ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် လူငယ်တွေ ပြည်ပထွက်ဖို့ ပိုကြိုးစားလာ

RFA Burmese
2024.02.15
ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် လူငယ်တွေ ပြည်ပထွက်ဖို့ ပိုကြိုးစားလာ ရန်ကုန်မြို့ ဒဂုံမြို့နယ် ပြည်လမ်းနှင့် မနော်ဟရီလမ်းထောင့်ရှိ ထိုင်းသံရုံးမှာ ဗီဇာပြုလုပ်ရန် စောင့်ဆိုင်းနေကြသူများအား ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီးနောက်မှာ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့တွေကို အဆင့်ဆင့် ဖွဲ့စည်းလာတာကြောင့် အဓမ္မ စစ်ထဲသွတ်သွင်းတာကို မခံလိုတဲ့ လူငယ်တွေဟာ ဒီရက်ပိုင်းအတွင်း ပြည်ပကို ထွက်ခွာဖို့ အလုအယက် ကြိုးစားလာတယ်လို့ လူငယ်တွေနဲ့ မိဘတွေက ပြောပါတယ်။

မြန်မာနိုင်ငံနဲ့ အနီးကပ်ဆုံး ထိုင်းနိုင်ငံကို ထွက်ခွာနိုင်ဖို့ ပိုကြိုးစားနေကြပြီး ဒီရက်ပိုင်း ရန်ကုန်မြို့က ထိုင်းသံရုံးရှေ့မှာ ပြည်ဝင်ခွင့်လျှောက်ထားသူ အများအပြား တွေ့နေရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရန်ကုန်မြို့ခံတစ်ဦးက RFA ကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့ မနက်ပိုင်းက ပြောပါတယ်။

"မနေ့က မနက် ၅ နာရီခွဲလောက်ကတော့ အဲဒီထိုင်းသံရုံးမှာ အဓိကတော့ လူငယ်တွေပေါ့၊ လူငယ်အယောက် ငါးဆယ်လောက် တန်းစီနေတာတော့ တွေ့တယ်။ ဒီရက်ပိုင်းမှာ ပိုများလာတာပေါ့။ ပြီးတော့ အဲဒီလိုမျိုး ကားပေါ်မှာ လူငယ်တွေ ဘာတွေ ပါလာရင်လည်း သူတို့အချင်းချင်း ပြောနေသံကြားတာတော့ ဘုန်းကြီးပဲ ဝတ်ရမလိုလို၊ နိုင်ငံခြားသွားဖို့တောင် နောက်လလောက်ဆိုရင် မကျိန်းသေတော့ဘူး ဘာညာနဲ့ အသံကြားရတယ်။ သူတို့ အကုန်လုံး တိုင်ပတ်နေတယ်"

ဖေဖော်ဝါရီလ ၁၄ ရက် ထိုင်းသံရုံးထုတ်ပြန်ချက်မှာလည်း ဒီရက်ပိုင်းအတွင်း ပြည်ဝင်ခွင့်ဗီဇာ လျှောက်ထားသူ များပြားတာကြောင့် တစ်ရက်ကို လျှောက်ထားသူ လေးရာသာ လက်ခံတော့မယ်လို့ ဖော်ပြထားပါတယ်။ တန်းစီစနစ်နဲ့ ရုံးချိန် မနက် ၈ နာရီခွဲမတိုင်ခင်မှာ တိုကင်ပေးဝေမှာဖြစ်ပြီး တိုကင်ကို လွှဲပြောင်းယူတာ၊ အတုလုပ်တာတွေရှိခဲ့ရင် အမည်ပျက်စာရင်း သွင်းမယ်လို့လည်း သတိပေးထားပါတယ်။

ဒီကိစ္စထပ်မံသိရှိနိုင်ဖို့ ရန်ကုန်ရှိ ထိုင်းသံရုံးကို RFA က အီးမေးလ်ပို့ မေးမြန်းထားပေမယ့် အကြောင်းမပြန်သေးပါဘူး။ မလေးရှား၊ စင်ကာပူနဲ့ အမေရိကန်သံရုံးတွေမှာ‌ လျှောက်ထားမှုအခြေအနေ သိနိုင်ဖို့ သက်ဆိုင်ရာ သံရုံးတွေကိုလည်း အီးမေးလ်ပို့မေးမြန်းထားပေမယ့် တုံ့ပြန်ချက် မရသေးပါဘူး။

ကျောင်းလခ ဈေးသက်သာတဲ့ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့က ဗုဒ္ဓတက္ကသိုလ်မှာတော့ မြန်မာနိုင်ငံကနေ လျှောက်ထားသူ များလွန်းတာကြောင့် လက်မခံတော့တဲ့အကြောင်း ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာပဲ အင်္ဂလိပ်ဘာသာနဲ့ အသိပေးထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းထားလို့ အလုပ်အကိုင်အခွင့်အလမ်း ရှားပါးနေတဲ့အပြင် ပြည်သူ့စစ်မှုထမ်း ဂယက်ကြောင့် အနာဂတ်မဲ့သွားတယ်လို့ ပြည်ပထွက်အလုပ်လုပ်ဖို့ ကြိုးစားနေတဲ့ လူငယ်တစ်ဦးက RFA ကို ပြောပါတယ်။

"အကုန်လုံးက အလုပ်အကိုင်မရှိ ရှားပါးတဲ့အချိန်မှာ ဒါနိုင်ငံခြားထွက်ဖို့ အကုန်ပြင်ကြတာပဲပေါ့နော်။ အခုချိန်မှာ ဒီဥပဒေ ထပ်ထွက်လိုက်တဲ့အခါမှာကျတော့ တော်တော်ကို လမ်းပျောက်သွားတဲ့ အခြေအနေပေါ့။ ပြည်ပစေလွှတ်ခွင့်တွေ ပိတ်တယ်လို့လည်း ကြားတယ်။ နောက် Demand (အလုပ်အသစ်) တွေ ပိတ်တယ်လို့လည်း ကြားတယ်။ နိုင်ငံခြားထွက်ဖို့ကလည်း မလွယ်ဘူးပေါ့နော်။ ပြည်တွင်းမှာ ဆက်နေမယ်ဆိုရင်လည်း စစ်မှုမထမ်းမနေရ ဥပဒေ ဘာညာ၊ ဒါမျိုးတွေ ထွက်လာတယ်ဆိုတော့ တော်တော်လေးကို လမ်းပျောက်သွားတာ။ လက်ရှိမှာလည်း တော်တော်များများ လူငယ်တိုင်း ကြုံတွေ့ခံစားနေရတယ်။ ဒီအပေါ်မှာ စိုးရိမ်ချက်ကြီးပြီးတော့ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိအောင် ဆိုးဆိုးရွားရွား အကျပ်ရိုက်သွားတဲ့ အခြေအနေဖြစ်သွားတာပေါ့"

လက်ရှိမှာ သူကိုယ်တိုင် ဂျပန်နိုင်ငံမှာ အလုပ်သွားလုပ်မယ့် ရည်ရွယ်ချက်ကို ဖျက်လိုက်ပြီး အနီးဆုံး ထိုင်းနိုင်ငံကို နယ်စပ်ကတစ်ဆင့် သွားရောက်ဖို့ စုံစမ်းနေတယ်လို့ ဆိုပါတယ်။

"နိုင်ငံခြားထွက်ဖို့ကလည်း မလွယ်ဘူးပေါ့နော်။ ပြည်တွင်းမှာ ဆက်နေမယ်ဆိုရင်လည်း စစ်မှုမထမ်းမနေရ ဥပဒေ ဘာညာ၊ ဒါမျိုးတွေ ထွက်လာတယ်ဆိုတော့ တော်တော်လေးကို လမ်းပျောက်သွားတာ"

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့၊ တိုင်းနဲ့ ပြည်နယ်အဖွဲ့တွေကို ဖွဲ့စည်းပြီးနောက် လာမယ့် ဧပြီလ သင်္ကြန်ပိတ်ရက်အပြီးမှာ တစ်နှစ်ကို လူငါးသောင်းခန့် ခေါ်ယူမယ်လို့ လက်အောက်ခံ မီဒီယာတွေကတစ်ဆင့် ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ပြောပါတယ်။

"ကျွန်တော် ပထမဦးဆုံး ခိုင်ခိုင်မာမာ ပြောချင်တာက အကျူံးဝင်တဲ့သူတိုင်းကိုလည်း ကျွန်တော်တို့ ခေါ်မှာ မဟုတ်ပါဘူး။ ခေါ်စရာလည်း အကြောင်းမရှိပါဘူး။ ကျွန်တော်တို့အနေနဲ့ တစ်နှစ်၊ တစ်နှစ်ကို ခေါ်နိုင်တဲ့လူဦးရေ ငါးသောင်းထက် ပိုနိုင်စရာ အကြောင်းမရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့အနေနဲ့ ခေါ်ယူထားတဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေအရ နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို ထမ်းဆောင်မယ့်သူတွေအားလုံးကို အဆင့်အလိုက် အရည်အချင်းအလိုက် လစာ၊ ရိက္ခာ၊ ခံစားခွင့် အားလုံး ပေးရမှာဖြစ်ပါတယ်"

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့နဲ့ သတင်းထောက်တွေအကြား အပြန်အလှန် မေးမြန်းဖြေကြားလေ့ရှိတဲ့ စစ်တပ်ဗိုက်ဘာအဖွဲ့ ဖြေကြားချက်မှာတော့ လစဉ် တစ်သုတ်ကို ငါးထောင်နှုန်းနဲ့ တစ်နှစ်ကို ခြောက်သောင်းနှုန်း လူသစ်စုဆောင်းသွားမယ်လို့ ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှာ ပြန်လည်ဖြေဆိုထားပါတယ်။

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း ပြည်ပနိုင်ငံတွေက မြန်မာသံအမတ်တွေကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့က နေပြည်တော်မှာ ခေါ်တွေ့ပြီး ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ အရန်တပ်ဖွဲ့ ဥပဒေအကြောင်း ရှင်းပြခဲ့တယ်လို့ စစ်ကောင်စီပိုင် သတင်းစာတွေက ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ဖော်ပြပါတယ်။ အဲဒီလိုတွေ့ဆုံစဉ်မှာ ပြည်သူ့စစ်မှုထမ်းဥပဒေအရ သတ်မှတ် အသက်အပိုင်းအခြားအတွင်းက သင့်တင့်တဲ့ လူသစ်အင်အားကိုပဲ ခေါ်ယူမယ်လို့ ပြောခဲ့တယ်လို့ ဖော်ပြပါတယ်။

ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ် တက္ကသိုလ်ရိပ်သာလမ်းပေါ်ရှိ အမေရိကန်သံရုံးကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ် တက္ကသိုလ်ရိပ်သာလမ်းပေါ်ရှိ အမေရိကန်သံရုံးကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

တိုင်းပြည်အတွက် ကုန်ထုတ်စွမ်းအားအမြင့်ဆုံး အသက် ၁၈ ကနေ ၃၅ ကြားအရွယ်တွေကို အဓိကပစ်မှတ်ထားပြီး အသုံးချဖို့ ကြိုးစားတာဟာ ဆိုးရွားတဲ့လုပ်ရပ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ စိုင်းကြည်ဇင်စိုးက ပြောပါတယ်။

"အဓိက စစ်မတိုက်ချင်ကြတဲ့ လူတော်တော်များများ၊ ဘဝရည်မှန်းချက် သီးခြားရှိနေတဲ့ လူတော်တော်များများက ဒီလိုပဋိပက္ခထဲမှာ မပါချင်ကြတဲ့အချိန်မှာ ဒီလိုမျိုး ရှောင်ထွက်ကြတယ်ဆိုတာ သဘာဝပါပဲ။ လက်ရှိ Target ထားတဲ့ ၁၈ ကနေ ၃၅ ဆိုတဲ့အရွယ်က တိုင်းပြည်အတွက် အရေးကြီးဆုံး၊ ကုန်ထုတ်စွမ်းအား အမြင့်ဆုံး၊ လုပ်နိုင် ကိုင်နိုင်စွမ်းအရှိဆုံး အရွယ်တွေ ဖြစ်တယ်။ ပညာတတ် လူငယ်တွေ၊ သင်ယူနိုင်ကြတဲ့ အရွယ်တွေ ဖြစ်တယ်။ အဲဒီအရွယ်တွေကို ဒီလိုမျိုး Target (ပစ်မှတ်) ထားပြီးတော့ ဒီလိုမျိုး ပဋိပက္ခအခြေအနေမျိုးမှာ အသုံးချပြီးတော့ ကိုယ့်ရဲ့ နိုင်ငံရေး အသာစီးရနိုင်ဖို့ လုပ်တယ်ဆိုတာက အင်မတန်ဆိုးရွားတဲ့ အလုပ်တစ်ခုအဖြစ်ပဲ မြင်ကြပါတယ်"

အာဏာသိမ်းကာလတစ်လျှောက်လုံး စစ်တပ်က ပြည်သူတွေကို ဖမ်းဆီးနှိပ်စက်နေတဲ့အပြင် ဒီလို အဓမ္မ စစ်သားစုဆောင်းတဲ့ ဥပဒေမျိုး ပြဋ္ဌာန်းလိုက်တာဟာ စစ်ဘက်၊ အရပ်ဘက် ရင်ကြားစေ့ရေးကို အဟန့်အတားဖြစ်စေပြီး နားကျည်းစရာတွေပဲ ပိုများလာလိမ့်မယ်လို့လည်း ဒေါက်တာ စိုင်းကြည်ဇင်စိုးက ပြောပါတယ်။

အမေရိကန်ဗဟိုထောက်လှန်းရေးဌာန (CIA) ရဲ့ ပြီးခဲ့တဲ့နှစ် ခန့်မှန်းချက်အရ မြန်မာစစ်တပ်မှာ စစ်အင်အား တစ်သိန်းခွဲကနေ လေးသိန်းအထိ ရှိနိုင်တယ်လို့ Miami Herald သတင်းက ဖော်ပြပါတယ်။ အဲဒီအထဲက အင်အား နှစ်သောင်းတစ်ထောင်ခန့်ကို အာဏာသိမ်းနောက်ဆက်တွဲ လက်နက်ကိုင် ပဋိပက္ခတွေအတွင်း သေဆုံးမှု၊ ဒဏ်ရာရမှု၊ ဖမ်းဆီးခံရမှုနဲ့ ဘက်ပြောင်းမှုတွေကြောင့် ဆုံးရှုံးခဲ့တယ်လို့ ဝါရှင်တန်အခြေစိုက် အမေရိကန် ငြိမ်းချမ်းရေးအင်စတီကျု (USIP) ရဲ့ ခန့်မှန်းချက်ကိုလည်း ကိုးကားဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။