို သွားရောက်ပြီး ရခိုင်ပြည်နယ် စစ်ကောင်စီတာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့သလို ဒုက္ခသည်စခန်းတချို့ကို သွားရောက်ခဲ့ပါတယ်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးဖြစ်တဲ့ ဒုဝန်ကြီးချုပ် ဒွန်ပရာမူဝီနိုင်း ကတော့ နိုဝင်ဘာ ၁၄ ရက်နေ့မှာ နေပြည်တော်ကို နေ့ချင်းပြန်ရောက်လာပြီး အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ နိုင်ငံခြား ရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့နဲ့ တွေ့ဆုံခဲ့ပြီးတဲ့နောက် နေပြည်တော်ကနေ နေ့ချင်း ပြန်လည် ထွက်ခွာသွားပါတယ်။
တရုတ်နိုင်ငံ အထူးကိုယ်စားလှယ် မစ္စတာဆွန်းကော့ရှန်း ကတော့ လောလောဆယ် နေပြည်တော်ကို ရောက်ရှိနေပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တွေ့ မတွေ့ အတိအကျ မသိရသေးပါဘူး။
ဂျပန်ငြိမ်းချမ်းရေးသံတမန် ဒေါက်တာဆာဆာကာဝါ ဟာ ဒီကနေ့မနက်ပိုင်းမှာ ရခိုင်ပြည်နယ်စစ်ကောင်စီ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီးတဲ့နောက် စစ်တွေမြို့ပေါ်က စစ်ဘေးဒုက္ခသည်စခန်းအချို့နဲ့ သက်ကယ်ပြင် မွတ်စလင်ဒုက္ခသည်စခန်းအပါအဝင် ရခိုင်အမျိုးသားပါတီ (ANP) နဲ့လည်း တွေ့ဆုံဖို့ရှိတယ်လို့ ရခိုင်နိုင်ငံရေး သမားတွေက ပြောကြပါတယ်။
သူဟာ ဒီကနေ့ ညနေပိုင်းမှာလည်း စစ်တွေမြို့မှာ သတင်းစာရှင်းလင်းပွဲလုပ်ခဲ့ပြီး “ရခိုင်ပြည်နယ်မှာ စစ်တပ်နဲ့ ရက္ခိုင့်တပ်တော်(AA) တို့ရဲ့ နှစ်ဖက်တိုက်ပွဲတွေအတွင်း AA ဘက်က ဖမ်းမိထားတဲ့ စစ်သားအချို့ကို ပြန်လွှတ် ပေးဖို့နဲ့ ဒါဟာ တစ်ဖက်နဲ့ တစ်ဖက်ကြား ယုံကြည်မှု တည်ဆောက်ဖို့အတွက် အန်မတန်ကောင်းမွန်တဲ့ ဆောင်ရွက်ချက်တစ်ခုဖြစ်တယ်” လို့ ပြောကြားခဲ့ပါတယ်။
သူဟာ (AA) ထိပ်ပိုင်းခေါင်းဆောင်တွေကိုလည်း နိုဝင်ဘာ ၁၂ ရက်နေ့က အွန်လိုင်းကတဆင့် တွေ့ဆုံ ဆွေးနွေးခဲ့ပြီး၊ ရခိုင်မှာ လက်ရှိငြိမ်းချမ်းနေတဲ့ အနေအထားကို ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့အတွက် အပစ်အခတ် လုံးဝမလုပ်ကြဖို့ နှစ်ဖက်စလုံးကို မှာထားကြောင်း ဒီနေ့ သတင်းစာရှင်းပွဲမှာ ထုတ်ပြော သွားပါတယ်။
မစ္စတာဆာဆာကာဝါ အခုလို ရခိုင်ပြည်နယ်ကို ဒုတိယအကြိမ် ရောက်ရှိလာတဲ့အတွက် ရခိုင်ပြည်နယ် ငြိမ်းချမ်းရေးသာမက လက်ရှိမြန်မာနိုင်ငံရဲ့ အကျပ်အတည်းတွေကို ကြားဝင်ညှိနှိုင်းပေးနိုင်ဖို့ မျှော်လင့် တယ်လို့ ရခိုင်ပြည်နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဦးဖေသန်း က RFA ကို ပြောပါတယ်။
“မစ္စတာဆာဆာကာဝါဟာ ရခိုင်ပြည်နယ်အနေနဲ့ပေါ့နော် ငြိမ်းချမ်းရေးကိုခိုင်ခိုင်မာမာတည်ဆောက် ပေးနိုင် လိမ့်မယ်လို့ ယူဆတယ်ပေါ့။ ဒုတိယတစ်ဆင့်ကတော့ မြန်မာပြည်ရဲ့အခြေအနေပေါ့ PDF နဲ့ စစ်တပ်ကြားမှာ တိုက်ပွဲတွေဖြစ်လို့ နိုင်ငံရေးအခြေအနေဟာ အဆိုးဘက်ကို ရွေ့လျှားနေတဲ့အချိန်မှာပေ့ါ နီပွန်ဖောင်ဒေးရှင်း ဥက္ကဌတစ်ယောက်အနေနဲ့ပေါ့ အကောင်းဆုံးညှိနှိုင်းပေးတာတွေ လုပ်နိုင်လိမ့်မယ်လို့ ယူဆတယ်”
ဂျပန်အထူးကိုယ်စားလှယ်ဟာ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်ကလည်း မြန်မာနိုင်ငံကို လာရောက်ခဲ့ပြီးတဲ့နောက် နယ်မြေမငြိမ်းချမ်းတာကြောင့် ရွေးကောက်ပွဲမလုပ်နိုင်တဲ့ ရခိုင်ပြည်နယ် မြို့နယ် ကိုးခုကို ရွေးကောက်ပွဲ ပြန်လုပ်ပေးဖို့ တိုက်တွန်းခဲ့သလို မြန်မာစစ်တပ်နဲ့ ရက္ခိုင့်တပ်တော် AA တို့အကြား စစ်ပွဲတွေ ရပ်တန့်ရေး ကြားဝင်စေ့စပ်ပေးခဲ့ဖူးပါတယ်။
စစ်ကောင်စီပြောခွင့်ရ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်း ကတော့ ဂျပန်၊ တရုတ်နဲ့ ထိုင်း ဒုဝန်ကြီးချုပ်တို့ရဲ့ ခရီးစဥ်တွေဟာ စစ်ကောင်စီလုပ်နေတဲ့ နိုင်ငံတကာဆက်ဆံရေး၊ စီးပွားရေး၊ ငြိမ်းချမ်းရေးနဲ့ ကိုဗစ်တားဆီးရေးကိစ္စတွေကို ဆွေးနွေးဖို့နဲ့ ကူညီဖို့ ရောက်လာတာလို့ RFA ကို ပြောပါတယ်။
ဒီသံတမန်တွေရဲ့ ခရီးစဉ်ကနေ ကောင်းမွန်တဲ့ရလဒ် ထွက်လာနိုင်သလို အာဆီယံအထူးသံတမန် လာရောက်ရေးကိစ္စကိုလည်း ပိတ်ပင်ထားတာမရှိဘူးလို့ ဗိုလ်ချုပ်ဇော်မင်းထွန်း က ပြောပါတယ်။
“ကျနော်တို့ကတော့ နိုင်ငံတော်အစိုးရ ချမှတ်ထားတဲ့ ရှေ့လုပ်ငန်းစဥ် ငါးရပ်အတိုင်းပဲ ဆက်သွားမှာ ဖြစ်ပါတယ်။ ထာဝရ ငြိမ်းချမ်းရေး ရရှိရေးအတွက်လည်း နည်းလမ်းပေါင်းစုံနဲ့ ဆောင်ရွက်လျက်ရှိတယ်၊ အခု ရင်ဆိုင်နေရတဲ့ ကိုဗစ်-၁၉ ရောဂါနဲ့ပတ်သက်ပြီးလည်း ဆောင်ရွက်လျက်ရှိတယ်၊ ဒီမှာတော့ ဒီဆွေး နွေးမှုတွေကနေ ကောင်းတဲ့ အကျိုးသက်ရောက်မှုတွေ ရမယ်လို့ မျှော်လင့်ပါတယ်၊ အာဆီယံအထူး ကိုယ်စားလှယ်နဲ့ ပတ်သက်ပြီး ပိတ်ပင်ထားတာ မရှိပါဘူး၊ အရင်ကတည်းကရှိခဲ့တဲ့ ပဋိညာဥ်သဘော တူညီချက်တွေ၊ ပြည်တွင်းရေးဝင်မစွက်ရဆိုတဲ့ မူတွေနဲ့ကိုက်ညီလို့ ရှိရင် ကျနော်တို့က အမြဲတမ်း ကြိုဆိုလျက်ရှိပါတယ်”
လက်ရှိမြန်မာနိုင်ငံမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စစ်အာဏာရှင်ခုခံရေး အရှိန်မြင့်တက်နေသလို စစ်တပ် ဘက်က အကြမ်းဖက်နှိမ်နင်းမှု၊ ဖမ်းဆီးသတ်ဖြတ်မှုတွေကလည်း တိုးလာနေချိန်ဖြစ်ပါတယ်။ ဒီလိုအချိန် မျိုးမှာ အာရှအင်အားကြီးနိုင်ငံတွေက ထိပ်တန်းသံတမန်တွေ ရှေ့ဆင့်နောက်ဆင့်ရောက်လာတာဟာ ထူးခြားတယ်လို့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ပါတယ်။
"ခုချိန်ထိ မင်းအောင်လှိုင်ဘက်က အခြေအနေကြည့်ရတာ ဖိနှိပ်ရက်စက်မှုတွေ သိပ်ပြီးတော့ လျော့သွားတယ်ဆိုတာမျိုး မတွေ့ရဘူးလေ"
တရုတ်၊ ဂျပန်နဲ့ ထိုင်းနိုင်ငံက ထိပ်တန်းသံတမန်တွေ မြန်မာနိုင်ငံကို အခုလို တချိန်တည်း တပြိုင်တည်း ရောက်လာတာဟာ အကြောင်းကိုယ်စီရှိနိုင်ပေမဲ့ သူတို့ရဲ့ဘုံရည်မှန်းချက်ကတော့ မြန်မာ့အရေးနဲ့ ပတ်သက် ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့အကြား တွေ့ဆုံဆွေးနွေးရေးဖြစ်လာအောင် ကြိုးပမ်းနေတာလို့ နိုင်ငံရေးသုံးသပ်သူတစ်ဦးဖြစ်တဲ့ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်း က သုံးသပ်ပါတယ်။
"ကျွန်တော်တို့ ဆီမှာ အခုဖြစ်နေတဲ့ပြဿနာက အဓိက ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးနိုင်မှ ရမယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးဖို့ဆိုရင် အခု သူ့ကို တရားစွဲဆိုထားတဲ့အမှုတွေ အရင်ဆုံး ပယ်ဖျက် ပေးရမယ်။ အခုလို နှစ်ဖက်စလုံးက အကျပ်အတည်းဖြစ်နေတဲ့ အချိန်မျိုးမှာ ကြားကျတဲ့ နှစ်ဖက်လက်ခံ နိုင်တဲ့ အဖြေက ဘာဖြစ်မလဲ ဆိုတာကိုသိဖို့က ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ပြီး တီးခေါက်ကြည့်နိုင်မှ သိရမယ်လေ"
ဒါပေမဲ့ စစ်ကောင်စီကတော့ လတ်တလောမှာ နိုင်ငံတကာသံတမန်တွေကို ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ပြုဦးမှာ မဟုတ်သလို သူတို့ကိုယ်တိုင်လည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံညှိနှိုင်းရေးကို လက်ခံချင်ပုံ မပေါ်သေးဘူးလို့ ဦးရဲထွန်းက ဖြည့်စွက်ပြောဆိုသွားပါတယ်။
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း ကလည်း ဒေါ်အောင်ဆန်းစုကြည်ဟာ ပုဒ်မမျိုးစုံနဲ့ ဖမ်းဆီးတရားစွဲခံထားရတာမို့ ဘယ်လိုသံတမန်ပဲလာလာ တွေ့ခွင့်ပေးဖို့ မဖြစ်နိုင်သေးဘူးလို့ RFA ကို ပြောပါတယ်။
စစ်တပ်က ခေါင်းမာနေသ၍ ဘယ်လို သံတမန်ပဲလာလာ အကြောင်းထူးမှာ မဟုတ်ဘူးလို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ လုပ်ငန်းကော်မတီရဲ့ အကြီးအကဲဖြစ်တဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် က မှတ်ချက်ပေးပါတယ်။
“ကျနော်တို့ကတော့ သိပ်ပြီး မမျှော်လင့်ပါဘူးဗျာ။ သိပ်ပြီး တိုးတက်မယ် မထင်ပါဘူး။ သူတို့ ဒီလို လာပြောနေတယ် မရဘူး၊ မရတော့လည်း ပြောတော့ပြောတာပဲ၊ ကျုပ်တို့တော့ ပြောတာပဲ မရဘူးဗျာ ဆိုတဲ့အနေအထားမျိုးလောက်နဲ့ပဲဆိုတော့ သိပ်တော့ တိုးတက်မယ် မထင်ဘူးဗျာ။ အခုချိန်ထိ မင်းအောင်လှိုင်ဘက်က အခြေအနေ ကြည့်ရတာတော့ ဖိနှိပ်မှု ရက်စက်မှုတွေ သိပ်ပြီးတော့ လျော့သွား တယ်ဆိုတာမျိုးလည်း မတွေ့ရဘူးလေနော်”
ဒီသံတမန်တွေဟာ မြန်မာနိုင်ငံကိုလာရောက်ပြီး စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ အကြိမ်ကြိမ်တွေ့ဆုံဆွေးနွေးနေကြပေမဲ့ CRPH နဲ့ NLD လုပ်ငန်းကော်မတီကို လာရောက်တွေ့ဆုံတာ အလွတ်သဘောညှိုနှိုင်းတာတွေ ဘာတစ်ခုမှမလုပ်သေးဘူးလို့လည်း ဦးအောင်ကြည်ညွန့် က ပြောသွား ပါတယ်။
ထိုင်းဒုဝန်ကြီးချုပ် ဒွန်ပရာမူဝီနိုင်း၊ ဂျပန်ငြိမ်းချမ်းရေးသံတမန် ဒေါက်တာဆာဆာကာဝါ၊ တရုတ်အထူး သံတမန် ဆွန်းကော်ရှန်း တို့ သုံးဦးအနက် ထိုင်းဒုဝန်ကြီးချုပ်တစ်ဦးသာ နေပြည်တော်ကနေ ချက်ချင်း ပြန်ထွက်သွားပြီး ဂျပန်နဲ့ တရုတ်ထိပ်တန်းသံတမန်တွေက အခုချိန်ထိ မြန်မာနိုင်ငံမှာ ဆက်ရှိနေဆဲ ဖြစ်ပါတယ်။
ထိုင်းဒုဝန်ကြီးချုပ်ရဲ့ နိုဝင်ဘာ ၁၄ ရက် နေပြည်တော်ခရီးစဉ်ဟာ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်း ထားတဲ့ ကိုးလကျော်ကာလအတွင်း ထိုင်းနိုင်ငံ ထိပ်တန်းနိုင်ငံရေးသမားတစ်ဦးရဲ့ ပထမဆုံး မြန်မာပြည် ခရီးစဥ်လည်းဖြစ်ပါတယ်။
တရုတ်အထူးသံတမန် မစ္စတာဆွန်းကော်ရှန်း ကတော့ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ခုနစ်လအကြာ ပြီးခဲ့တဲ့ ဩဂုတ်လကုန်ပိုင်းတုန်းက မြန်မာနိုင်ငံကို ရုတ်တရက်ရောက်လာပြီး စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မင်းကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ဖူးပါတယ်။
အဲဒီခရီးစဉ်အတွင်း အဖမ်းခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ခွင့် တောင်းခဲ့ပေမဲ့ မရခဲ့တာကြောင့် “စစ်ခေါင်းဆောင်တွေရဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ်ထားတဲ့ တင်းမာတဲ့ သဘောထားကို အံဩမိတယ်”လို့ မစ္စတာဆွန်းကော်ရှန်းက ပြောဆိုကြောင်း နိုင်ငံတကာ သတင်းမီဒီယာတွေ မှာ ထုတ်ဖော်ရေးသားခဲ့ပါတယ်။