အာရှရေးရာ တရုတ်အထူးကိုယ်စားလှယ် စစ်ကောင်စီနဲ့ လေးကြိမ်မြောက်တွေ့

RFA Burmese
2023.09.19
အာရှရေးရာ တရုတ်အထူးကိုယ်စားလှယ် စစ်ကောင်စီနဲ့ လေးကြိမ်မြောက်တွေ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီးကျွင်းနှင့် စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေတို့ ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့က နေပြည်တော်တွင် တွေ့ဆုံခဲ့ကြစဉ်။
MOFA

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီးကျွင်း ဟာ စက်တင်ဘာလ ၁၈ ရက်နေ့ကစတင်ပြီး မြန်မာနိုင်ငံကို ရောက်ရှိနေတယ်လို့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ မြန်မာ့အလင်း သတင်းစာမှာ ဒီကနေ့ ဖော်ပြပါတယ်။

ဒါဟာ စစ်တပ်အာဏာသိမ်းပြီးနောက် မစ္စတာ တိန့်ရှီးကျွင်းရဲ့ လေးကြိမ်မြောက် မြန်မာ နိုင်ငံခရီးစဉ် ဖြစ်ပြီး အခုခရီးစဉ်မှာ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ နဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန (၂) ရဲ့ ဝန်ကြီး ဦးကိုကိုလှိုင်တို့ကို တွေ့ဆုံ ခဲ့ပါတယ်။

ဒီတွေ့ဆုံမှုမှာ ပြည်တွင်းငြိမ်းချမ်းရေး၊ အာဆီယံနဲ့ ကုလသမဂ္ဂမှာ နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်ရေးနဲ့ ရိုဟင်ဂျာတွေ နေရပ်ပြန်နိုင်ရေး စတာတွေကို ဆွေးနွေးခဲ့ကြ တယ်လို့ စစ်ကောင်စီသတင်းစာမှာ ဖော်ပြပါတယ်။ ဒါပေမဲ့ ဆွေးနွေးမှု အသေးစိတ်ကို ဖော်ပြထားတာမရှိပါဘူး။

တရုတ်အရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောကတော့ တရုတ်အထူး ကိုယ်စားလှယ် ရဲ့ မြန်မာ ခရီးစဉ်မှာ အဓိကရည်ရွယ်ချက်နှစ်ခုရှိနိုင်တယ်လို့ သုံးသပ်ပါတယ်။

“ကျွန်မတို့နယ်စပ်ကနေပြီးတော့ အခုတစ်လော တိုက်ပွဲတွေပြန်ဖြစ်နေတဲ့အတွက်လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အတွက်လည်းပါတယ်။ နောက်တစ်ခုက ရှီကျင့်ဖျင်ရဲ့ စီမံကိန်းဖြစ်တဲ့ ပိုးလမ်းမ စီမံကိန်းက ဒီနှစ် ဆယ်နှစ်ပြည့်ပြီ။ အဲဒါကို နိဂုံးချုပ်တဲ့ပွဲကြီး တစ်ပွဲလုပ်မယ်။ အဲဒါက အောက်တိုဘာမှာလုပ်မယ်ထင်တယ်။ ပူတင်တို့ ဘာတို့တောင် တက်မယ်လို့ သတင်းကြားနေတယ်။ ဒီမနက်သတင်းမှာ။ ပိုးလမ်းမ စီမံကိန်းတွေနဲ့ ပတ်သက်လို့ တရုတ်က သူ့ရဲ့အောင်မြင်ချက်တွေကို ချပြချင်တာ။ ပါကစ္စတန်နဲ့ တရုတ်နဲ့ ဆက်သွယ်ရေး လမ်းကြီးကလည်း ပထမဆင့်ပြီးသွားပြီ။ ကူမင်းနဲ့ လာအို ဖောက်တာလည်း ပြီးသွားပြီ။ ထိုင်းနယ်စပ်အထိ ရောက်သွားပြီ။ ဗမာပြည်က သူတို့ရင်းနှီးမြှုပ်နှံထားတဲ့ ဟာတွေက ဘာမှဖြစ်မလာသေးဘူး။ အဲဒါတွေကို လာလောတာလည်း ဖြစ်မယ်ထင်ပါတယ်။ အဲဒီစီးပွားရေးကိစ္စတွေလည်း ပါမယ်ထင်တယ်”

ဒါ့အပြင် တရုတ် - မြန်မာနယ်စပ်ဂိတ်တွေ ပြန်ဖွင့်ပြီးနောက် ဝင်ထွက်ခွင့်ခက်ခဲမှုတွေ ဖြစ်လာတာ၊ အွန်လိုင်း လိမ်လည်မှုတွေကို အခုထက်ပိုပြီး ထိထိရောက်ရောက် ဆောင်ရွက်နိုင်ဖို့ လာရောက်တာလည်း ဖြစ်နိုင်တယ်လို့ သူက ပြောပါတယ်။

"မြန်မာ့ရဲ့ နိုင်ငံရေးပေါ့ အထူးသဖြင့် ပြည်တွင်းရေးနဲ့ဆိုင်တဲ့ ကိစ္စရပ်တွေမှာတော့ သိပ်ပြီး ထူးခြားတဲ့ အပြောင်းအလဲမျိုး မျှော်လင့်စရာအကြောင်းမရှိဘူး"

အထူးကိုယ်စားလှယ်ရဲ့ ခရီးစဉ်ဟာ ရှမ်းပြည်နယ်မြောက်ပိုင်းက နှစ်နိုင်ငံနယ်စပ်အနီး မူဆယ်မြို့နယ်မှာ စက်တင်ဘာလ ဒုတိယပတ်ကစလို့ ဒီနေ့အထိ စစ်ကောင်စီတပ်နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) တို့ တိုက်ပွဲတွေ ပြင်းထန်နေ ချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ မစ္စတာတိန့်ရှီးကျွင်းရဲ့ မြန်မာပြည် ခရီးဟာ ပြည်တွင်း ငြိမ်းချမ်းရေးအတွက် တစ်စုံတစ်ရာပြောင်းလဲလာမှာ မဟုတ်ဘူးလို့ RFA ကို ပြောပါတယ်။

“မြောက်ပိုင်း FPNCC (ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီမှာပါတဲ့ ညီနောင်သုံးဖော်နဲ့ ပတ်သက်ပြီး နွေဦးတော်လှန်ရေးမှာ ပါဝင်မလာဖို့အတွက် အကြီးအကျယ် ဖိအားပေးဆွေးနွေးမှုတွေ၊ ကန့်သတ်မှုတွေ လုပ်ခဲ့တယ်။ အဲဒါအပြင် စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးဝိုင်းတွေကို အဲဒီအဖွဲ့တွေကို ဆွဲခေါ်ပြီးတော့ တွန်းအားပေးခဲ့တာရှိပါယ်။ လက်တွေ့ကတော့ မြောက်ပိုင်းအဖွဲ့မှာ ပါဝင်တဲ့ ညီနောင်သုံးဖွဲ့နဲ့ KIA တို့ဟာ အခုဆိုရင် စစ်ကောင်စီရဲ့ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ပြင်းထန်တဲ့တိုက်ပွဲတွေ အဆက်မပြတ် ရက်ပိုင်း အတွင်းမှာ ဖြစ်နေတာတွေ ကျွန်တော်တို့ ကြားနေရပါတယ်။ အဲဒါကြောင့် တိန့်ရှီးကျွင်းရဲ့ အားထုတ်မှုဟာ ဆက်ဆံရေးအပြောင်းအလဲတွေ ကြိုးပမ်းမှု ငြိမ်းချမ်းရေးသဘောထားတွေလွှမ်းမိုးလာဖို့ အားထုတ်မှုက မအောင်မြင်ဘူးဆိုတာ တွေ့ရတယ်”

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးထက်မြက်ကတော့ မစ္စတာ တိန့်ရှီးကျွင်းရဲ့ အခု ခရီးစဉ်ဟာ အာဆီယံနဲ့ မြန်မာအကြား သဘောထား ကွဲလွဲမှုတွေကို စေ့စပ်ပေးဖို့လာရောက်တာ ဖြစ်နိုင်တယ်လို့ RFA ကို ပြောပါတယ်။

“အာဆီယံနဲ့ ပြန်ပြီးတော့ ရင်ကြားစေ့ပေးတဲ့သဘောလည်းပါတယ်။ တရုတ် ရည်မှန်းချက်က၊ သံတမန်ရေးနဲ့ ပတ်သက်လို့ တရုတ်က နိုင်ငံခြားဆက်ဆံရေးမှာ အလွန်ကို ကိုင်တွယ်တတ်တယ်။ အခုကိစ္စမျိုးတွေမှာ သိမ်သိမ်မွေ့မွေ့နဲ့ ကိုင်တွယ်တာ တွေရှိတယ်။ ဖိလစ်ပိုင်တို့၊ အင်ဒိုနီးရှားတို့၊ မလေးရှားတို့ စတာတွေကတော့ သူတို့ အရင်မူကို ပြန်ကိုင်စွဲထားတယ်။ အဲဒီလို ပြန်ကိုင်စွဲထားတာကို တရုတ်က အဲဒါမျိုး သိပ်မဖြစ်ချင်ဘူး”

အာဆီယံနိုင်ငံတွေအကြား မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး သဘောထားကွဲလွဲမှုတွေ ဖြစ်နေမယ့်အစား အာဆီယံနိုင်ငံ အားလုံး တရုတ်နိုင်ငံနဲ့ သဘောထားအတူတူ ဖြစ်လာစေဖို့ တရုတ်အစိုးရက ကြိုးစားနေတာလို့ လည်း သူက သုံးသပ်ပါတယ်။

အထူးကိုယ်စားလှယ်ရဲ့ မြန်မာပြည်ခရီးစဉ်နဲ့ပတ်သက်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကို RFA က ဒီနေ့ အီးမေးလ်ကတစ်ဆင့် ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။

အလားတူ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့်လည်း ဆက်သွယ်လို့မရခဲ့ပါဘူး။

ဒါကြောင့် စစ်တပ်အရာရှိဟောင်းတွေနဲ့ဖွဲ့စည်းထားတဲ့ သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့က အမှုဆောင် ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးကို မေးမြန်းရာမှာတော့ အထူးကိုယ်စားလှယ်ရဲ့ ခရီးစဉ်ရလဒ်အဖြစ် နှစ်နိုင်ငံ လုံခြုံရေးနဲ့ စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကဏ္ဍကို စောင့်ကြည့်ဖို့လိုမယ်လို့ ပြောပါတယ်။

“အဲဒါက ပုံမှန်ပါပဲ။ မြန်မာ့ရဲ့ နိုင်ငံရေးပေါ့ အထူးသဖြင့် ပြည်တွင်းရေးနဲ့ဆိုင်တဲ့ ကိစ္စရပ်တွေမှာတော့ သိပ်ပြီး ထူးခြားတဲ့ အပြောင်းအလဲမျိုး မျှော်လင့်စရာအကြောင်း မရှိဘူး။ ကျန်တဲ့ လုံခြုံရေးပိုင်းဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုတွေ၊ စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ အဲဒီအပိုင်းတွေမှာတော့ နည်းနည်း စောင့်ကြည့်ဖို့ လိုမယ်။ မြန်မာနဲ့ တရုတ်ကြားမှာ အဓိကက နယ်စပ်စီးပွားရေးနဲ့ နယ်စပ်ကုန်သွယ်ရေးပေါ့ အဲဒီအပိုင်းပဲ ကျွန်တော်တို့ Focus (သတိထားစောင့်ကြည့်) ဖို့လိုမယ်။ ကျန်တဲ့အပိုင်းတွေ သိပ်ပြောဖို့တော့ လိုမယ်မထင်ဘူး”

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းချိန်ကစပြီး အခုအချိန်အထိ တရုတ်အစိုးရအနေနဲ့ စစ်ကောင်စီနဲ့ မပူးပေါင်းဖို့ တော်လှန်ရေးအင်အားစုတွေနဲ့ ဒီမိုကရေစီအရေးလှုပ်ရှားသူ တွေက တောင်းဆိုမှုတွေ ရှိနေပါတယ်။

စစ်ကောင်စီအား ထောက်ခံနေသည့် တရုတ်အစိုးရကို ဆန့်ကျင်ကြောင်း ယင်းမာပင်၊ ဆားလင်းကြီး ရွာပေါင်းစုံ သပိတ်စစ်ကြောင်း ၂၀၂၃ ခုနှစ် မေလ ၈ ရက်နေ့က ဆန္ဒပြခဲ့စဉ်။ (Photo: Citizen Journalist)
စစ်ကောင်စီအား ထောက်ခံနေသည့် တရုတ်အစိုးရကို ဆန့်ကျင်ကြောင်း ယင်းမာပင်၊ ဆားလင်းကြီး ရွာပေါင်းစုံ သပိတ်စစ်ကြောင်း ၂၀၂၃ ခုနှစ် မေလ ၈ ရက်နေ့က ဆန္ဒပြခဲ့စဉ်။ (Photo: Citizen Journalist)

တရုတ်စီမံကိန်းတစ်ခုဖြစ်တဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းရှိရာ ဆားလင်းကြီးမြို့နယ်ထဲက ယင်းမာပင် - ဆားလင်းကြီး ရွာပေါင်းစုံသပိတ် ဦးဆောင်ကော်မတီဝင် ကိုသက်ဦးကတော့ တရုတ်အစိုးရနဲ့ စစ်ကောင်စီအကြား အခုထက်ပိုပြီး နီးနီးကပ်ကပ်ဆက်ဆံမှုတွေရှိလာရင် မြန်မာပြည်သူတွေရဲ့ ဆန့်ကျင်ကန့်ကွက်မှုတွေ ပိုပြီးကြုံရနိုင်တယ်လို့ RFA ကို ပြောပါတယ်။

“မြန်မာပြည်သူတွေဟာ စစ်ကောင်စီနဲ့ တရုတ်နဲ့ပူးပေါင်းနေတာအလိုမရှိပါဘူး။ လုံးဝ အလိုမရှိဘူးဆိုတာ သံတမန်ရေးရာအရ နိုင်ငံတကာသိအောင်ပြရမယ်။ လူထု အင်အားကောင်းကောင်းနဲ့ ချီတက်နိုင် အောင် ကျွန်တော်တို့လုပ်မယ်။ အဓိကတော့ ကျွန်တော်တို့က တရုတ်ကို တရုတ်မုန်းတီးရေးလုပ်တာ မဟုတ်ဘူးဗျ။ တရုတ်နဲ့ စစ်ကောင်စီနဲ့ ပူးပေါင်းနေတာဖြစ်တဲ့အတွက် စစ်ကောင်စီနဲ့ မပူးပေါင်းဖို့ စစ်ကောင်စီ ကိုမထောက်ခံဘဲနဲ့ ပြည်သူ့ဘက်ကိုရပ်ဖို့ ပြည်သူ့ဘက်ကိုသာမျက်နှာမူဖို့အတွက် လူထုအင်အားနဲ့ လုပ်ဆောင်သွားဖို့ရှိနေပါတယ်”

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိကတော့ မြန်မာ့အရေးဟာ တရုတ်နိုင်ငံရဲ့ အကျိုးစီးပွားနဲ့ တိုက်ရိုက် သက်ဆိုင်နေတဲ့အတွက် သူတို့တရုတ်အစိုးရအနေနဲ့ ကိုယ်ပိုင်နည်းလမ်းနဲ့ အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ ပါဝင်သွားမယ်လို့ ၂၀၂၁ ခုနှစ် ဇွန်လက ပြောဆိုခဲ့ဖူးပါတယ်။

တရုတ် - မြန်မာနယ်စပ်မှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့ တစ်လကျော် အကြာ တိုက်ပွဲတွေပြင်းထန်နေချိန်အတွင်း အခုနှစ် ဇူလိုင်လ ၂၈ ရက်နေ့က လာရောက်ခဲ့တဲ့ မစ္စတာ တိန့်ရှီးကျွင်းရဲ့ တတိယအကြိမ်မြောက် မြန်မာပြည် ခရီးစဉ်မှာတော့ စစ်ကောင်စီဥက္ကဋ္ဌနဲ့ နယ်စပ်တည်ငြိမ်ရေး ကိစ္စကို ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။ 

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။