တရုတ်-မြန်မာ ဆက်ဆံရေးပျက်ပြားအောင် သွေးထိုးလှုံ့ဆော်နေကြောင်း စစ်ကောင်စီစွပ်စွဲ

ကျော်ထွန်းနိုင် (ဝါရှင်တန်ဒီစီ)
2023.12.04
တရုတ်-မြန်မာ ဆက်ဆံရေးပျက်ပြားအောင် သွေးထိုးလှုံ့ဆော်နေကြောင်း စစ်ကောင်စီစွပ်စွဲ ၂၀၂၁ ခုနှစ်၊ မတ်လ ၂၃ ရက်နေ့က နေပြည်တော်တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ တက်ရောက်လာသော စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်း။
AFP

မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့က “၁၀၂၇ စစ်ဆင်ရေး” အနေနဲ့ တရုတ်-မြန်မာနယ်စပ်မှာရှိတဲ့ မြို့နယ်တွေအပါအဝင် ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့နယ်တွေနဲ့ စစ်ကောင်စီတပ်စခန်းတွေကို အောက်တိုဘာ ၂၇ ရက်နေ့ကစပြီး တိုက်ခိုက်သိမ်းပိုက်နေပါတယ်။

စစ်ကောင်စီကတော့ အဲဒီနယ်စပ်ဒေသတည်ငြိမ်ရေးအတွက် တရုတ်နဲ့ မြန်မာ ပူးပေါင်းဆောင်ရွက်နေတယ်လို့ တုံ့ပြန်ထားပါတယ်။

ဒီအချိန်မှာ အနောက်နိုင်ငံတွေက အထောက်အပံ့ယူထားတဲ့ မီဒီယာတွေက တရုတ်-မြန်မာ ဆက်ဆံရေးပျက်ပြားအောင် သွေးထိုးလှုံ့ဆော်နေတယ်လို့ စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက စစ်ကောင်စီထိန်းချုပ်ထားတဲ့ မီဒီယာတွေကတစ်ဆင့် ဒီဇင်ဘာ ၃ ရက်နေ့မှာ စွပ်စွဲပြောဆိုလိုက်ပါတယ်။

“တရုတ်ပြည်သူ့သမ္မတနိုင်ငံနဲ့ မြန်မာနိုင်ငံတို့ဟာ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေးကိစ္စများကို ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။ ဒီလိုအချိန်မှာပဲ အနောက်နိုင်ငံအထောက်အပံ့ယူထားတဲ့ မီဒီယာများအနေနဲ့ နှစ်နိုင်ငံ ဆက်ဆံရေးအပေါ်မှာ အထင်အမြင်လွဲမှားလာအောင် နှစ်နိုင်ငံဆက်ဆံရေးနဲ့ ပတ်သက်ပြီး ဆက်ဆံရေးပျက်ပြားအောင် မျိုးစုံဝေဖန်တိုက်ခိုက်တာတွေ၊ မျိုးစုံ သွေးထိုးလှုံ့ဆော်တာတွေရှိကြောင်း တွေ့ရပါတယ်။”

အဲဒီလိုစွပ်စွဲပေမဲ့ နိုင်ငံနဲ့ မီဒီယာနာမည်တွေကိုတော့ စစ်ကောင်စီက တိတိကျကျ ထည့်သွင်း ပြောဆိုတာမရှိပါဘူး။ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ စိုင်းကြည်ဇင်စိုးကတော့ နှစ်နိုင်ငံ စောင့်ထိန်းရမှာတွေကို မလိုက်နာလို့သာ ယုံကြည်မှု လျော့သွားနိုင်တဲ့ကိစ္စဖြစ်ပြီး တခြားနိုင်ငံတွေက ကြားဝင်လို့ရတဲ့ ကိစ္စမဟုတ်ဘူးလို့ ထောက်ပြပါတယ်။

“နိုင်ငံချင်း ယုံကြည်မှုတည်ဆောက်ထားတာကို မယုံတော့ဘူးဖြစ်သွားတာက ယုံကြည်စရာမရှိလို့ပဲ ဖြစ်ပါတယ်။ တခြားနိုင်ငံက ကြားဝင်ပြီး ယုံကြည်မှုပျက်ပြားအောင် နားလည်မှုပျက်ပြားအောင် လုပ်တယ်ဆိုတာက မြန်မာပေါကားဆန်တယ်ပေါ့နော်။ နှစ်နိုင်ငံကြားမှာ စောင့်စည်းရမဲ့ကိစ္စ လုပ်ရမဲ့ကိစ္စ၊ မလုပ်ရမဲ့ကိစ္စတွေကို ဆောင်ရန်၊ ရှောင်ရန်တွေကို မလိုက်နာတဲ့အတွက် ယုံကြည်စရာ လျော့နည်းသွားပြီး နားလည်မှုလွဲတာက ပိုပြီးဖြစ်နိုင်ပါတယ်”

ညီနောင်မဟာမိတ်သုံးဖွဲ့က တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နေရာတွေထဲမှာ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးနေရာတွေလည်း ပါဝင်ပါတယ်။

အဲဒီနေရာတွေဟာ တရုတ်-မြန်မာနှစ်နိုင်ငံ ကူးသန်းရောင်းဝယ်ရေးနဲ့ နှစ်နိုင်ငံဆက်ဆံရေးအတွက် အရေးကြီးတဲ့နေရာတွေလို့ စစ်ကောင်စီက ဒီဇင်ဘာ ၃ ရက်နေ့မှာ ပြောထားပါတယ်။ ဒီလိုအရေးကြီးတဲ့ နယ်စပ်ကုန်သွယ်ရေးဂိတ်ရှိတဲ့ နေရာတွေကို နှစ်နိုင်ငံလုံးက အခြေအနေပျက်ပြားအောင်လုပ်မှာ မဟုတ်ဘူးလို့လည်း စစ်ကောင်စီက ဆိုပါတယ်။

'ဝ' ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ အွန်လိုင်းငွေလိမ်ဂိုဏ်းများတွင် ပါဝင်လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသားများအား UWSA 'ဝ' တပ်ဖွဲ့က ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်နေ့တွင် နယ်စပ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးနေစဉ်။ (Photo: USTV)
'ဝ' ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ အွန်လိုင်းငွေလိမ်ဂိုဏ်းများတွင် ပါဝင်လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသားများအား UWSA 'ဝ' တပ်ဖွဲ့က ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်နေ့တွင် နယ်စပ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးနေစဉ်။ (Photo: USTV)

တရုတ်စီမံကိန်းတွေ ရှိတဲ့နေရာတွေကို ဦးတည်လုပ်ဆောင်တာဟာ နှစ်နိုင်ငံဆက်ဆံရေး မတည်ငြိမ်အောင် နောက်ကွယ်က အင်အားစုတွေက လုပ်နေတာလို့ စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက စွပ်စွဲထားတာပါ။

“ဒီနေရာတွေကို နှစ်နိုင်ငံအစိုးရအနေနဲ့ အခြေအနေ ယိုယွင်းပျက်ပြားအောင် ဘယ်တော့မှ လုပ်ဆောင်မှာ မဟုတ်ပါဘူး။ တရုတ်ပြည်သူ့သမ္မတ နိုင်ငံရဲ့ စီမံကိန်းတွေရှိတဲ့နေရာတွေကို ဦးတည်ပြီးလုပ်ဆောင်နေတာရဲ့ နောက်ကွယ်မှာ ယခင်ကတည်းကတိုင် မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးမတည်မငြိမ် ဖြစ်စေဖို့၊ နှစ်နိုင်ငံဆက်ဆံရေး မတည်မငြိမ်ဖြစ်စေဖို့အတွက် လုပ်ဆောင်နေတဲ့ နောက်ကွယ်က အင်အားစုများတယ်ဆိုတာကို ကျွန်တော်တို့အားလုံးက ဂရုစိုက်ရမှာဖြစ်ပါတယ်။ အားလုံးက နားလည်သဘောပေါက်ပြီး ဒီလုပ်ရပ်တွေကို အမြန်ဆုံးရပ်တန့်နိုင်ရေး စီစဉ်ရမှာဖြစ်ပါတယ်။”

စစ်ကောင်စီရဲ့ ပြောဆိုချက်နဲ့ပတ်သက်ပြီး မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) ပြောရေးဆိုခွင့်ရှိသူ လီကျားဝင်းကို RFA က‌ ဆက်သွယ်မေးမြန်းထားပေမဲ့ ပြန်လည်ဖြေဆိုတာ မရှိသေးပါဘူး။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်ကတော့ ရှမ်းပြည်နယ်က တိုက်ပွဲတွေဟာ တရုတ်-မြန်မာနယ်စပ် တည်ငြိမ်ပြီး စစ်တပ်ခေါင်းဆောင်တွေ အကျိုးစီးပွားအတွက် တရားမဝင်လုပ်နေတဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေ တိုက်ဖျက်ဖို့နဲ့ လူကုန်ကူးမှုတွေကို တားဆီးနိုင်အောင် ကြိုးစားဆောင်ရွက်နေတာလို့ ပြောပါတယ်။

“တရုတ်နိုင်ငံနဲ့ ချစ်ကြည်ရေးပျက်ပြားအောင် သူတို့လုပ်နေတာ၊ တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံကြားမှာ တည်ငြိမ်မှုရှိအောင်အတွက် တရုတ်နယ်စပ်မှာ စစ်တပ်ရဲ့လက်ပါးစေတွေ၊ စစ်တပ်ရဲ့စစ်ဗိုလ်ချုပ်တွေရဲ့ အကျိုးစီးပွားအတွက် တရားမဝင်လုပ်နေတဲ့ အွန်လိုင်း ငွေလိမ်လုပ်ငန်းတွေနဲ့ လူကုန်ကူးမှုတွေရပ်တန့်အောင် ကျွန်တော်တို့လုပ်တာ။ အဲဒီလိုလုပ်ခြင်းအားဖြင့် တရုတ်-မြန်မာနယ်စပ်မှာ တည်ငြိမ်ပြီးတော့ နှစ်နိုင်ငံ ပြည်သူတွေ အကျိုးရှိတဲ့ဟာပေါ့နော်၊ တရားဥပဒေစိုးမိုးပြီး နယ်စပ်မှာ တည်ငြိမ်ဖို့အတွက် တော်လှန်ရေး အင်အားစုတွေက လုပ်နေတာဖြစ်ပါတယ်”

တခြားနိုင်ငံတွေနဲ့ အဖွဲ့အစည်းတွေရဲ့ လွှမ်းမိုးမှုတွေမပါဘဲ ပြည်သူ့တော်လှန်ရေး ဖြစ်တယ်လို့လည်း ဦးကျော်ဇော်က ပြောပါတယ်။

ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ တိုက်ခိုက်မှုတွေမှာ ပြည်ပဒရုန်းပညာရှင်တွေ ပါဝင်နေတယ်လို့လည်း စစ်ကောင်စီက စွပ်စွဲထားပြီး ဘယ်နိုင်ငံက ပညာရှင်တွေဆိုတာကိုတော့ မပြောပါဘူး။ ဒီစွပ်စွဲချက်ကိုတော့ MNDAA ပြန်ကြားရေး တာဝန်ရှိသူ လီကျားဝင်းက ငြင်းဆိုထားပါတယ်။

ညီနောင်မဟာမိတ်သုံးဖွဲ့သိမ်းပိုက်ထားတဲ့ နယ်မြေတွေထဲမှာ တရုတ်နိုင်ငံရဲ့ ခေတ်သစ်ပိုးလမ်းမ (BRI ) စီမံကိန်းတွေ ရှိနေတာပါ။ ဒါ့အပြင် တရုတ်-မြန်မာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းလည်းရှိနေပါတယ်။

အဲဒီစီမံကိန်းက ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် ဇီးပင်ကြီးရွာအနီးက ဓာတ်ငွေ့ ထိန်းချုပ်ရေးစခန်းရဲ့ စက်ပစ္စည်းတွေကို တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နဲ့ ရက္ခိုင့်တပ်တော် (AA) တို့က ဖျက်ဆီးသွားတယ်လို့လည်း စစ်ကောင်စီက စွပ်စွဲပြောဆိုထားပါတယ်။ ဒီစွပ်စွဲချက်ကိုတော့ TNLA က သူတို့ဖျက်ဆီးတာ မဟုတ်ကြောင်း ငြင်းဆိုထားပါတယ်။

စစ်ကောင်စီရဲ့ ပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကို RFA က အီးမေးလ်နဲ့ ဆက်သွယ်မေးမြန်းထားပေမဲ့ တစ်စုံတစ်ရာ အကြောင်းပြန်ကြားခြင်း မရှိသေးပါဘူး။

စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ် Mr. Deng Xijun တို့ ၂၀၂၃ ခုနှစ် မတ်လ ၆ ရက်က နေပြည်တော်တွင် တွေ့ဆုံခဲ့စဉ်။ (Photo: Myanmar Military)
စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ် Mr. Deng Xijun တို့ ၂၀၂၃ ခုနှစ် မတ်လ ၆ ရက်က နေပြည်တော်တွင် တွေ့ဆုံခဲ့စဉ်။ (Photo: Myanmar Military)

တရုတ်-မြန်မာနယ်စပ်မှာ အခြေစိုက်တဲ့ နိုင်ငံရေးလေ့လာသူ ဒေါက်တာလှကျော်ဇောကတော့ တရုတ်ဆန့်ကျင်ရေးဖြစ်အောင် စစ်ကောင်စီက လုပ်နေတာလို့ သုံးသပ်ပါတယ်။

“တရုတ်နဲ့ စစ်တပ်ကွဲအောင် ဖြစ်စေချင်တဲ့ အဖွဲ့အစည်းတွေလည်းရှိမှာပေါ့နော်။ စစ်ကောင်စီက သူ့ရဲ့ရှုံးနိမ့်မှုတွေကို အမြဲတမ်း တစ်ယောက်ယောက်အပေါ်မှာ ပုံချတဲ့အလေ့အရ ပြောတာပဲ။ တရုတ်ကတော့ ရှင်းတယ်။ တရုတ်ပြောတဲ့အထဲမှာ တစ်ခုပါတယ်။ အဲဒါ ဘာလဲဆိုတော့ မြန်မာပြည်မှာ တရုတ်ဆန့်ကျင်ရေးလုပ်နေတာ စစ်ကောင်စီက လုပ်နေတာတဲ့ လှိုင်သာယာမှာ မီးရှို့ခံရတာတွေ ဖြစ်ကတည်းက ပြောနေတာ၊ ဘာလို့လဲဆိုရင် တစ်ပြည်လုံး ပြည်သူတွေက ပေါ်ပေါက်လာတဲ့ အမုန်းတရားကို တရုတ်ဘက်ကို လှည့်ပေးနေတာလို့ တရုတ်ကပြောတယ်ဗျ”

ညီနောင်မဟာမိတ်သုံးဖွဲ့ဟာ ရှမ်းပြည်နယ် မြောက်ပိုင်းက မြို့နယ်တွေကို သိမ်းပိုက်ခဲ့ပြီးနောက်ပိုင်း စစ်တပ်ထောက်ပံ့ထားတဲ့ အမျိုးသားရေးသမားဆိုသူတွေက ရန်ကုန်မြို့ တရုတ်သံရုံးရှေ့မှာ တရုတ်ဆန့်ကျင်ရေး ဆန္ဒပြတာကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၉ ရက်နေ့က လုပ်ခဲ့ပါတယ်။ ဒါ့အပြင် တခြားမြို့တွေမှာလည်း အမျိုးသားရေးသမား ဆိုသူတွေက တရုတ်ဆန့်ကျင်ရေး လှုပ်ရှားခဲ့ပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ဘင်း (Wang Wenbin) က … တရုတ်-မြန်မာ နှစ်နိုင်ငံကြား သဘောထားကွဲလွဲအောင်နဲ့ နှစ်နိုင်ငံဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေး ပျက်ပြားအောင်လုပ်ဖို့ ကြိုးပမ်းမှုတွေကို လက်မခံနိုင်သလို အောင်မြင်မှာလည်း မဟုတ်ဘူးလို့ နိုဝင်ဘာလကုန်လောက်က ပြောထားပါတယ်။ ဒါ့အပြင် တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့နယ်မြေတည်တံ့ခိုင်မြဲရေးကို အစဉ်လေးစားကြောင်းနဲ့ မြန်မာပြည်တည်ငြိမ်ဖွံ့ဖြိုးဖို့မျှော်လင့်ကြောင်းလည်း ပြောခဲ့ပါတယ်။

အောက်တိုဘာ ၂၇ ရက်ကစခဲ့တဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ “၁၀၂၇ စစ်ဆင်ရေး” တစ်လကျော်လာချိန်မှာပဲ စစ်ကောင်စီရဲ့ တပ်စခန်းပေါင်း နှစ်ရာကျော်ကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ MNDAA က ဒီဇင်ဘာလ ၃ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီက စစ်ရေးအရ ရှုံးနိမ့်မှုတွေ များလာတာကြောင့် တခြားသူတွေအပေါ် အပြစ်ပုံချတာလို့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ကြပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
မြန်မာစစ်တပ်နဲ့ ကြံရာပါဖြစ်နေတဲ့ တရုတ် လေယာဉ်ကုမ္ပဏီ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။