တရုတ်နဲ့ စစ်ကောင်စီတို့ ပိတ်ဆို့မှုကြောင့် ရှမ်းမြောက်ဒေသခံတွေ အခက်ကြုံနေ
2024.09.12
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တစ်ကျော့ပြန် ၁၀၂၇ စစ်ဆင်ရေး စတင်ခဲ့ပြီးနောက် ဩဂုတ်လကုန်ပိုင်းကစလို့ နယ်စပ်ဂိတ်တွေကို တရုတ်နိုင်ငံက ပိတ်လိုက်သလို စစ်ကောင်စီဘက်ကလည်း လမ်းကြောင်းတွေကို ပိတ်ဆို့ထားတာကြောင့် ဆေးဝါးနဲ့ ကုန်ပစ္စည်းပြတ်လပ်မှုတွေနဲ့ ကြုံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မြို့ပေါင်း ၂၁ မြို့နဲ့ ကျင်စန်းကျော့၊ ချင်းရွှေဟော်၊ ရန်လုံးကျိုင်း၊ မုန်းကိုးနဲ့ နမ့်ခမ်း စတဲ့ တရုတ်နယ်စပ်ဂိတ် ငါးခုကို ညီနောင်မဟာမိတ်တပ်ဖွဲ့တွေ သိမ်းပိုက်ထားတာပါ။
"တရုတ်အစိုးရကလည်း တင်သွင်းမှုတွေလည်း ပိတ်ပင်တယ်။ နောက်ပြီးတော့ စစ်ကောင်စီဘက်ကလည်း ကျွန်မတို့ကို ပိတ်ပင်ထားတဲ့ဖြစ်တဲ့အတွက်ကြောင့် ဆေးဝါးကတော့ လက်ရှိကတော့ ခက်ခဲနေတယ်"
တရုတ်နိုင်ငံဘက်က နယ်စပ်ဂိတ်တွေကို ပိတ်လိုက်တာဟာ တိုက်ပွဲတွေရပ်အောင် ဖိအားပေးတဲ့သဘော ဖြစ်တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
အလားတူ စစ်ကောင်စီဘက်ကလည်း ရှမ်းမြောက်ဒေသကို ဆေးဝါးသယ်ယူမှုကို ပိတ်ပင်ထားတယ်လို့ ဆိုပါတယ်။
ဒါကြောင့် ဒေသတွင်းမှာ ဆေးဝါးနဲ့ ကုန်ပစ္စည်းပြတ်လပ်မှုနဲ့ ကြုံနေရတယ်လို့ တအာင်း အမျိုးသားလွတ်မြောက်တပ်မတော် (TNLA) ပြောခွင့်ရသူ လွေးယေဦးက RFA ကို ပြောပါတယ်။
“လက်ရှိမှာတော့ တအာင်းဒေသမှာတော့ ဆေးဝါးအခြေအနေကတော့ ခက်ခဲနေတယ်လို့ ပြောလို့ရပါတယ်။ ဒီတရုတ်အစိုးရကလည်း တင်သွင်းမှုတွေလည်း ပိတ်ပင်တယ်။ နောက်ပြီးတော့ စစ်ကောင်စီဘက်ကလည်း ဒီကျွန်မတို့ကို ပိတ်ပင်ထားတဲ့ဖြစ်တဲ့အတွက်ကြောင့် ဆေးဝါးကတော့ လက်ရှိကတော့ ခက်ခဲနေတယ်။ တချို့ကတော့ ပြတ်လပ်နေတာလည်းရှိပါတယ်"
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ကိုးကန့်၊ “ဝ” နဲ့ ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွေအပါအဝင် မြို့နယ် ၂၀ ရှိပြီး လူဦးရေ နှစ်သန်းနီးပါး နေထိုင်ကြပါတယ်။ တရုတ်နိုင်ငံနဲ့ စစ်ကောင်စီတို့ရဲ့ ပိတ်ဆို့မှုဒဏ်ကို ရှမ်းမြောက် ဒေသခံတွေအားလုံး ကြုံနေရတာလို့လည်း ပြောကြပါတယ်။
ဆက်နွှယ်သောသတင်းများ
ရှမ်းမြောက်စစ်ပွဲကြားက အခမဲ့ဆေးခန်း
စစ်ကောင်စီကို ကူညီမှုရပ်ဖို့ တရုတ်ကို အရပ်ဘက်အဖွဲ့အစည်းတွေ တောင်းဆို
အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာမှု ဂရုစိုက်မှာမဟုတ်ကြောင်း မြောက်ပိုင်းအဖွဲ့တွေ တုံ့ပြန်
TNLA ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့မှာတော့ ကလေးတွေ ကာကွယ်ဆေးထိုးခွင့်ရဖို့တောင် ခက်ခဲနေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
“၈ လပိုင်း ၂၅ လောက်ကစပြီးတော့ တရုတ်က ကုန်သွယ်ရေးဂိတ်တွေ အားလုံးပိတ်ပါတယ်ပေါ့။ ဆိုတော့ အခက်အခဲကပေါင်းစုံပဲ။ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ဆေးဝါးတွေ ခက်ခဲလာတယ်။ တချို့ကျတော့ နည်းလမ်းရှာပြီးမှ မှာယူပြီးမှ ရောင်းတာလည်းရှိကြတယ်။ ဒါပေမဲ့ မလုံလောက်ဘူးပေါ့နော်။ ဖျားနာတဲ့သူအချို့က ဆေးဝါးတော့ခက်ခဲတယ်။ ကလေးကာကွယ်ဆေးထိုးတာတို့ ဘာတို့ဆို တော်တော်ခက်ခဲသွားပြီ။ ပြီးတော့ ရန်ကုန်ဈေးနှုန်းက အဆမတန်မြင့်တယ်ပေါ့နော်”
လက်ကျန်ဆေးဝါးတွေနဲ့ ကုန်ပစ္စည်းတွေလည်း ဈေးအဆမတန်တက်လာသလို ဆန်တစ်အိတ်ကို ကျပ် နှစ်သိန်းလောက်အထိ ရှိတယ်လို့လည်း ပြောပါတယ်။
စစ်ကောင်စီဘက်ကလည်း ပိတ်ဆို့ဖြတ်တောက်ထားတဲ့အတွက် အရေးကြီးတဲ့ဆေးတွေလောက်ပဲ သိုဝှက်ပြီး သယ်နေရတယ်လို့ ရှမ်းပြည်နယ်မြောက်ပိုင်းက အမည်မဖော်လိုတဲ့ ဆေးဆိုင်ပိုင်ရှင်တစ်ဦးက ပြောပါတယ်။
“သယ်ရတာ အဆင်ပြေတယ်ဆိုရင်တော့ သယ်ရလွယ်တယ်ပေါ့။ အခုလောလောဆယ် လမ်းမှာက သယ်ဖို့ နည်းနည်းအခက်အခဲရှိတဲ့အခါတော့ လိုတဲ့ဆေးလောက်၊ အရေးကြီးတဲ့ဆေးလောက်ပဲ သယ်တာပေါ့လေ။ တရုတ်ဘက်ဆေးကတော့ ပြတ်တောက်ကုန်တာ ဟုတ်တယ်။ ဥပမာ ၂၅ ပါဆဲန်တို့၊ B 6၊ B 12 (Vitamin အားဆေး) ဒါတွေ အကုန်လုံးက ပြတ်နေတာ”
ဒီကိစ္စနဲ့ပတ်သက်လို့ မေးမြန်းနိုင်ဖို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။
အလားတူ တရုတ်နိုင်ငံဘက်က နယ်စပ်ဂိတ်တွေကိုပိတ်ထားတာနဲ့ပတ်သက်လို့ ရန်ကုန်မြို့အခြေစိုက် မြန်မာ နိုင်ငံဆိုင်ရာ တရုတ်သံရုံးကို RFA က ဒီနေ့ ဆက်သွယ်မေးမြန်းထားပေမဲ့ ဒီနေ့ညနေ ၄ နာရီလောက်အထိ တစ်စုံတစ်ရာ အကြောင်းပြန်လာတာ မရှိပါဘူး။
တရုတ်က လမ်းကြောင်းတွေပိတ်ဆို့ပြီး တိုက်ပွဲရပ်ဖို့ ဖိအားပေးပေမဲ့ လက်တွေ့မှာ တိုက်ပွဲတွေ ရပ်ဖို့က ခက်ခဲနိုင်တယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။