ဖားကန့်မှာ တရားမဝင် တရုတ် ကျောက်စျေးကွက် ကြီးထွားနေ

စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ကချင်ပြည်နယ် ဖားကန့်ဒေသမှာ တရားမဝင် ကျောက်စိမ်းလာဝယ်တဲ့ တရုတ်နိုင်ငံသားတွေ ပိုများလာတဲ့အတွက် ဒေသခံ မြန်မာနိုင်ငံသား ကျောက်လုပ်ငန်းသမား တွေ ထိခိုက်နစ်နာနေတယ်လို့ စုံစမ်းသိရှိရပါတယ်။
အာဏာမသိမ်းခင်က တရုတ်ပြည်မကြီးဘက်ကို တင်ပို့ရောင်းချမဲ့ ကျောက်စိမ်းတွေကို ဂျယ်ဂေါင်၊ ရွှေလီ၊ ရင်ဂျန်း စတဲ့ နယ်စပ်မြို့တွေက ကျောက်ဝိုင်းလို့ခေါ်တဲ့ ကျောက်စျေးတွေနဲ့ မြန်မာပြည်ထဲက မန္တလေး ကျောက်ဝိုင်း၊ နေပြည်တော် ကျောက်မျက်ပြပွဲတွေကနေ ဝယ်နေတာဖြစ်ပါတယ်။
အခုနောက်ပိုင်းတော့ ကချင်နဲ့ ရှမ်းမြောက်က စစ်ရေးပဋိပက္ခတွေကြောင့် လမ်းပမ်းဆက်သွယ်ရေး ခက်လာလို့လည်း တရုတ်နယ်စပ်မြို့က ကျောက်စျေးကွက်တွေမှာ ကျောက်ကောင်း ရှားပါးလာပါတယ်။ ဒါကြောင့် တရုတ်နိုင်ငံသားတွေ ဖားကန့်အထိသွားပြီး ဝယ်တာတွေ ပိုများနေတာလို့ ပြောကြပါတယ်။ အကျိုးဆက်ကတော့ နယ်စပ်က မြန်မာနိုင်ငံသားတွေ အခက်အခဲဖြစ်သွားတယ်လို့ တရုတ်ပြည် ရွှေလီမြို့ က မြန်မာပြည်သားကျောက်စိမ်းလုပ်ငန်းရှင်တစ်ဦးက RFA ကိုပြောပါတယ်။
"အရင်တုန်းကဆို ကျောက် သယ်ယူပို့ဆောင်ရေး (Carry) က ပုံမှန်ဝင်နေတယ်ဆိုတော့ ကျောက်မရှားတဲ့အချိန်မှာ လောပန်းတွေလည်း ဒီမှာ ကျောက်ရှာရတာ အဆင်ပြေတယ်။ အခုက တရုတ် လောပန်းတွေလည်း ဒီမှာ ကျောက်ရှာရတာအဆင်မပြေတော့ သူတို့လည်း မြန်မာပြည်ဘက်ကို ဆင်းသွားတဲ့ အခြေအနေ။ အဲဒီလိုမျိုးမှာ ဒီမှာ ကျန်ခဲ့တဲ့ မြန်မာပြည်သား ဝယ်ရောင်းသမားတွေအတွက်တော့ ကျောက်ဈေးကွက် ပျက်သွားတဲ့ အခြေအနေပေါ့"
ရွှေလီနဲ့ ဂျယ်ဂေါင်မြို့က ကျောက်ဝိုင်းတွေမှာ ဈေးကွက်မကောင်းတာကြောင့် တရုတ်သူဌေးတွေဟာ သူတို့ရဲ့ လုပ်ငန်းတွေကို အချိန်ပြည့် မလည်ပတ်နိုင်တော့ဘူးလို့ ဆိုပါတယ်။ ဒါကြောင့် အဲဒီ လုပ်ငန်းတွေမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားတွေမှာလည်း ရတဲ့လခနဲ့ ဝင်ငွေတွေ နည်းလာသလို၊ အလုပ်အကိုင် အခွင့်အလမ်းတွေလည်း နည်းပါးလာတယ်လို့ ဆိုပါတယ်။
တရုတ်နိုင်ငံသားတွေဟာ Star Link အင်တာနက်တွေသုံးပြီး သူတို့ဝယ်ထားတဲ့ကျောက်ကို Wechat လူမှုကွန်ရက်ကနေတစ်ဆင့် တရုတ်ပြည်မကြီးဘက်ကို တိုက်ရိုက်ရောင်းချနေကြတဲ့အတွက် မြန်မာနိုင်ငံသားတွေ မယှဉ်ပြိုင်နိုင်တဲ့အခြေအနေ ဖြစ်နေတယ်လို့ ဖားကန့်က ကျောက်စိမ်းပွဲစားတစ်ဦးက RFA ကို ပြောပါတယ်။
"သူတို့က အဖွဲ့နဲ့ အနည်းဆုံးမရှိဘူးဆိုရင်တောင် သူတို့က လေး ငါးယောက် စုလာတယ်၊ ကားတစ်စီး စီနဲ့။ အဲဒီပေါ်မှာ Star Link စက်ကိုတင်တယ်၊ တိုက်ရိုက် အရောင်းအဝယ် လုပ်တယ်။ နည်းပညာပဲ ဖြစ်ဖြစ်၊ ဈေးကွက်ရဲ့ ဦးဆောင်မှုပဲ ဖြစ်ဖြစ်၊ နောက် အဓိကဖြစ်တဲ့ ငွေကြေးပဲ ဖြစ်ဖြစ် စိုက်ထုတ်ပြီး ဝယ်နိုင်တာ ခြမ်းနိုင်တာက ဖားကန့်မှာ ပွဲစားပေါ့နော်။ အားလုံးကတော့ သူတို့ကို ဘယ်လိုမှ ယှဉ်နိုင်မှာ မဟုတ်ဘူး။ ဖားကန့်မှာ နိုင်ငံရေး ခေတ်ခါ မကောင်းတာကို အကြောင်းပြုပြီးတော့ တရုတ်နိုင်ငံသားတွေ အရင်ကထက် များများ ပိုပြီးရောက်လာတယ်။ ဒေသတွင်းမှာ ရှိတဲ့သူတွေအားလုံးက သူတို့ကို ယှဉ်ပြိုင်ပြီး ကျောက်ကို ဈေးပေးတာမျိုး၊ ကျောက်နဲ့ ပတ်သက်ပြီး လုပ်တဲ့ဟာမှာလည်း ဘယ်လိုပဲဖြစ်ဖြစ် တစ်ပန်းနိမ့်နေတယ်လို့ ပြောရမယ်"
အခုနှစ်တွေမှာ ဖားကန့်ဒေသက နယ်မြေအများစုကို ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) က ထိန်းချုပ်လာနိုင်တဲ့အတွက် တရားမဝင်ကျောက်လာဝယ်တဲ့သူတွေကို ခွင့်မပြုသလို၊ KIO ထိန်းချုပ်ထားတဲ့ နယ်စပ်ဂိတ်တွေကနေ တရားမဝင် ဝင်ထွက်တာတွေ မဖြစ်အောင်လည်း ကြပ်ကြပ်မတ်မတ် လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။
ဆက်နွှယ်သောသတင်းများ
ဖားကန့်မှာ တရုတ်နိုင်ငံသားတွေရဲ့ တရားမဝင်ကျောက်စိမ်းရောင်းဝယ်မှု ပိုများလာ
အာဏာသိမ်းသုံးနှစ်အတွင်း တရားမဝင် ကျောက်စိမ်းတူးဖော်မှုတွေ ပိုများလာ
ဖားကန့် နွံကန်ပေါက်ကျမှု သေဆုံးသူ ၃၂ ဦးအထိ ရှိလာ
လက်ရှိ ဖားကန့်မြို့ထဲကို တရားမဝင်ရောက်လာတဲ့ တရုတ်နိုင်ငံသားတွေဟာ နယ်စပ်ဂိတ်တွေကို KIO မထိန်းချုပ်နိုင်ခင်ကာလမှာ ဝင်လာတဲ့သူတွေ ဖြစ်တယ်လို့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက RFA ကို ပြောပါတယ်။
"တရားမဝင်ကတော့ ကျွန်တော်တို့လည်း ပိတ်ပင်တာတွေ ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ မထိန်းချုပ်နိုင်တဲ့ ဥပမာ ကန်ပိုက်တီနယ်စပ်ကနေ ဝင်သွားတာမျိုးတို့၊ နောက် ပန်ဝါဒေသကနေ ဝင်သွားတာမျိုးတို့ အများကြီးရှိတာပေါ့။ ဒါက ကျွန်တော်တို့ မထိန်းချုပ်နိုင်တဲ့ အချိန်ကာလဘက်မှာ အဲလိုဝင်သွားတာ အများကြီး ရှိပါတယ်။ ဒါကတော့ ကျွန်တော်တို့လည်း မတတ်နိုင်ဘူးပေါ့နော်။ အခု ကျွန်တော်တို့ KIO ထိန်းချုပ်တဲ့ဂိတ်ကနေ ဝင်သွားတာတွေကိုတော့ ကျွန်တော်တို့ အတတ်နိုင်ဆုံး ကြီးကြပ်မှုတော့ ကျွန်တော်တို့ လုပ်ပါတယ်"
ဖားကန့်ဒေသကို တရုတ်နိုင်ငံသားတွေအပါအဝင် နိုင်ငံခြားသားတွေ လုံးဝ လာလို့မရဘူးဆိုတဲ့ မူဝါဒမျိုး KIO အနေနဲ့ ချမှတ်ထားတာ မရှိပေမဲ့ တရားမဝင်တဲ့ နည်းလမ်းနဲ့ လာရောက်တာကိုတော့ ခွင့်မပြုဘူး လို့ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။
"ဖားကန့်ဒေသကို တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်နိုင်သွားပြီဆိုရင်လည်း ကိုယ့်ဥပဒေကို စိုးမိုးမှုရှိအောင် ဆောင်ရွက်စေချင်တယ်"
KIA အနေနဲ့ တရားမဝင် ဝင်ရောက်တာတွေကို ဟန့်တားနိုင်ဖို့ ဥပဒေ စိုးမိုးမှုရှိအောင် လုပ်ဆောင်သင့်တယ်လို့ ဖားကန့်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဟိန်းမင်းက အကြံပြုပါတယ်။
"ဖားကန့်ကို မကြာခင်မှာ ထိန်းချုပ်ဖို့ အလားအလာအရှိဆုံး အဖွဲ့သည် KIA ဖြစ်တယ်။ ဆိုတော့ KIA အနေနဲ့ ဘယ်လိုတွေ ပြင်ဆင်ထားပြီလဲပေါ့။ တရားမဝင် ဝင်ရောက်လာတဲ့ တရုတ်နိုင်ငံသားတွေကို အခုလို တရားမဝင် ဝင်ရောက်မှုကနေ ကာကွယ်နိုင်ဖို့ ဒါတွေ ဘယ်လိုပြင်ဆင်ထားပြီလဲ။ ပြီးတော့ ကိုယ့်အမျိုးသား အကျိုးစီးပွားအတွက်ပေါ့၊ ဘယ်လိုတွေ စဉ်းစားထားပြီလဲ ဆိုတာကတော့ ဒီအဖွဲ့ အစည်းမှာ ဦးဆောင်နေတဲ့ ပုဂ္ဂိုလ်တွေပဲ သိမယ်လို့ ထင်တယ်။ ရှေ့မှာရှိခဲ့တဲ့ တစ်လျှောက်လုံးက ဥပဒေအရ အားနည်းချက်တွေ ရှိသလို အဂတိလိုက်စားမှုတွေလည်း ရှိခဲ့တယ်ပေါ့။ အစဉ်တစ်လျှောက် ပေါ့၊ ခေတ်အဆက်ဆက်ကို ကြည့်မယ်ဆိုရင်။ အခု ကျွန်တော်တို့ ဖားကန့်ဒေသကို တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်နိုင်သွားပြီဆိုရင်လည်း ကိုယ့်ဥပဒေကို စိုးမိုးမှုရှိအောင် ဆောင်ရွက်စေချင်တယ်"
၂၀၁၉ ခုနှစ်က ပြည်ထောင်စုလွှတ်တော်ကနေ ပြဋ္ဌာန်းလိုက်တဲ့ ကျောက်မျက်ဥပဒေမှာ နိုင်ငံခြားသားတွေအနေနဲ့ အစိုးရက သတ်မှတ်ထားတဲ့နေရာတွေမှာပဲ တရားဝင် ဝယ်ယူခွင့်ရှိပါတယ်။
နိုင်ငံသားဖြစ်စေ၊ နိုင်ငံခြားသားဖြစ်စေ ကျောက်စိမ်းကို တရားမဝင်နည်းလမ်းနဲ့ တင်ပို့ရောင်းချရင် ထောင်ဒဏ် ငါးနှစ်ကနေ ဆယ်နှစ်အထိ ကျခံနိုင်တယ်လို့လည်း ဥပဒေမှာ ဖော်ပြထားပါတယ်။