ဆုပ်လည်းစူး စားလည်းရူးဖြစ်နေတဲ့ တရုတ်ပြည်သွားဖို့မျှော်လင့်နေတဲ့ မြန်မာလူငယ်များ
2025.02.08
Updated 6:23 PM, Feb 9,2025
အသက် ၂၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ပဲခူးမြို့က ကိုဇော်ဇော်တစ်ဦး သူတစ်ခါမှ စိတ်ကူးမယဥ်ဖူး၊ မရောက်ဖူးတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်ပြည်နယ်စပ်က မူဆယ်မြို့မှာ ရောက်နေတာ ငါးလကျော် လာပြီဖြစ်ပါတယ်။
သူ့ကိုမှီခိုနေတဲ့ အသက် ၆၀ ကျော်အရွယ် ကျန်းမာရေးမကောင်းတဲ့ မိဘနှစ်ပါးကို ပဲခူးမြို့မှာထားခဲ့ပြီး သူ့ဇာတိကနေ မိုင်ပေါင်း ခြောက်ရာကျော်ဝေးတဲ့ ယူနန်ပြည်နယ်က အထည်ချုပ် စက်ရုံတစ်ရုံမှာ အလုပ်လုပ်ဖို့ ပွဲစားတွေကတစ်ဆင့် ၂၀၂၄ သြဂုတ် ၂၀ ရက်နေ့ကတည်းက မူဆယ်မြို့မှာ ရောက်နေတာပါ။
“ရန်ကုန်မှာက လစာ အလွန်ဆုံးရမှ နှစ်သိန်းခွဲပဲရတာလေ တစ်လမှာ။ သူငယ်ချင်းပြောတာက တရုတ်မှာ ၁၀ သိန်းကျော်ရတာဆိုတော့ ကိုယ့်အိမ်အတွက်လည်း ပိုပိုသာသာရှိမယ် ကုန်ကျမှုလည်းမရှိဘူး၊ စက်ရုံရောက်မှပြန်ဖြတ်မယ်ဆိုတာနဲ့လိုက်လာတာပဲ”
ရန်ကုန်ကနေ မူဆယ်ကိုလာချိန်မှာလည်း တောင်ကြီးဘက်ကနေပတ်ပြီး ခက်ခက်ခဲခဲလာခဲ့ရတာဖြစ်ပြီး လမ်းခရီးမှာ ၁၀ ရက်တောင်ကြာခဲ့တယ်လို့ပြောပါတယ်။
သူက အသိမိတ်ဆွေတွေကတစ်ဆင့် ပွဲစားတွေနဲ့ချိတ်ပြီး မူဆယ်ကို လာခဲ့တာဖြစ်ပါတယ်။ မသွားခင်ကတော့ တရုတ်ကိုဝင်ရဖို့ မူဆယ်မှာ အများဆုံး ၁၅ ရက်သာကြာတယ်လို့ ပြောဆိုထားပေမဲ့ အခုက ငါးလကျော်ကြာလာတဲ့အထိ တရုတ်ကိုဝင်လို့မရသေးဘဲ မူဆယ်မှာ ပိတ်မိနေဆဲပဲလို့ ပြောပါတယ်။
“ကျွန်တော်တို့က အိမ်မှာအဆင်မပြေတော့ ရန်ကုန်မှာက လစာ အလွန်ဆုံးရမှ နှစ်သိန်းခွဲပဲရတာလေ တစ်လမှာ။ သူငယ်ချင်းပြောတာက တရုတ်မှာ ၁၀ သိန်းကျော်ရတာဆိုတော့ ကိုယ့်အိမ်အတွက်လည်း ပိုပိုသာသာရှိမယ် ကုန်ကျမှုလည်းမရှိဘူး၊ စက်ရုံရောက်မှပြန်ဖြတ်မယ်ဆိုတာနဲ့လိုက်လာတာပဲ။ ပွဲစားသုံးသိန်းပေးရတယ်။ ရန်ကုန်ကနေ စလာတော့ မူဆယ်မှာ အလွန်ဆုံးနေရရင် ၁၅ ရက်။ ၁၅ ရက်နေပဲနေမယ် နောက်တော့ သူဌေးက ခေါ်ပေးမယ်ဆိုပြီးခေါ်လာတာ အဲလိုနဲ့နေလာတာ ၆ လပြည့်တော့မယ် မူဆယ်မှာ”
ရန်ကုန်က အထည်ချုပ်စက်ရုံမှာအလုပ်လုပ်နေရင်း ခက်ခဲနေတဲ့ မိသားစုကို ပိုပြီးထောက်ပံ့နိုင်ဖို့ ဂျပန် စာလေ့လာပြီး ဂျပန်စာကျွမ်းကျင်မှုကို စမ်းသပ်တဲ့ စာမေးပွဲ (N4) အဆင့်အောင်ပြီး သွားဖို့ပြင်ဆင်နေတဲ့အချိန်မှာပဲ စစ်မှုထမ်းဥပဒေထွက်လာပြီး လူငယ်တွေကို ဖမ်းဆီးလာတာကြောင့် အမြန်ထွက်လို့ရမယ့် တရုတ်ကိုသွားဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
သူတို့ရဲ့ မှတ်ပုံတင်၊ စမတ်ကဒ်တွေကို ပွဲစားတွေကသိမ်းယူထားပြီး မူဆယ်က သိန်းသန်းချီ ကားကွင်းက တိုက်တန်းတွေ၊ ဂိုဒေါင်တွေမှာ ထားပြီး ပွဲစားတွေက တစ်ရက်ကို ထမင်းနှစ်ခါလာပို့ချိန် တန်းစီပြီး တိုးစားရတယ်လို့ပြောပါတယ်။ အဲဒီထမင်းဖိုးအတွက် တစ်ရက်ကို ကျပ်ငွေ ၁၈၀၀၀ တွက်ယူထားပြီးသား ဖြစ်ပြီး အဲငွေတွေကိုပြန်ဆပ်ရမှာဖြစ်တယ်လို့ ပြောပါတယ်။
မူဆယ်မှာလည်း အလုပ်အကိုင်တွေ မရှိတဲ့အတွက် မူဆယ်ရောက်ပြီးကတည်းက အလုပ်တစ်ခုမှမလုပ်ရဘဲ နေနေရတယ်လို့လည်း ပြောပါတယ်။
သူက ပဲခူးမြို့နယ် ကျေးရွာတစ်ရွာကနေ ရန်ကုန်အထည်ချုပ်စက်ရုံမှာ အလုပ်လုပ်ပြီး မိဘနှစ်ပါးကို ထောက်ပံ့နေတာ ရှစ်နှစ်ရှိပြီဖြစ်ပါတယ်။ ခုတော့ မိဘတွေကို မထောက်ပံ့နိုင်ရုံသာမက ပွဲစားခ၊ လမ်းစရိတ်၊ ပွဲစားတွေကိုပေးရမယ့် မူဆယ်မှာနေထိုင်စားသုံးစရိတ် အကြွေးတွေပေါင်းရင် ကျပ် သိန်းငါးဆယ်ကျော် အကြွေးတင်နေပြီလို့ ပြောပါတယ်။
“အဖေနဲ့အမေလည်း ဒုက္ခတွေ ကြုံနေရတာပေါ့။ နဂိုကတည်းကမှ ကျွန်တော့်ကို မှီခိုနေရတဲ့ မိဘနှစ်ပါးဆိုတော့ အခုဆိုရင် ပိုပြီးတော့ခက်ခဲတာပေါ့။ ခက်ခဲတဲ့အပြင်ကို ဒီက မဝင်ရဆိုတော့ ဒီအတွက်ကို စိတ်ညစ်တာနဲ့တစ်ချို့ သားသမီးတွေဆိုလို့ရှိရင် အိမ်ကိုတောင် ဖုန်းမဆက်တော့ဘူး အဆက်အသွယ်ဖြတ်လိုက်ပြီ။ ဘာလို့ဆို တရုတ်ပြည်ဝင်သွားပြီ၊ တရုတ်ပြည်နယ်လိုင်းသုံးလို့ မရဘူး၊ အင်တာနက်မရှိဘူးဆိုပြီး အဲလိုတွေ”
အကြွေးတွေများနေပြီး အိမ်ကလည်း ခက်ခဲနေတော့ နေမကောင်းတဲ့ ဖခင်ကို ပုံမှန်ဆေးခန်း မပို့နိုင်တော့ဘူးလို့လည်းပြောပါတယ်။
ရန်ကုန်ကို ပြန်ရောက်ပြီး တခြားနိုင်ငံပြန်ထွက်ဖို့ကလည်း ငွေကြေးအခက်အခဲနဲ့ စစ်ကောင်စီရဲ့ပိတ်ပင်မှုတွေကြောင့် ထွက်လို့မရတော့ဘူးလို့ ပြောပါတယ်။
လက်ရှိအချိန် စစ်ကောင်စီက ရန်ကုန်၊ မန္တလေးအပါ မြို့နယ်တစ်ချို့က လူငယ်တွေကို စစ်မှုထမ်းဖို့ ဖမ်းဆီးနေသလို အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အရွယ် အမျိုးသားတွေကို ပြည်ပထွက်ခွင့် ကန့်သတ်လိုက်ပါပြီ။ ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ် Overseas Worker Identification Card (OWIC) ထုတ်ပေးတာကိုပါ ဇန်ဝါရီလ ၃၀ ရက်နေ့ကစပြီး ရပ်ဆိုင်းလိုက်တာလို့ ပြည်ပအလုပ်အကိုင်အေဂျင်စီတွေက ပြောပါတယ်။
စစ်ကောင်စီဟာ ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ အသက်သွင်းခဲ့ပြီးနောက် တစ်နှစ်နီးပါးအကြာ ၂၀၂၅ ခုနှစ်၊ ဇန်ဝါရီလ ၂၃ ရက်နေ့မှာ နည်းဥပဒေကို ဆက်ပြဋ္ဌာန်းခဲ့ပါတယ်။ အဲဒီ နည်းဥပဒေ ပုဒ်မ - ၅၁ မှာ အမိန့်စာရရှိသူတွေဟာ ဗဟိုအဖွဲ့ရဲ့ ခွင့်ပြုချက်မရှိဘဲ ပြည်ပနိုင်ငံတွေကို ထွက်ခွာခွင့် မရှိစေရဆိုပြီး ဖော်ပြထားပါတယ်။
“ဒီမှာကလည်း အိပ်တာစားတာက အဆင်မပြေပါဘူး၊ မသေရုံထမင်း မသေဟင်းကျွေးတာပေါ့၊ တစ်ခါတလေကျတော့လည်း ထောင်ထဲကလို ပဲဟင်းနဲ့ ငါးပိကြော်နဲ့ ကျွေးတာပေါ့”
ကိုဇော်ဇော်လိုပဲ တရုတ်ကို အလုပ်သွားလုပ်ဖို့ မူဆယ်မှာ ပိတ်မိနေသူ နောက်ထပ်တစ်ဦးကတော့ အသက် ၂၇ နှစ်အရွယ် ပဲခူးမြို့ဇာတိ ကိုမျိုး ဖြစ်ပါတယ်။
သူကတော့ အဏာမသိမ်းခင်ကတည်းက ထိုင်းနိုင်ငံမှာ ကျပန်းအလုပ်လုပ်နေပြီး ၂၀၂၃ နှစ်ဆန်းမှာမိသားစုကို ခဏတွေ့ဆုံဖို့ မြန်မာနိုင်ငံကို ပြန်လာတာကနေ ပြန်ထွက်လို့မရတော့တဲ့အတွက် တရုတ်ကိုပဲ သွားဖို့ စိတ်ကူးခဲ့တာလို့ ပြောပါတယ်။
သူ့မှာ အသက် ၆ နှစ်အရွယ် ကလေးတစ်ယောက်ရှိပြီး စားဝတ်နေရေးအတွက် သားနဲ့ဇနီးအပြင် အသက်ကြီးပြီဖြစ်တဲ့ မိဘနှစ်ပါး၊ ဇနီးဖြစ်သူရဲ့ မိခင်တို့အတွက်ပါ ကြိုးစားရှာဖွေပေးနေရသူ ဖြစ်ပါတယ်။
သူ့အမေကလည်း အရုံကြော သိပ်မကောင်းတဲ့ ကျန်းမာရေးပြဿနာရှိပြီး ပုံမှန်ဆေးခန်းပြနေရသူဖြစ်ပါတယ်။ လက်ရှိမူဆယ်မှာလည်း ထမင်းဖိုးအတွက် တစ်ရက် ၁၈၀၀ ကျပ်နှုန်းနဲ့ တွက်ပြီး ပွဲစားတွေက ကျွေးထားတာ ဖြစ်ပေမယ့် ထမင်းဟင်းတွေ မကောင်းသလို အလုပ်လည်းမရတော့ အခက်အခဲတွေနဲ့ကြုံနေရတယ်လို့ ပြောပါတယ်။
“မိသားစုကတော့ အိမ်မှာမိဘနှစ်ပါးလည်းရှိတာပေါ့။ အိမ်မှာကလေးလေးရှိတယ်။ အခုကလေးကလည်း ရှင်ပြုဖို့က ရက်ကနီးနေပြီ ကျွန်တော်က ဒီမှာ အလုပ်ရလုပ်ရမယ်ဆိုပြီးတက်လာတာ ငါးလရှိပြီ အလုပ်က မလုပ်ရသေးဘူး။ ကလေးကလည်း ရှင်ပြုဖို့ ပိုက်ဆံက လိုနေတာ။ ဒီမှာကလည်း အိပ်တာစားတာက အဆင်မပြေပါဘူး၊ မသေရုံထမင်း မသေဟင်းကျွေးတာပေါ့၊ တစ်ခါတလေကျတော့လည်း ထောင်ထဲကလို ပဲဟင်းနဲ့ ငါးပိကြော်နဲ့ ကျွေးတာပေါ့။ တစ်ခါတစ်လေတော့ ဂေါ်ဖီကို ရေနဲ့ကြော်ထားတာ။ လက်ဖက်သုပ်ဆိုလည်း ဆီမပါဘူးရေနဲ့ သုပ်ပေးတာတွေ စားရတာ။ ရည်ရွယ်ထားတာက တစ်ခြား၊ အခုဖြစ်နေတာတွေက တစ်ခြားဆိုတော့ ရှေ့ကိုဘယ်လိုဆက်လုပ်ရမှန်းကိုမသိတော့ဘူး။ အခုက ဆုပ်လည်းစူး စားလည်းရူး အဲလိုဖြစ်နေတာ”
ဆက်နွှယ်သောသတင်းများ
တရုတ်နိုင်ငံမှာ အလုပ်လုပ်ခွင့်ရဖို့ မူဆယ်မှာ လူထောင်ချီ စောင့်ဆိုင်းနေ
တရုတ်နယ်စပ်မှာ မြန်မာရွှေ့ပြောင်းလုပ်သားတွေ ပိုမိုဖမ်းဆီးခံရ
မူဆယ်မှာ ကျားဖြန့်ဂိုဏ်းနဲ့ ဆက်စပ်ပြီး တရုတ်နိုင်ငံသား နှစ်ဆယ် ဖမ်းဆီးခံရ
တရုတ်ပြည်ကို အခုချိန်မှ ဝင်လို့ရမယ်ဆိုရင်တောင် တရုတ်ကို သွင်းပေးတဲ့ သွင်းကြေးတွေ ထပ်ပေးရမှာဖြစ်တဲ့အတွက် အနည်းဆုံးတရုတ်ငွေ တစ်သောင်းလောက်ထိ ဆပ်ရဖို့ရှိတယ်လို့ပြောပါတယ်။
သူ အလုပ်မလုပ်နိုင်တော့ စစ်ကိုင်းတိုင်း မုံရွာ-ဘုတလင်ဘက် စစ်ရှောင်နေတဲ့ သူ့ဇနီးရဲ့ အမေကိုလည်း မထောက်ပံ့နိုင်တော့တာ မူဆယ်ရောက်ကတည်းဖြစ်နေပြီလို့ပြောပါတယ်။
တရုတ်ကို ဝင်မရတော့ရင် ကိုးကန့်တပ်တွေ ထိန်းချုပ်ထားတဲ့ လောက်ကိုင်မြို့ကို ပို့ပြီး အလုပ်လုပ်ခိုင်းမယ်လို့ ပွဲစားတွေက ပြောတာလည်းရှိသလို အမျိုးသမီးတွေကို တရုတ်မယားလုပ်ခိုင်းမယ်လို့ ပြောတာတွေလည်း ရှိတယ်လို့ ပြောပါတယ်။
တရုတ်ကိုမသွားရတဲ့ အမျိုးသမီးတစ်ချို့က လောင်းကစားဝိုင်း KTV၊ Bar တွေမှာ အလုပ်လုပ်နေကြတာလည်း ရှိတယ်လို့ပြောပါတယ်။
“ဂိုဒေါင် (တရုတ်သွားမယ့်သူတွေကိုထားတဲ့နေရာ) ကနေ ထွက်ပြေးသွားတဲ့သူတွေကို ပြန်ဖမ်းမိရင်လည်း ပိုးစိုးပက်စက် နှိပ်စက်တာ။ ကျွန်တော်က မိဘတွေရဲ့ခြံပေါင်းပြီး သွင်းလိုက်တယ်”
သူတို့လိုပဲ မူဆယ်မှာ ပိတ်မိနေသူ မြန်မာလူငယ် အလုပ်သမား အယောက် ၅၀၀၀ ဝန်းကျင်ရှိနေတာ ဖြစ်ပြီး အများဆုံးက အမျိုးသားတွေဖြစ်တယ်လို့လည်းပြောပါတယ်။
နောက်တစ်ယောက်ကတော့ တရုတ်ကို မဝင်ရတဲ့အတွက် မူဆယ်မှာ သုံးလကျော်နေပြီးနောက် ပွဲစားတွေကို သူတို့ ဇနီးမောင်နှံနှစ်ဦးအတွက် လျော်ကြေး သိန်း ၅၀ ပေးပြီး ရန်ကုန်ကိုပြန်လာခဲ့သူဖြစ်ပါတယ်။
သူကလည်း ပွဲစားတွေ တရုတ်ကိုမသွင်းပေးနိုင်တော့ ကြာလာရင် အကြွေးတွေ ပိုများသွားမှာကို စိုးရိမ်ပြီး ရန်ကုန်ကို ပြန်ဆုတ်ခဲ့တာဖြစ်တယ်လို့ပြောပါတယ်။
“သူတို့တွေ သွင်းမှ မသွင်းနိုင်တာ၊ မသွင်းနိုင်တဲ့အချိန်ကြာတော့ ကျွန်တော်တို့ ပြန်လာတော့ သူတို့ကိုလျော်ကြေး ပေးခဲ့ရတယ်။ မလျော်လို့ရှိရင် မှတ်ပုံတင်နဲ့ စမတ်ကဒ်ပြန်မပေးတော့ ကျွန်တော်တို့လျော်ပေးရတယ်။ ဂိုဒေါင် (တရုတ်သွားမယ့်သူတွေကိုထားတဲ့နေရာ) ကနေ ထွက်ပြေးသွားတဲ့သူတွေကို ပြန်ဖမ်းမိရင်လည်း ပိုးစိုးပက်စက် နှိပ်စက်တာ။ ကျွန်တော်က မိဘတွေရဲ့ခြံပေါင်းပြီးသွင်းလိုက်တယ်”
မြန်မာပြည်မှာလည်း အခက်အခဲတွေများတာကြောင့် ပိုအဆင်ပြေမယ်ဆိုတဲ့စိတ်နဲ့ တရုတ်သွားဖို့ လုပ်ခဲ့ပေမယ့် မသွားရဘဲ ပိုက်ဆံပိုပြီးကုန်သွားတာဖြစ်ပြီး နိုင်ငံအနှံ့က သွားဖို့ ပြင်ဆင်နေတဲ့သူတွေကိုလည်း မူဆယ်မသွားစေချင်ဘူးလို့ ပြောပါတယ်။
ကိုဇော်ဇော်ကတော့ ပြန်လည်းမရ မူဆယ်မှာလည်း အလုပ်အကိုင်တွေ ရှားပါးတော့ တရုတ်ပြည်ကို အမြန်ဆုံး ဝင်ရဖို့ပဲ မျှော်လင့်နေတယ်လို့ပြောပါတယ်။
“အခုကဒီမှာ တရုတ်ပြည်ထဲ အမြန်ဆုံးဝင်ရဖို့ပဲ မျှော်လင့်တာပေါ့။ ရန်ကုန်လည်းပြန်မဆုတ်ရဲဘူး ရန်ကုန် ပြန်ဆုတ်လို့ရှိရင်လည်း စစ်မှုထမ်းဥပဒေထဲပါမှာပဲလေ။ ကျွန်တော်တို့ ဒီကနေ ပြန်ဆုတ်မယ်ဆိုရင်တောင်မှ လမ်းကြောင်းမှာ သူတို့ စစ်တပ်ကနေပြီးတော့ ကြားဖြတ်ဆွဲခေါ်ရင်ခေါ်၊ မခေါ်ရင်တောင်မှဘဲ ရန်ကုန်ရောက်ရင်တော့ ခေါ်မှာသေချာတယ်။ အဲဒါကြောင့်မို့ ရန်ကုန်လည်းမဆင်းရဲ၊ တရုတ်လည်းမဝင်ရဆိုတော့ အလယ်မှာတော်တော်ဒုက္ခရောက်နေတယ်”
မူဆယ်က လူကုန်ကူးတိုက်ဖျက်ရေးရဲတွေက ဖေဖော်ဝါရီလ ၉ ရက်နောက်ဆုံးထားပြီး မူဆယ်မှာရောက်နေတဲ့ အလုပ်သမားတွေကို တရုတ်ကို မသွင်းနိုင်ရင် အကြွေးမယူတော့ဘဲ ပြန်လွှတ်ပေးရမယ်လို့ ပွဲစားတွေကို ပြောဆိုထားပေမယ့် ပွဲစားတွေကတော့ သူတို့ကိုအကြွေးမဆပ်မချင်း ပြန်မလွှတ်ပေးဘဲ တခြားနေရာကို ပြောင်းရွှေ့ထားမယ်လို့ ပြောတာလည်းရှိတယ်လို့ ပြောပါတယ်။
ယူနန်ပြည်နယ်မှာ မြန်မာအလုပ်သမားတွေ တရားဝင်အလုပ်လုပ်နိုင်ဖို့ ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းမှာ နှစ်နိုင်ငံ နားလည်မှုစာချုပ် (MOU) လက်မှတ်ရေးထိုးပြီးနောက်ပိုင်း အစိမ်းရောင်ကတ်လို့ခေါ်တဲ့ ယာယီနယ်စပ်ဖြတ်သန်းခွင့် (TBP) လက်မှတ်နဲ့ တရုတ်ဘက်မှာ အလုပ်သွားလုပ်သူ များပြားလာတာလို့ မူဆယ်ဒေသခံတွေက ပြောပါတယ်။
အစိမ်းရောင်ကတ်ရပေမယ့် တရုတ်ကုမ္ပဏီတွေက တာဝန်ခံတွေက တာဝန်ယူပြီး မူဆယ်ထိ လာခေါ်မှဝင်လို့ ရတာ ဖြစ်ပြီး အဲဒီလိုလာခေါ်မယ့်အချိန်ကိုစောင့်နေကြတာဖြစ်တယ်လို့ ပြောပါတယ်။
တရုတ်နိုင်ငံမှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသားအရေအတွက်ကိုတော့ နှစ်နိုင်ငံအာဏာပိုင်တွေ ထုတ်ပြန်တာမရှိသေးပါဘူး။ ဒါပေမဲ့ မြန်မာအလုပ်သမား သိန်းနဲ့ချီ ရှိနေနိုင်တယ်လို့ အလုပ်သမားတွေနဲ့ ကူညီနေသူတွေက ပြောပါတယ်။