ရာသီဥတုနဲ့ ရိက္ခာပြဿနာက ပဋိပက္ခကို ပိုဆိုးဝါးစေ
2024.02.14
ရာသီဥတု ကမောက်ကမဖြစ်တာနဲ့ စားနပ်ရိက္ခာ ပြဿနာဟာ ကမ္ဘာ့ငြိမ်းချမ်းရေးကို ထိပါးပြီး မြန်မာနိုင်ငံလို ပဋိပက္ခဖြစ်ပွားနေတဲ့ နေရာတွေမှာ အခြေအနေပိုဆိုးဝါးစေတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတားရက်စ် (Antonio Guterres) က ဖေဖော်ဝါရီ ၁၄ ရက်က ပြောကြားလိုက်ပါတယ်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ပြောကြားခဲ့တာပါ။ ဆီးရီးယား၊ မြန်မာနဲ့ ဂါဇာကမ်းမြှောင်ဒေသတွေကို ဥပမာအဖြစ် ထည့်သွင်းပြောရုံသာမက ဒီနေ့ကမ္ဘာမှာ ငတ်မွတ်ခြင်းနဲ့ ပဋိပက္ခ ဆက်စပ်နေတာ များပြားနေတယ်လို့ ပြောပါတယ်။ ငတ်မွတ်ခြင်းနဲ့ ပဋိပက္ခဟာ ဆက်စပ်နေပြီး စစ်ပွဲကြောင့်လည်း ငတ်မွတ်ရပါတယ်။
ဆီးရီးယားမှာ ဆယ်စုနှစ်ချီကြာတဲ့ စစ်ပွဲနဲ့ အလွန်တရာဆိုးဝါးတဲ့ မြေငလျင်ကြောင့် လူ ၁၃ သန်းနီးပါး ထမင်းမစားရဘဲ အိပ်ရာဝင်နေရတယ်လို့ ပြောပါတယ်။
မြန်မာနိုင်ငံမှာလည်း ပဋိပက္ခနဲ့ နိုင်ငံရေးမတည်ငြိမ်မှုကြောင့် ငတ်မွတ်မှု အဆုံးသတ်ရေး မျှော်လင့်ချက်တွေ ပြောင်းပြန်ဖြစ်ကုန်တယ်လို့ ပြောပါတယ်။
မြန်မာနိုင်ငံမှာ လူ ၁၂ ဒဿမ ၉ သန်း စားနပ်ရိက္ခာမဖူလုံဘဲ လူ ၁၈ ဒဿမ ၆ သန်းက လူသားချင်းစာနာမှု အကူအညီလိုပြီး ပဋိပက္ခတွေကြောင့် လူ ၂ ဒဿမ ၆ သန်း နေရပ်က ရွှေ့ပြောင်းရတယ်လို့လည်း WFP ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်က ပြောထားပါတယ်။
ဂါဇာကမ်းမြှောင်ဒေသကတော့ ကမ္ဘာမှာ အငတ်မွတ်ဆုံးလူသားတွေအဖြစ် ရှိနေပြီး ဘယ်သူမှ ဝဝလင်လင် မစားရဘဲ လူ ခုနစ်သိန်းမှာ ၈၀ ရာခိုင်နှုန်းဆာလောင်နေကြတယ်လို့ ကုလအတွင်းရေးမှူးချုပ်က ပြောပါတယ်။
ရာသီဥတုအခင်းအကျင်းက ဆိုးဆိုးဝါးဝါး ဖြစ်နေတဲ့ကြား ကမ္ဘာ့နေရာ အတော်များများမှာ ပဋိပက္ခတွေ ဖြစ်ပွားနေပြီး ပင်လယ်နီမှာ အကြမ်းဖက်မှုတွေ ရှိတာကြောင့် အခြေအနေတွေက ပိုဆိုးဝါးနေပြီး၊ စားနပ်ရိက္ခာ မလုံလောက်မှုက ပိုတိုးပွားကာ စားသောက်ကုန်ဈေးနှုန်းတွေက ပိုတက်မယ်လို့ ပြောပါတယ်။
လောလောဆယ်မှာတော့ ရာသီဥတုပြောင်းလဲမှုဒဏ်ကို ၁၄ နိုင်ငံက ဆိုးဆိုးဝါးဝါး ကြုံတွေ့ရမယ်လို့ သတ်မှတ်ထားပါတယ်။ မနှစ်က ၂၀၂၃ မှာ ကမ္ဘာတစ်ဝန်းက လူ သန်း ၃၃၀ ကျော်ထိခိုက်ရတယ်လို့ WFP က ခန့်မှန်းပါတယ်။ ဒီနှစ် ၂၀၂၄ အတွက် ဆိုရင် ၁၈ နိုင်ငံက အထူးစိုးရိမ်ရတယ်လို့ နှစ်ဦးပိုင်းမှာတင် သတိပေးထားပါတယ်။
ရာသီဥတုပြောင်းလဲမှုဒဏ် ဆိုးဆိုးဝါးဝါး ရင်ဆိုင်ရမယ့် ၁၄ နိုင်ငံလုံးကလည်း ပဋိပက္ခတွေခံစားနေရပြီး ၁၃ နိုင်ငံဟာ လူသားချင်းစာနာမှု အကျပ်အတည်းတွေနဲ့ ကြုံနေရပါတယ်။ မြန်မာနိုင်ငံဟာ ရာသီဥတုပြောင်းလဲတဲ့ဒဏ် ဆိုးဆိုးဝါးဝါး ရင်ဆိုင်ရမယ်လို့လည်း သတိပေးထားပါတယ်။
လူသားချင်းစာနာမှု အကူအညီပေးရေး အဖွဲ့တွေကို ပဋိပက္ခဖြစ်ပွားနေတဲ့နေရာတွေ သွားခွင့်ပေးရမယ်လို့ ကုလသမဂ္ဂ အတွင်းရေးအတွင်းရေးမှူးချုပ် Antonio Guterrs က ပြောကြားပါတယ်။