တရုတ်နဲ့ စစ်ခေါင်းဆောင်တွေ့ဆုံမှု တိုက်ပွဲတွေအပေါ် သက်ရောက်နိုင်မလား

RFA Burmese
2024.08.09
တရုတ်နဲ့ စစ်ခေါင်းဆောင်တွေ့ဆုံမှု တိုက်ပွဲတွေအပေါ် သက်ရောက်နိုင်မလား စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီကျွန်းတို့ ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၈ ရက်နေ့က နေပြည်တော်တွင်တွေ့ဆုံစဥ်။
Myanmar Military

Updated 5:00 PM Aug 9, 2024

တရုတ်နယ်စပ်နဲ့ မိုင် ၁၂၀ ခန့်သာဝေးတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့က အရှေ့မြောက် တိုင်းစစ်ဌာနချုပ်ကို MNDAA တပ်ဖွဲ့က သြဂုတ်လ ၃ ရက်နေ့မှာသိမ်းပိုက်ပြီး ငါးရက်အကြာ သြဂုတ် ၈ ရက်နေ့မှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီးကျွင်း နေပြည်တော်ကိုရောက်လာပြီး စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံခဲ့ပါတယ်။

ဒီတွေ့ဆုံပွဲမှာ နယ်စပ်ဒေသ တည်ငြိမ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ အွန်လိုင်းလောင်းကစား ပပျောက်ရေးနဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ပါတယ်။

တိုင်းစစ်ဌာနချုပ်ကို လက်လွှတ်လိုက်ရပြီးနောက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တရုတ်နယ်စပ်မှာ အခြေတည်တဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဟာ လက်နက်ခဲယမ်းတွေ ထုတ်လုပ်နေပြီး တခြားတိုင်းရင်းသားအဖွဲ့တွေနဲ့ PDF တွေကို ရောင်းချနေတယ်လို့ မိန့်ခွန်းထဲမှာ စွပ်စွဲပြောဆိုခဲ့ပါတယ်။ စက်ရုံတွေနဲ့ လက်နက်ခဲယမ်းတွေအတွက် နည်းပညာနဲ့အင်အားတွေ ဘယ်ကရသလဲဆိုတာကို ဆန်းစစ်ရမှာဖြစ်တယ်လို့လည်း ထည့်သွင်းပြောခဲ့တာပါ။

“တရုတ်ကိုယ်စားလှယ်ရဲ့ ခရီးစဥ်ဟာလည်း သူတို့လိုချင်တာကို လာညှိနှိုင်းတဲ့သဘောပါပဲ”

ဒါ့အပြင် စစ်တပ်နဲ့ မြောက်ပိုင်းညီနောင်သုံးဖွဲ့ရဲ့ နောက်ဆက်တွဲ ဟိုင်ဂင် ဆွေးနွေးပွဲကို သြဂုတ် ၈ ရက်နေ့မှာကျင်းပဖို့ စီစဥ်ထားတယ်ဆိုပြီး သတင်းတွေထွက်ခဲ့ပေမဲ့ စစ်တပ်ဘက်က ဒီဆွေးနွေးပွဲကို မတက်တာကြောင့် ဆွေးနွေးပွဲပျက်ခဲ့ပါတယ်။ ဒါ့ကြောင့် တရုတ်က စစ်ကောင်စီကို စားပွဲဝိုင်းဆီ ပြန်ရောက်ဖို့ လာရောက်ညှိနှိုင်းတာ ဖြစ်နိုင်တယ်လို့ တရုတ်အခြေစိုက် မြန်မာ့အရေးလေ့လာသူ ဒေါက်တာ လှကျော်ဇောက သုံးသပ်ပါတယ်။

“ဒီလိုဗျ။ ကြည့်ရတာ ဟို မင်းအောင်လှိုင်တို့က တရုတ်ကို နည်းနည်းစိတ်ကွက်နေပုံ ရတယ်လေနော်။ ဘာလို့ဆို တရုတ်က အစည်းအဝေးတက်ဖို့ ဖိတ်တာလည်း မလိုက်ဘူး။ နောက်တစ်ခုက MNDAA ကိစ္စတွေကလည်း အောင်ပွဲကဆက်ပြီး စစ်တပ်ဘက်ကပဲ အရှုံးကြီးရှုံး၊ အဲဒီကိစ္စတွေကို စေ့စပ်ဆွေးနွေးတဲ့ စားပွဲပေါ်ရောက်အောင် လာဖိတ်တာပဲ ဖြစ်နိုင်တယ်ထင်တယ်”

ရှမ်းပြည်နယ်မြောက်ပိုင်းက လားရှိုးအပါအဝင် မြို့ပေါင်း နှစ်ဆယ်ကျော်ကို လက်လွှတ်ခဲ့ရတဲ့ စစ်ကောင်စီတပ်ဟာ အဲဒီမြို့တွေကို လေကြောင်းကနေ ဆက်တိုက်တိုက်ခိုက်နေပါတယ်။

MNDAA သိမ်းပိုက်ထားတဲ့ သိန္နီမြို့ကို ဇူလိုင်လအတွင်းမှာ လေကြောင်းကနေ ခြောက်ကြိမ် ဗုံးကြဲခဲ့တာကြောင့် အရပ်သား ၁၃ ဦး သေဆုံးပြီး ဆယ်ဦးကျော် ဒဏ်ရာရခဲ့ပါတယ်။

ကွတ်ခိုင်မြို့ကိုလည်း သြဂုတ်လအတွင်း လေကြောင်းကနေ နှစ်ကြိမ် ဗုံးကြဲခဲ့တာကြောင့် အရပ်သားခြောက်ဦး သေဆုံးခဲ့ပါတယ်။

အလားတူ တရုတ်နယ်စပ်က MNDAA ထိန်းချုပ်ထားတဲ့ လောက်ကိုင်မြို့ကိုလည်း လေကြောင်းကနေ မကြာခဏဗုံးကြဲနေတာကြောင့် အရပ်သားတွေ ထိခိုက်သေဆုံးနေပါတယ်။

ဒီလိုတိုက်ခိုက်နေတဲ့အပေါ် တရုတ်အပါအဝင် နိုင်ငံတကာ အစိုးရတွေက အရေးယူပေးဖို့ မြောက်ပိုင်းညီနောင်သုံးဖွဲ့က သြဂုတ် ၆ ရက်နေ့မှာ ထုတ်ပြန်ချက်ထုတ်ပြီး တောင်းဆိုခဲ့ပါတယ်။ တရုတ်နိုင်ငံကလည်း ရှမ်းပြည် မြောက်ပိုင်းမှာရှိတဲ့ သူ့ရဲ့နိုင်ငံသားတွေ အမြန်ဆုံးရွှေ့ပြောင်းကြဖို့ သြဂုတ် ၆ ရက်နေ့မှာ သတိပေးခဲ့ရပါတယ်။

၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၃ ရက်နေ့တွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို ကိုးကန့်တပ်မတော် (MNDAA) နှင့် ပူးပေါင်းတပ်ဖွဲ့ သိမ်းယူပြီးချိန် MNDAA တပ်ဖွဲ့ဝင်အချို့အား တွေ့ရစဉ်။ (Photo: Facebook/ 果敢资讯网)
၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၃ ရက်နေ့တွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို ကိုးကန့်တပ်မတော် (MNDAA) နှင့် ပူးပေါင်းတပ်ဖွဲ့ သိမ်းယူပြီးချိန် MNDAA တပ်ဖွဲ့ဝင်အချို့အား တွေ့ရစဉ်။ (Photo: Facebook/ 果敢资讯网)

ဒါ့အပြင် ရှမ်းပြည်နယ်မြောက်ပိုင်းဟာ တရုတ်ရဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်းတွေ ဖြတ်သန်းရာနေရာဖြစ်သလို ပိုးလမ်းမ စီမံကိန်းမှာပါဝင်တဲ့ မီးရထားလမ်း စီမံကိန်းတွေ အကောင်အထည် ဖော်မဲ့မြို့တွေလည်း ရှိနေတာပါ။

ဒါ့ကြောင့် တရုတ်ဟာ သူ့အကျိုးစီးပွားတွေ မထိခိုက်အောင် စစ်တပ်ရဲ့ လေကြောင်းသုံး တိုက်ခိုက်နေတာတွေလျှော့ဖို့ တောင်းဆိုတာမျိုး ရှိလာနိုင်တယ်လို့ ရှမ်းပြည် နိုင်ငံရေးလေ့လာသူတစ်ဦးက သုံးသပ်ပါတယ်။

“သူကတော့ လေကြောင်းမသုံးဖို့ဆိုတဲ့ သံခင်း၊ တမန်ခင်း စကားလုံးအရတော့ တိုက်ရိုက်တော့ ပြောပိုင်ခွင့်မရှိပေမဲ့ လူထုကိုအန္တရာဖြစ်စေမဲ့ လက်နက်ပစ္စည်းတွေမသုံးဖို့ အရိပ်အမြွတ်တော့ ပြောပေးလိမ့်မယ်လို့ ထင်တယ်ပေါ့လေ။ သူ တောင်းဆိုပါတယ်ဆိုတာကို သက်သေပြုချင်လို့။ တောင်းဆိုတာ လုပ်ပေးနိုင်တာ မလုပ်ပေးနိုင်တာက တစ်ဖက်က လေကြောင်းကို အသုံးပြုနေတဲ့အဖွဲ့အစည်းက သူ့ရဲ့သဘောထားပဲ”


ဆက်နွှယ်သောသတင်းများ

လားရှိုးက တိုင်းစစ်ဌာနချုပ်ကို MNDAA ထိန်းချုပ်

စစ်ကောင်စီတိုက်ခိုက်မှု တားဆီးပေးဖို့ မြောက်ပိုင်းမဟာမိတ်တွေ တရုတ်ကို တောင်းဆို

တရုတ်စီမံကိန်းနှစ်ခုကို ကာကွယ်ရေးအဖွဲ့တွေ ထိန်းချုပ်ထား


၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်ကစခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုအရ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်မှာ ဟိုင်ဂင် သဘောတူညီချက်နဲ့ တိုက်ပွဲတွေ ရပ်တန့်ခဲ့ပါတယ်။

အဲဒီနောက် အခုနှစ် ဇွန် ၂၅ ရက်နေ့ကစလို့ ဟိုင်ဂင် သဘောတူညီချက် ပျက်ပြယ်ခဲ့ပြီး တိုက်ပွဲတွေ ပြန်လည်ပြင်းထန်ခဲ့သလို ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချို၊ ကျောက်မဲ၊ လားရှိုး၊ မိုးမိတ်နဲ့ မန္တလေးတိုင်းထဲက မိုးကုတ်မြို့ကို ကိုးကန့်တပ် (MNDAA)၊ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ မဟာမိတ်အဖွဲ့တွေ သိမ်းပိုက်ထားပါတယ်။

စစ်တပ်အရာရှိဟောင်း နိုင့်ရေးလေ့လာသူတစ်ဦးကတော့ တိုက်ပွဲတွေပြန်ဖြစ်တာ တရုတ်ရဲ့လက်ချက်ပါဝင်ပြီး အခု တရုတ်ကိုယ်စားလှယ်ရဲ့ ခရီးစဥ်ဟာလည်း သူတို့လိုချင်တာကို လာညှိနှိုင်းတဲ့သဘောပဲလို့ RFA ကို ပြောပါတယ်။

“စစ်ရေးအရာ အသာစီးရလာပြီဆိုရင် ဒီကိုလာလာပြီး အပစ်အခတ်ရပ်စဲဖို့ လာလာပြောတာပေါ့နော်။ ဟိုကောင်တွေကိုတော့ စဖြစ်ကတည်းက ရပ်ထားလို့ မပြောဘူး။ အမှန်အတိုင်းပြောရင် လာနှဲ့နေတာပေါ့နော်။ ဒီက မတက်တဲ့အခါကျတော့ (ဆွေးနွေးပွဲ) သူ ဒီလို ဆုံးဖြတ်ထားပါတယ်ဆို လာပြီးပြန်ရှင်းပြတာပေါ့နော်။ လိုချင်တဲ့ဟာကို လာလာနှဲ့နေတာပေါ့နော်”

တရုတ်အထူးကိုယ်စားလှယ်ရဲ့ မြန်မာနိုင်ငံခရီးစဥ်နဲ့ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကို RFA က အီးမေလ်ကနေ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ပြန်လည်ဖြေဆိုခြင်း မရှိသေးပါဘူး။ အလားတူ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမဲ့လည်း ပြန်လည်ဖြေဆိုခြင်း မရှိပါဘူး။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ဝန်ကြီးချုပ်ရုံးပြောခွင့်ရသူ ဦးနေဘုန်းလတ်ကတော့ ဒီတွေ့ဆုံမှုရဲ့အကျိုးဆက်ကိုတော့ စောင့်ကြည့်ရမယ်လို့ ပြောပါတယ်။

“ဒီတွေ့ဆုံမှုမှာ ဘာတွေပြောခဲ့ကြလဲ၊ နောက်ပြီး ဒီတွေ့ဆုံမှုရဲ့ အကျိုးဆက်အနေနဲ့ ဘာတွေလုပ်ပြီး လုပ်ကိုင်ဆောင်ရွက်ကြမှာလဲဆိုတဲ့ ကိစ္စတွေကိုတော့ ဆက်လက်စောင့်ကြည့်ရမဲ့ အနေအထား ဖြစ်ပါတယ်ဗျ။ အဲဒီတော့ ပြည်သူတွေက ဘာကိုလိုလားနေတာလဲ၊ ပြည်သူတွေရဲ့ဆန္ဒက ဘာလဲ၊ သဘောထားက ဘာလဲ ဒါတွေကိုမြင်အောင်ကြည့်ပြီးတော့ ဒီဆန္ဒတွေကို အလေးအနက်ထားပြီးတော့ ဒီဆန္ဒတွေနဲ့ မကွဲလွဲတဲ့ ကျွန်တော်တို့ လုပ်ကိုင်ဆောင်ရွက်မှုမျိုးကို လုပ်ကြဖို့ ကျွန်တော်တို့ကတော့ ဒါအမြဲတမ်း တိုက်တွန်းလျက်ရှိပါတယ်ခင်ဗျ”

၂၀၂၄ ဧပြီ ၁ ရက်နေ့ကလည်း ကချင်ပြည်နယ်နဲ့ တရုတ်နယ်စပ်ဒေသ လွယ်ဂျယ်မြို့မှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့ တိုက်ပွဲပြင်းထန်ချိန် တရုတ်အထူးကိုယ်စားလှယ် တိန့်ရှီးကျွင်း နေပြည်တော်ကို သွားရောက်ခဲ့ပါသေးတယ်။

လွယ်ဂျယ်မှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ မိသားစုတွေကို KIA နဲ့ မဟာမိတ်တပ်ဖွဲ့တွေ ဝန်းရံပိတ်ဆို့ထားချိန်မှာ တရုတ် အထူးကိုယ်စားလှယ် နေပြည်တော်ကို သွားရောက်ခဲ့တာဖြစ်ပြီး အဲဒီနောက်ပိုင်းမှာ KIA က လွယ်ဂျယ်မြို့ကို သိမ်းပိုက်ခဲ့ပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး မစ္စတာစွန်းဝေတုန်နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၅ ရက်နေ့က နေပြည်တော်တွင် တွေ့ဆုံစဉ်။ (Photo: Myanmar Military)

စစ်ကောင်စီတပ်နဲ့ မြောက်ပိုင်းညီနောင်သုံးဖွဲ့ တိုက်ပွဲပြင်းထန်နေချိန် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၅ ရက်နေ့ကလည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုဝန်ကြီး မစ္စတာစွန်းဝေတုန်းဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ နေပြည်တော်ကိုရောက်လာပြီး စစ်ကောင်စီဥက္ကဋ္ဌနဲ့ တွေ့ဆုံခဲ့ပါတယ်။

အဲဒီလို တွေ့ဆုံမှုအပြီးမှာပဲ စစ်ကောင်စီတပ်နဲ့ မြောက်ပိုင်းညီနောင်သုံးဖွဲ့တို့ ဟိုင်ဂင် အပစ်အခတ်ရပ်စဲရေး စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြတာပါ။

ဒီတစ်ကြိမ် တရုတ်အထူးကိုယ်စားလှယ်ရဲ့ ခရီးစဥ်အပြီးမှာလည်း စစ်ကောင်စီနဲ့ မြောက်ပိုင်းသုံးဖွဲ့အကြား ဆွေးနွေးပွဲတွေပြန်ပေါ်လာပြီး အပစ်အခတ်ရပ်စဲမှုတွေ ဖြစ်လာမလားဆိုတာကတော့ စောင့်ကြည့်ရမယ်လို့ နိုင်ငံရေးလေ့လာသူတွေက ပြောကြပါတယ်။

(မှတ်ချက်။ ။ စစ်တပ်အရာရှိဟောင်းတစ်ဦး၊ ရှမ်းပြည်နိုင်ငံရေးလေ့လာသူနှင့် NUG ဝန်ကြီးချုပ်ရုံးပြောခွင့်ရသူတွေ၏အသံကို ထပ်မံဖြည့်စွက်ရေးသားထားပါသည်။)

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
စစ်ခေါင်းဆောင်တွေကို ဖမ်းဝရမ်းထုတ်နိုင်ရေး ကူညီကြဖို့ IIMM တိုက်တွန်း
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။