NLD ကို နိုင်ငံရေးက ဖယ်ထုတ်ဖို့ ကြိုးပမ်းချက် တရုတ် လက်ခံမှာလား
2021.09.10
တရုတ်ကွန်မြူနစ်ပါတီက ဦးဆောင်ပြီး အရှေ့တောင်အာရှနဲ့ တောင်အာရှနိုင်ငံတွေက နိုင်ငံရေးပါတီတွေ ပါဝင်တဲ့ အွန်လိုင်းအစည်းအဝေးတစ်ခုကို စက်တင်ဘာ ၉ ရက် မနေ့က ပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံက နိုင်ငံရေး ပါတီတွေဖြစ်တဲ့ NLD၊ USDP၊ ANP နဲ့ လီဆူးအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီက ကိုယ်စားလှယ်တွေကို ဖိတ်ကြားခဲ့ပါတယ်။
"နိုင်ငံရေးပါတီများ ပေါင်းစည်းစွမ်းအားနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် ဖွံ့ဖြိုးတိုးတက်ရေးဆီသို့” လို့ အမည်ပေးထားတဲ့ အဲဒီဆွေးနွေးပွဲမှာ မြန်မာနိုင်ငံက နိုင်ငံရေးပါတီတွေကို ဖိတ်ကြားခဲ့ပေမယ့် ကိုယ်စားလှယ် တစ်ဦးချင်းစီအလိုက် ဆွေးနွေးခွင့်တော့ မပေးခဲ့ဘူးလို့ ကိုယ်တိုင်ပါဝင်ခဲ့သူတွေက ပြောပါတယ်။
ဒါပေမဲ့ ထူးခြားချက်တစ်ခုကတော့ တရုတ်ကွန်မြူနစ်ပါတီက မြန်မာ့နိုင်ငံရေးပါတီတွေကို မိတ်ဆက်ပေး တဲ့အခါ မြန်မာနိုင်ငံက တက်ရောက်တဲ့ ပါတီလေးခုအနက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံနဲ့အတူတွဲပြီး NLD ပါတီကို ပထမဆုံး မိတ်ဆက်ပေးခဲ့တာပဲဖြစ်တယ်လို့ ဆွေးနွေးတက်ရောက်ခဲ့သူတွေက ပြောပါတယ်။
တရုတ်ကွန်မြူနစ်ပါတီဟာ အစပိုင်းမှာ စစ်အာဏာသိမ်းမှုနဲ့ အရပ်သားတွေအပေါ် အကြမ်းဖက်မှုတွေကို ရှုတ်ချဖို့ ပျက်ကွက်ခဲ့ပေမယ့် အခုတော့ ချဉ်းကပ်မှုပြောင်းလဲသွားပြီလို့ သူထင်မြင်ကြောင်း NLD ပါတီကို ကိုယ်စားပြုပြီး တက်ရောက်ခဲ့တဲ့ စမ်းချောင်းမြို့နယ် NLD အလုပ်အမှုဆောင်အဖွဲ့ ဒုဥက္ကဋ္ဌ ဦးဘိုဘိုဦးက RFA ကို ပြောပါတယ်။
“ပထမ တစ်လ၊ နှစ်လမှာတော့ စစ်တပ်က ထိန်းချုပ်နိုင်လိမ့်မယ်လို့ တရုတ်က ယူဆပုံရတယ်။ ဒါပေမဲ့ အခု ခုနှစ်လ ကြာသွားတဲ့အချိန်မှာ ကျွန်တော်တို့ကို လက်နက်နဲ့လွှမ်းမိုးပြီးတော့ နယ်မြေစိုးမိုးရေးတောင် မနည်းလုပ်နေရတယ်။ စီးပွားရေးကိုလည်း သူမထိန်းနိုင်ဘူး။ သံတမန် ဆက်ဆံရေးမှာလည်း ထိုးဆင်းပြီး ကျနေတယ်။ အဲဒီအခြေအနေအရပ်ရပ်က စစ်ကောင်စီရဲ့ အနာဂတ်ဟာ မသေချာတော့ဘူး၊ မရေရာတော့ ဘူးဆိုတာကို ဘေဂျင်းက ပြောင်းလဲပြီး မြင်တဲ့သဘောရှိပါတယ်။ ကျွန်တော့်အမြင်မှာ လက်ရှိပကတိ အခြေအနေကို ဘေဂျင်းရဲ့ သုံးသပ်ချက်က ယခင်ကထက်စာရင် ပိုပြီးတော့ မှန်ကန်နီးစပ်လာတယ်လို့ ကျွန်တော်မြင်တယ်”
တရုတ်ကွန်မြူနစ်ပါတီက NLD ပါတီကို အခုလို ဆက်ဆံတာဟာ နိုင်ငံရေး အမြင်ကျယ်တာကြောင့် ဖြစ်တယ်လို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်အဖြစ် ဒီအစည်းအဝေးမှာပါဝင်ခဲ့တဲ့ USDP လူငယ် ရေးရာကော်မတီ ဒုတိယဌာနမှူး ဒေါက်တာသန့်ဇော်လွင် က သုံးသပ်ပါတယ်။
“တရုတ်ကွန်မြူနစ်ပါတီလည်း နှစ် ၁၀၀ ပြည့်သွားပြီဆိုတော့ သူ့ရဲ့ နိုင်ငံရေးအတွေးအခေါ်တွေကလည်း ကျယ်ပြန့်ပါတယ်။ ဆိုတော့ ဒါဟာ လိုအပ်ချက်နဲ့အညီပေါ့ နိုင်ငံရေး မိတ်မပျက်အောင်လို့လည်း ဖိတ် ကြားတယ်လို့ မြင်ပါတယ်”
ပြီးခဲ့တဲ့ ဇူလိုင်လ ၂၁ ရက်နေ့တုန်းကလည်း တရုတ်ကွန်မြူနစ်ပါတီ နှစ် ၁၀၀ ပြည့်အတွက် NLD ပါတီ ပေးပို့တဲ့စာအပေါ် တရုတ်ဘက်က ကျေးဇူးတင်လွှာပြန်ပို့ခဲ့ပြီး၊ ပါတီနှစ်ခု ခင်မင်ရင်းနှီးစွာ ပေါင်းသင်း ဆက်ဆံသလို တရုတ်- မြန်မာဆက်ဆံရေးကိုလည်း ဆက်လက်တိုးတက်အောင်လုပ်ဖို့ ဆန္ဒရှိကြောင်း ဖော်ပြခဲ့ပါတယ်။
တရုတ်ဟာ နိုင်ငံရေးအရ စစ်တပ်နဲ့ ဆက်သွယ်ဆောင်ရွက်နေသလို တစ်ဖက်မှာလည်း NLD ပါတီနဲ့ မိတ် မပျက် ဆက်ဆံရေးကို ဆက်လက်တည်ရှိဖို့ ကြိုးစားနေပုံရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြား ရေးဝန်ကြီး ဒေါ်ဇင်မာအောင် က သုံးသပ်ပါတယ်။
“တရုတ်နိုင်ငံအနေနဲ့ကတော့ မြန်မာပြည်ဟာ သူ့အတွက် မဟာဗျူဟာအကျိုးစီးပွားအရ အရေးကြီးတယ်၊ အိမ်နီးနားချင်းနိုင်ငံ တစ်ခုလည်းဖြစ်တယ်၊ နောက် ဒုတိယတစ်ချက်ကတော့ NLD က နိုင်ငံရေးပါတီ တစ်ခုဖြစ်တယ်။ တရုတ်ကလည်း ကွန်မြူနစ်ပါတီရဲ့ မူတွေနဲ့ သွားနေတာဖြစ်တဲ့အတွက် ပါတီချင်းဆက် ဆံရေးကို သူက ပိုပြီး သူ့ရဲ့မူမပျက်ဘဲနဲ့ ဆက်သွယ်ဆောင်ရွက်နေတဲ့ သဘောတော့ရှိပါတယ်”
တရုတ်ကွန်မြူနစ်ပါတီဘက်က ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အပေါ် အခုလို အသိအမှတ်ပြု ဆက်ဆံ လိုက်တာဟာ စစ်တပ်က NLD ပါတီကို ဖျက်သိမ်းဖို့အထိ ကြိုးပမ်းနေမှုကို လက်မခံကြောင်း ပြသတဲ့သဘော ဖြစ်တယ်လို့ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်အခြေစိုက် မြန်မာ့နိုင်ငံရေးလေ့လာသူ ဒေါက်တာ လှကျော်ဇောက သုံးသပ်ပါတယ်။
“ဗမာ့နိုင်ငံရေးမှာ NLD ရဲ့ ဆက်လက်ရှိနေမှုကို တရုတ်က အသိအမှတ်ပြုတယ်ဆိုတာကို ပြောလိုက်တာ ပေါ့။ နောက် စစ်ကောင်စီက NLDကို ဖျက်သိမ်းရေး လုပ်နေတာကိုလည်း သူလက်မခံဘူးပေါ့။ ဒါကို ပြသလိုက်တာလည်း ပါပါတယ်။ တရုတ်ဘက်ကတော့ သူ့ရဲ့ စိတ်ကူးကတော့ စစ်ကောင်စီရော၊ NLD ရော ဗမာပြည်ရဲ့ အရေးပါတဲ့ အဖွဲ့အစည်းတွေအားလုံး စုံစုံညီညီပါဝင်တဲ့ ဆွေးနွေးပွဲတစ်ခုလုပ်ပြီး အပေးအယူ ရှိရှိ ဒီကိစ္စတွေကို ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းဖို့ပေါ့၊ စေ့စပ်ဆွေးနွေး အဖြေရှာဖို့ တိုက်တွန်းနေတာပဲ”
တရုတ်နိုင်ငံအနေနဲ့ One Belt One Road လို့ ခေါ်တဲ့ ပိုးလမ်းမစီမံကိန်းကို အကောင်အထည်ဖော်ရာမှာ မြန်မာနိုင်ငံရဲ့ ဒေသတွင်းတည်ငြိမ်မှုက အရေးပါနေပြီး၊ ဒါဟာ မြန်မာပြည်မှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD ပါတီ ဆက်လက်ရပ်တည်နိုင်ရေးနဲ့လည်း တိုက်ရိုက်သက်ဆိုင်နေတယ်လို့ ဒေါက်တာ လှကျော်ဇောက သုံးသပ်ပါတယ်။
"တရုတ်နိုင်ငံအနေနဲ့ မြန်မာပြည်ဟာ သူ့အတွက် မဟာဗျူဟာ အကျိုးစီးပွားအရ အရေးကြီးတယ်"
တရုတ်ဟာ အတိတ်မှာ မြန်မာပြည်သူတွေရဲ့ ဆန္ဒကို လှစ်လျူရှုပြီး စစ်အာဏာရှင်တွေဘက်က ရပ်တည်ခဲ့ တာကြောင့် ဒီမိုကရေစီစနစ်ကို ကူးပြောင်းပြီးနောက်ပိုင်းမှာ မြစ်ဆုံရေအားလျှပ်စစ်မံကိန်းနဲ့ ကြေးနီတောင် စီမံကိန်း အပါအဝင် တရုတ်ရင်းနှီးမြှုပ်နှံမှုတွေအပေါ် လူထုရဲ့ဆန့်ကျင်မှုတွေကို ရင်ဆိုင်ခဲ့ရတဲ့ အတိတ်သင်္ခန်း စာတွေကို မေ့ပျောက်ပစ်မှာ မဟုတ်ဘူးလို့ နိုင်ငံရေးလေ့လာသုံးသပ်သူ တစ်ဦးဖြစ်တဲ့ လွှတ်တော်ကိုယ်စား လှယ်ဟောင်း ဦးရဲထွန်း က မှတ်ချက်ပေးပါတယ်။
နောက်တစ်ကြိမ် ရွေးကောက်ပွဲလုပ်ရင်လည်း NLD ပါတီသာ ထပ်မံအနိုင်ရနိုင်တဲ့ အခြေအနေကို တရုတ် ဘက်က တွက်ဆထားသလို၊ တကယ်လို့ NLD ပါတီကို နိုင်ငံရေးကနေ ဖယ်ထုတ်ပစ်ရင်တောင် တရုတ် လိုချင်တဲ့ ဒေသတွင်း တည်ငြိမ်ရေးကို ရမှာမဟုတ်ဘူးလို့ ဦးရဲထွန်းက သုံးသပ်ပါတယ်။
“၂၀၂၃ သြဂုတ်လမှာ ရွေးကောက်ပွဲလုပ်ရင်လည်း NLD ပဲနိုင်မှာပဲဆိုတာ တရုတ်က သုံးသပ်ပုံရတယ်။ နောက် လက်တွေ့မှာလည်း ကျွန်တော်တို့အမြင်ရတော့ NLD မပါတဲ့ မြန်မာ့အနာဂတ် နိုင်ငံရေးကတော့ တည်ငြိမ်ဖို့အတွက် တော်တော်ကို ခက်ခဲလိမ့်မယ်လို့ ကျွန်တော်ယူဆတယ်ဗျ”
တရုတ်အနေနဲ့ NLD ပါတီကို ကာကွယ်ခြင်းအားဖြင့် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှုကို ဆန့်ကျင် ကန့်ကွက်ဖို့ ပျက်ကွက်ခဲ့တယ်ဆိုတဲ့ ကုလသမဂ္ဂနဲ့ အနောက်နိုင်ငံတွေရဲ့ အမြင်သဘောထားနဲ့ စစ်တပ်ကို ကာကွယ်နေတယ်လို့ ယူဆထားတဲ့ မြန်မာပြည်သူတွေရဲ့ အမြင်သဘောထားတွေကို ဖြေလျော့ဖို့ ရည်ရွယ် ပုံရတယ်လို့လည်း ဦးရဲထွန်းက သုံးသပ်ပါတယ်။
စစ်အာဏာသိမ်းမှု နောက်ကွယ်မှာ တရုတ်ရဲ့ ထောက်ခံအားပေးမှုတွေ ပါဝင်ပတ်သက်နေတယ်လို့ မြန်မာ ပြည်သူတွေ မှတ်ယူထားတဲ့အတွက် အာဏာသိမ်းပြီးနောက်ပိုင်းမှာ ရန်ကုန်မှာရှိတဲ့ တရုတ်အထည်ချုပ်စက်ရုံ ၂၄ ခု မီးလောင်ပျက်စီးခဲ့ပြီး၊ မန္တလေးတိုင်းထဲက တရုတ်ဓာတ်ငွေ့ပိုက်လိုင်းတစ်ခု ဖောက်ခွဲဖျက်ဆီး ခံခဲ့ရ ပါတယ်။
ဒါကြောင့် တရုတ်စီးပွားရေးလုပ်ငန်းတွေကို ကာကွယ်ပေးဖို့ တရုတ်အစိုးရက စစ်တပ်ကို ဖိအားပေးခဲ့တဲ့အပြင် ရန်ကုန်ရှိ တရုတ်သံအမတ် ချန်းဟိုင်က ဖေဖော်ဝါရီ ၁၅ ရက်နေ့မှာ မြန်မာသတင်းမီဒီယာအချို့ဆီ စာပို့ပြီး
“အာဏာသိမ်းမှုနဲ့ ပတ်သက်လို့ တရုတ်ဘက်က ကြိုမသိခဲ့သလို၊ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေ တွေဟာ တရုတ်နိုင်ငံက မြင်တွေ့ချင်တဲ့ပုံစံမျိုး လုံးဝမဟုတ်ကြောင်း” ရှင်းပြခဲ့ပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟွာချန်းယင် ကလည်း မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ မတည်ငြိမ်မှုတွေနဲ့ နိုင်ငံရေးအပြောင်းအလဲကို တရုတ်နိုင်ငံက ထောက်ခံတယ်ဆိုတာဟာ သတင်းအမှားတွေသာဖြစ်ကြောင်း ဖေဖော်ဝါရီ ၁၈ ရက်နေ့မှာ နိုင်ငံတကာ သတင်းမီဒီယာတွေကို ထပ်မံပြောဆိုခဲ့ ပါတယ်။