တိုက်ပွဲတွေ ချက်ချင်းရပ်ဖို့ TNLA ကို တရုတ် သတိပေး

RFA Burmese
2024.08.30
တိုက်ပွဲတွေ ချက်ချင်းရပ်ဖို့ TNLA ကို တရုတ် သတိပေး ရှေ့တန်းစစ်မြေပြင်တစ်နေရာမှ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တပ်ဖွဲ့ဝင်များအား ၂၀၂၄ ခုနှစ် သြဂုတ်လ ၇ ရက်နေ့တွင် TNLA က ထုတ်ပြန်ထားစဉ်။
Telegram/PSLF/TNLA News

[Update: 5: 50 PM, Aug 30, 2024]

တအောင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) အနေနဲ့ တိုက်ပွဲတွေကို ချက်ချင်းရပ်တန့်ရမယ်လို့ တရုတ်ဘက်က သြဂုတ် ၂၉ ရက်နေ့ ရက်စွဲနဲ့ သတိပေးစာပေးပို့ခဲ့ပါတယ်။

ရွှေလီမြို့ လုံခြုံရေးကော်မတီက ပေးပို့ခဲ့တာဖြစ်ပြီး နယ်စပ်တည်ငြိမ်အေးချမ်းရေးနဲ့ တရုတ်နိုင်ငံသားတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ပေးဖို့ တိုက်ပွဲတွေကို ချက်ချင်းရပ်တန့်ရမယ်လို့ ရေးထားပါတယ်။

ဒီသတိပေးချက်ကိုမလိုက်နာရင် တရုတ်ဘက်က သွန်သင်ဆုံးမမဲ့နည်းလမ်းတွေကို ပိုလုပ်ဆောင်သွားမှာဖြစ်ပြီး ဖြစ်လာမဲ့အကျိုးဆက်တွေကို TNLA ဘက်က တာဝန်ခံရမယ်လို့လည်း ဖော်ပြထားပါတယ်။

“တရုတ်ပြည်က မကြိုက်လို့ ကျွန်မတို့ တော်လှန်ရေးကို ရပ်ပစ်ရမယ်ဆိုတာ မဖြစ်နိုင်တာပဲ"

TNLA ပြောခွင့်ရသူ လွေးယေဦးကလည်း တရုတ်အစိုးရက အခုလိုသတိပေးစာပို့ခဲ့တာ မှန်ကန်ပြီး ဗဟိုကော်မတီ အစည်းအဝေးလုပ်နေတာကြောင့် အသေးစိတ်ကို ပြောလို့မရသေးဘူးလို့ RFA ကို ဒီနေ့ညနေပိုင်းပြောပါတယ်။

“ဒီစာနဲ့ ပတ်သက်ပြီးတော့က မှန်တယ်ပေါ့လေနော်။ တရုတ်အစိုးရက ကျွန်မတို့လိပ်မူပြီးတော့ ထုတ်ပြန်ချက်မှာ ပါတဲ့အတိုင်း စာတွေကိုပေးပို့တာဖြစ်ပါတယ်။ ဒီစာနဲ့ပတ်သက်ပြီးတော့ လက်ရှိ ကျွန်မတို့ PSL/TNLA ဗဟိုကော်မတီ ခေါင်းဆောင်တွေက ဆွေးနွေးနေပါတယ်။ လောလောဆယ်မှာတော့ ကျွန်မတို့ ဘာမှတုံ့ပြန် ပြောဆိုဖို့တော့ မရှိသေးပါဘူး"

တရုတ်အနေနဲ့ တစ်ကျော့ပြန် ၁၀၂၇ စစ်ဆင်ရေးစကတည်းက တိုက်ပွဲတွေရပ်ဖို့ ဆက်တိုက်ဖိအားပေးနေတာလို့ TNLA ပြောခွင့်ရသူ လွေးယေဦးက ဩဂုတ်လ ပထမပတ်ကတည်းက RFA ကို ဖြေဆိုထားပါတယ်။

“၁၀၂၇ စစ်ဆင်ရေး ဖော်ဆောင်ပြီးနောက်ပိုင်းမှာတော့ တရုတ်အစိုးရက ကျွန်မတို့ကို ဖိအားပေးတာမျိုးတွေ ရှိတယ်။ စစ်ပွဲတွေရပ်တန့်ဖို့။ စစ်ပွဲတွေ မဖော်ဆောင်ဖို့ကိုပေါ့နော်။ တရုတ်အစိုးရက အမြဲတမ်းဖိအားပေးတာ ရှိတယ်။ လက်ရှိအထိ ဖိအားပေးနေဆဲ ဖြစ်တယ်"

TNLA အနေနဲ့ တိုက်ပွဲတွေချက်ချင်းရပ်ပြီး မြန်မာပြည်မြောက်ပိုင်းနဲ့ မြန်မာ-တရုတ်နယ်စပ် တည်ငြိမ်အောင် လုပ်ဖို့ တရုတ်နိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ မျှော်လင့်ကြောင်းလည်း အဲဒီစာထဲမှာရေးထားပါတယ်။

ဒီအခြေအနေအပေါ်မူတည်ပြီး တရုတ်အနေနဲ့ မြန်မာနိုင်ငံမြောက်ပိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ကူညီရင်း တရားဝင်အခွင့်အရေးနဲ့ အကျိုးစီးပွားတွေရအောင် ကူညီပေးမယ်လို့လည်း ဆိုထားပါတယ်။



ဆက်နွှယ်သောသတင်းများ

ရှမ်းပြည်နယ်မြောက်ပိုင်း တိုက်ခိုက်မှုတွေကို တရုတ်နိုင်ငံက ဆန့်ကျင်ကြောင်း ဝမ်ယိပြော

မြန်မာနယ်စပ်မှာ တရုတ်တပ် စစ်ရေးလေ့ကျင့်မည်

မြန်မာ့အချုပ်အခြာအာဏာ တရုတ်လေးစား၊ မြန်မာ့ပြည်တွင်းရေး မစွက်ဖက်


ဒါ့အပြင် တရုတ်အနေနဲ့ ဘယ်နေရာ ဘယ်ဒေသရောက်ရောက် အမြဲစောင့်ကြည့်နေမယ်လို့လည်း သတိပေးစာမှာ ထည့်သွင်းရေးထားပါတယ်။

နိုင်ငံရေးနဲ့ စစ်ရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ တရုတ်ရဲ့ တားဆီးမှုတွေက နေရာအစုံကိုတော့ မကန့်သတ်နိုင်ဘူးလို့ RFA ကို ပြောပါတယ်။

“မူဆယ်မှာရှိနေတဲ့ TNLA နဲ့ ပတ်သက်တဲ့ ခေါင်းဆောင်တွေကို ခေါ်ဆွေးနွေးပြီး ကန့်သတ်မှုတွေလုပ်တာပေါ့။ ဒါပေမဲ့ နောင်ချိုကနေပြီးတော့ ပြင်ဦးလွင်းကို တိုက်နေတဲ့ တိုက်ပွဲကို သူတို့ကန့်သတ်လို့မရပါဘူး။ တိုက်ပွဲက ဆက်ဖြစ်နေတာ။ အခုကန့်သတ်ခံရတဲ့အထဲမှာ UWSA တောင်ပါတယ်။ FPNCC တစ်ဖွဲ့လုံးလို့ ပြောလို့ရပါတယ်။ ဒါပေမဲ့ သူတို့တွေရဲ့ ပြည်တွင်းမှာရှိနေတဲ့ စစ်ရေးလှုပ်ရှားမှုတွေက ဆက်လုပ်နေတုန်းပါပဲ”

တရုတ်အနေနဲ့ နယ်စပ်မှာ ခြေကုပ်ယူလှုပ်ရှားနေတဲ့ TNLA အပြင် MNDAA၊ UWSA နဲ့ KIA တို့ကိုပါ တစ်ဖွဲ့ချင်း ခေါ်ယူပြီး ဆွေးနွေးနေတာရှိသလို ကန့်သတ်မှုတွေလည်း ရှိနေတယ်လို့ ဦးသန်းစိုးနိုင်က ဆိုပါတယ်။

ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက တရုတ်အနေနဲ့ နယ်စပ်မှာ တိုက်ပွဲဖြစ်မှာ မလိုလားတာကြောင့် သတိပေးတာဖြစ်နိုင်တယ်လို့ RFA ကို ပြောပါတယ်။

“တရုတ်နိုင်ငံရဲ့ မြန်မာနိုင်ငံပေါ်မှာထားတဲ့ မူပေါ်လစီအရဆိုရင် မြန်မာပြည်မှာ တိုက်ပွဲဖြစ်မှာကို သူမလိုလားဘူး။ အဲဒါကြောင့် မြန်မာပြည်ငြိမ်းချမ်းဖို့ တိုက်ပွဲမဖြစ်ဖို့ နယ်စပ်မှာတည်ငြိမ်းအေးချမ်းတာ လိုချင်လို့ ပြောတာဖြစ်မယ်"

တရုတ်စစ်တပ်ဟာ ရှမ်းပြည်နယ်မြောက်ပိုင်းအနီး နယ်စပ်မှာရှိတဲ့ ရွှေလီမြို့အပါအဝင် နေရာလေးခုမှာ ကြည်းတပ်နဲ့လေတပ် ပူးပေါင်းပြီး ဩဂုတ်လ ၂၇ ရက်နေ့ကနေ ၂၉ ရက်နေ့အထိ သုံးရက်ကြာ စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့ပါတယ်။

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ် (PLA) တပ်ဖွဲ့ဝင်အချို့အား တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့တွင် ၂၀၂၄ ခုနှစ်၊ မတ်လ ၆ ရက်နေ့က တွေ့ရစဉ်။ (Photo:  JADE GAO / AFP)
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ် (PLA) တပ်ဖွဲ့ဝင်အချို့အား တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့တွင် ၂၀၂၄ ခုနှစ်၊ မတ်လ ၆ ရက်နေ့က တွေ့ရစဉ်။ (Photo: JADE GAO / AFP)

အဲဒီ စစ်ရေးလေ့ကျင့်မှု ပြုလုပ်ပြီးနောက်မှာပဲ TNLA ကို တိုက်ပွဲတွေချက်ချင်းရပ်ဖို့ ရွှေလီမြို့ လုံခြုံရေး ကော်မတီကတစ်ဆင့် အခုလို သတိပေးစာ ပို့လာတာပါ။

တရုတ်အရေးကျွမ်းကျင်သူ ဒေါက်တာလှကျော်ဇောကတော့ တရုတ်ဘက်ကမကြိုက်လို့ တော်လှန်ရေးကို ရပ်စရာမလိုဘူးလို့ RFA ကို ပြောပါတယ်။

“တရုတ်ပြည်က မကြိုက်လို့ ကျွန်မတို့ တော်လှန်ရေးကို ရပ်ပစ်ရမယ်ဆိုတာ မဖြစ်နိုင်တာပဲ။ ဒါက ဒေသဆိုင်ရာ ဌာနလေးတစ်ခုက ပြောတာပဲလေ။ ဒါကြောင့်မို့ ကျွန်မတို့ သိပ်ဂရုစိုက်စရာမလိုဘူး ထင်တယ်။ ကိုယ့်အလုပ် ကိုယ်လုပ်ကြဖို့ပဲ ဘယ်သူဘာပြောပြောပေါ့။ TNLA ကလည်း သူလုပ်စရာရှိတာ လုပ်မှာပါပဲ ကျွန်မကြည့်တာကတော့"

မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအနာဂတ်နဲ့ပတ်သက်ပြီး ပြည်တွင်းကမြန်မာနိုင်ငံသားတွေကပဲ ဆုံးဖြတ်ကြလိမ့်မယ်လို့ ဒေါက်တာလှကျော်ဇောက ဆိုပါတယ်။

အဲဒီသတိပေးချက်ကို အခြားညီနောင်မဟာမိတ်အဖွဲ့တွေဆီပါ ပေးပို့ခဲ့သလားဆိုတာကိုတော့ RFA အနေနဲ့ သီးခြား အတည်မပြုမနိုင်သေးပါဘူး။

ဒီသတိပေးစာနဲ့ပတ်သက်ပြီး တိတိကျကျသိရဖို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကို RFA က ဒီနေ့နေ့လယ်ပိုင်းမှာ အီးမေလ်ကတစ်ဆင့် ဆက်သွယ်မေးမြန်းထားပေမဲ့ ညနေပိုင်းအထိ အကြောင်းမပြန်သေးပါဘူး။

တစ်ကျော့ပြန် ၁၀၂၇ စစ်ဆင်ရေး ပြင်ထန်လာချိန်ကတည်းက တရုတ်အစိုးရဟာ အပစ်ရပ်ဖို့ မကြာခဏ ပြောဆိုနေတာပါ။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ရုံးစိုက်တဲ့ လားရှိုးမြို့အထိ တော်လှန်ရေးပူးပေါင်း တပ်တွေ သိမ်းပိုက်လိုက်ပြီးနောက်ပိုင်း ဩဂုတ်လ ၁၄ ရက်နေ့မှာတော့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာ၊ နိုင်ငံရေးပြန်လည်သင့်မြတ်မှု၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးတို့ကို ထောက်ခံကြောင်းနဲ့ မြန်မာနိုင်ငံ မတည်မငြိမ်ဖြစ်မှုနဲ့ စစ်ပွဲဖြစ်ပွားနေမှု၊ ပြည်ပ စွက်ဖက်မှုတွေကို ဆန့်ကျင်ကြောင်း အဲဒီဆွေးနွေးပွဲမှာပြောဆိုခဲ့တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

(မှတ်ချက်။ TNLA ပြောခွင့်ရသူအသံ၊ တရုတ်အရေး ကျွမ်းကျင်သူအသံနှင့် KIA ပြောခွင့်ရသူအသံတို့ကို ဖြည့်စွက်ရေးသားထားပါသည်။)

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
စစ်ခေါင်းဆောင်တွေကို ဖမ်းဝရမ်းထုတ်နိုင်ရေး ကူညီကြဖို့ IIMM တိုက်တွန်း
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။