ငြိမ်းချမ်းချင်လို့ စစ်တိုက်သူ
2024.09.29
အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်တွန်းလှန်နေသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်များ၊ တိုင်းပြည်အတွက် အနာဂတ်မျှော်လင့်ချက်များအကြောင်း အပိုင်းငါးပိုင်းပါ RFA အထူးအစီအစဉ် စတုတ္ထပိုင်း ဖြစ်ပါသည်။ (အင်္ဂလိပ်ဘာသာဆောင်းပါး)
အရပ်ရှည်ရှည်၊ လေးထောင့်ကျကျ မေးရိုးနဲ့ ခပ်တည်တည် မျက်နှာထားရှိတဲ့ ဗိုလ်ကြီးစောကော်ရဲ့ ရုပ်သွင်ဟာ တော်လှန်ရေးသမား၊ တပ်မှူးတစ်ယောက် ဆိုတာကို ဖော်ပြနေပါတယ်။
ဒါပေမဲ့ ကရင်ပြည်နယ် မြဝတီခရိုင် တောတွင်းလျှို့ဝှက်စခန်းတစ်ခုမှာ ဂီတာတီးပြီး သီချင်းဆိုနေတဲ့ အခိုက်အတန့်မှာတော့ အသက် ၃၇ နှစ်အရွယ် လူတစ်ယောက်ရဲ့ ဘဝဖြတ်သန်းမှု တစ်စိတ်တစ်ဒေသကို ခန့်မှန်းလို့ ရသွားပါတယ်။
ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံတပ်တွေနဲ့ စစ်အစိုးရတပ်တွေအကြား မကြာခဏ တိုက်ပွဲဖြစ်နေတဲ့ ပဲခူးတိုင်းအရှေ့ခြမ်း ကျောက်ကြီးမြို့နယ်က ကျေးရွာလေးတစ်ရွာမှာ ဗိုလ်ကြီးစောကော်ကို မွေးဖွားခဲ့ပါတယ်။ ပြည်တွင်းစစ်ဒဏ် ခံနေရတဲ့ အဲဒီရွာငယ်လေးမှာ မွေးဖွားခဲ့တာကြောင့်ပဲ ကမ္ဘာပေါ်မှာ သက်တမ်းအကြာဆုံး လက်နက်ကိုင်တော်လှန်ရေးထဲကို သူရောက်လာခဲ့ရပါတယ်။
၁၉၄၈ ခုနှစ် မြန်မာနိုင်ငံ လွတ်လပ်ရေးရချိန်ကစလို့ ကရင်တိုင်းရင်းသားတွေဟာ တန်းတူရေးနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် စစ်အစိုးရအဆက်ဆက်ကို ဆန့်ကျင်တိုက်ခိုက်ခဲ့ကြပါတယ်။ အဲဒီတိုက်ပွဲတွေဟာ ကရင်တိုင်းရင်းသားအများစုနေထိုင်ရာ ပဲခူးတိုင်းအရှေ့ခြမ်းအပါအဝင် ကရင်ပြည်နယ်ရဲ့ တောင်တန်းနဲ့ကျေးလက်ဒေသတွေ၊ နယ်စပ်ဒေသတွေအထိ ပျံ့နှံ့ခဲ့ပါတယ်။
ဗိုလ်ကြီးစောကော်ရဲ့ဖခင်ဟာ ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ဖွဲ့ဝင်တစ်ဦး ဖြစ်ပါတယ်။ တိုက်ခိုက်ရေးသမားဖြစ်တဲ့ သူ့ဖခင်ဟာ ရွာမှာရှိတဲ့ မိသားစုဆီကို တစ်ခါတလေ လာတွေ့လိုက်၊ KNLA တပ်စခန်းတွေဆီ ပြန်သွားလိုက်နဲ့ ကရင့်တော်လှန်ရေးအတွက် တာဝန်ထမ်းနေခဲ့တာပါ။
တစ်နေ့မှာတော့ နအဖ စစ်အစိုးရတပ်သားတွေက သူ့ရဲ့ဖခင်ကိုဖမ်းဆီးဖို့ ရွာကို ဝင်ရောက်စီးနင်းခဲ့ပါတယ်။ ဖခင်ကိုမတွေ့တဲ့အခါ ဗိုလ်ကြီးစောကော်ရဲ့ ဦးလေးတွေ၊ အဒေါ်တွေနဲ့ အသက်အရွယ် ကြီးရင့်နေပြီဖြစ်တဲ့ အဘိုးဖြစ်သူကို ဖမ်းဆီးပြီး နှိပ်စက်ညှဉ်းပန်းခဲ့ကြပါတယ်။ ကိုယ်ဝန်ခုနစ်လ လွယ်ထားရတဲ့ ဗိုလ်ကြီးစောကော်ရဲ့ မိခင်ဟာ ချောင်းကိုဖြတ်ပြီး ဘေးလွတ်ရာကို ထွက်ပြေးခဲ့ရပါတယ်။ အဲဒီအချိန်မှာ ဗိုလ်ကြီးစော်ကော်ရဲ့အသက်က ခုနစ်နှစ်ပဲ ရှိပါသေးတယ်။
အဲဒီအချိန်ကစလို့ သူတို့မိသားစု တကွဲတပြားစီ မထင်မရှား၊ လျှို့ဝှက်ပြီး နေထိုင်ခဲ့ရပါတယ်။ စစ်တပ် ဒါမှမဟုတ် စစ်တပ်ထောက်ခံသူတွေက မိသားစုဝင်တစ်ဦးဦးကို အသုံးချပြီး နောက်တစ်ဦးကို ဖမ်းဆီးနှိပ်စက်မှာကို အမြဲစိုးရိမ်ခဲ့ရပါတယ်။ အဲဒီအချိန်က မိခင်ကိုတွေ့ပေမဲ့ အမေလို့ မခေါ်ရဲခဲ့ဘူးလို့ ဗိုလ်ကြီးစောကော်က ပြန်ပြောပြပါတယ်။
နိုင်ငံကျော်အဆိုတော် ထူးအိမ်သင်ရဲ့ “မေမေ နေကောင်းလား” သီချင်းဟာ မိခင်နဲ့ အနှစ်နှစ်ဆယ်ကျော် ခွဲခွာနေထိုင်ရတဲ့ တော်လှန်ရေးသမား ဗိုလ်ကြီးစောကော် အနှစ်သက်ဆုံးနဲ့ မကြာခဏသီဆိုဖြစ်တဲ့ သီချင်းတစ်ပုဒ်လည်း ဖြစ်ပါတယ်။
ရှည်ကြာတဲ့ ပြည်တွင်းစစ်
မြန်မာနိုင်ငံမှာ တိုင်းရင်းသားလူမျိုးပေါင်းစုံ ရှိတဲ့အချက်ဟာ ငြိမ်းချမ်းရေးမှာ အတားအဆီးတစ်ခုလို ဖြစ်နေတယ်လို့ တချို့က ယူဆကြပါတယ်။ အစဉ်အဆက် အာဏာရယူထားတဲ့ လူများစုမြန်မာတွေနဲ့ ဒီတိုင်းရင်းသားလူမျိုးပေါင်းစုံအကြား ထိတွေ့ဆက်ဆံမှုတွေကလည်း အမျိုးမျိုးအဖုံဖုံ ရှိနေပါတယ်။
နိုင်ငံမြောက်ပိုင်းနဲ့ အနောက်ပိုင်းဒေသတွေမှာ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေက အာဏာသိမ်းစစ်တပ်ကို အောင်အောင်မြင်မြင် တိုက်ထုတ်နိုင်နေပေမဲ့ ဒါကိုကြည့်ပြီး ရှုပ်ထွေးရှည်ကြာလှတဲ့ ပြည်တွင်းစစ်ကြီး ပြီးဆုံးတော့မယ်လို့တော့ သေချာပေါက် မပြောနိုင်ပါဘူး။
ဒါပေမဲ့ KNU ဟာ သက်ဆိုင်ရာဒေသတွေမှာ တိုင်းရင်းသားအဖွဲ့တွေက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရယူပြီး ပိုကျယ်ပြန့်တဲ့ ဗဟိုအစိုးရမှာလည်း ပါဝင်နိုင်တဲ့ ဖက်ဒရယ်အယူအဆကို ထောက်ခံတဲ့အဖွဲ့အစည်း ဖြစ်ပါတယ်။ စစ်အာဏာရှင်ကို ဖြုတ်ချပြီးသွားရင် ထာဝရငြိမ်းချမ်းရေးတည်ဆောက်နိုင်ဖို့ ကြိုးစားနေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့လည်း မဟာမိတ်ဖွဲ့ထားပါတယ်။
စစ်တိုက်နေရတဲ့ တပ်မှူးတစ်ဦးအနေနဲ့ ဗိုလ်ကြီးစောကော်ဟာ ဖြစ်နိုင်ခြေရှိတဲ့ နိုင်ငံရေးအယူအဆတွေ၊ ရှုပ်ထွေး ပွေလီမှုတွေကို တွေးဆနေဖို့ အချိန်မရှိပါဘူး။ ဒါပေမဲ့ သူကွပ်ကဲနေတဲ့ ကော်ဘရာစစ်ကြောင်းဟာ အတွေ့အကြုံရင့်ကျက်တဲ့ ကရင်တိုက်ခိုက်ရေးသမားတွေနဲ့ စစ်အာဏာရှင်ကို လက်နက်ကိုင်တော်လှန်လိုတဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် မြန်မာလူငယ်တွေ ပူးပေါင်းပါဝင်နေတဲ့ ထူးခြားတဲ့တပ်ဖွဲ့ ဖြစ်လာပါတယ်။
“ဒီပွဲကြီးက ဘယ်တော့လောက်ပြီးမလဲလို့ အတိအကျ မပြောနိုင်ပေမဲ့ ဒီစစ်ပွဲကြီး ပြီးကိုပြီးရမယ်လို့ ယုံကြည်ထားတယ်။ လက်နက်ကိုင်တော်လှန်ရေးတင် မဟုတ်ဘူး ပြည်သူတွေလည်း ပါတယ်။ တခြားနယ်က လက်နက်ကိုင်အဖွဲ့တွေလည်း တော်လှန်နေတယ်။ ဒီလိုမျိုးသာ ဆက်သွားမယ်ဆိုရင် ဒီစစ်ကောင်စီ ပြိုကိုပြိုမယ်ဆိုတာ ကျွန်တော်ယုံကြည်တယ်” လို့ ဗိုလ်ကြီးစောကော်က ပြောပါတယ်။
အခုချိန်မှာ ပြည်သူအားလုံး ဒုက္ခမျိုးစုံခံစားနေရပေမဲ့ တစ်နေ့မှာ ထာဝရ စုစည်းညီညွတ်တဲ့ မြန်မာနိုင်ငံကို တည်ဆောက်နိုင်လိမ့်မယ်လို့ သူမျှော်လင့်ထားပါတယ်။
အထူးအစီအစဉ် ဆောင်းပါးများ
အနာဂတ်အတွက် တိုက်ပွဲဝင်နေတဲ့ မျိုးဆက်သစ်လူငယ်များ
အချစ်နဲ့စစ် - တိုက်ပွဲကြားက ဘဝခရီးသစ်
သတင်းထောက်တစ်ဦးရဲ့ ဘဝခရီးကြမ်း
မြန်မာ့ပြည်တွင်းစစ်နဲ့ ဖက်ဒရယ်အနာဂတ်
အာဏာသိမ်းနောက်ဆက်တွဲ ပြည်တွင်းစစ်
အင်္ဂလိပ်ကိုလိုနီခေတ်မှာ ကရင်ပြည်နယ်အပါအဝင် တိုင်းရင်းသားဒေသတချို့နဲ့ တောင်တန်းဒေသတွေမှာ နိုင်ငံခြားသား သာသနာပြုအဖွဲ့တွေက ခရစ်ယာန်သာသနာပြုလုပ်ငန်းတွေ ဆောင်ရွက်ခဲ့တာကြောင့် ကရင်တိုင်းရင်းသားအများစုဟာ ခရစ်ယာန်ဘာသာဝင်တွေ ဖြစ်နေပါတယ်။ ငယ်ရွယ်တဲ့ စောကော်လေးဟာ ဘုရားကျောင်းတက်ရင်း၊ သူငယ်ချင်းတွေနဲ့ ဝိုင်းဖွဲ့ရင်း ဂီတာတီး၊ သီချင်းဆိုတာတွေကို လေ့ကျင့်သင်ယူခဲ့ပါတယ်။
ဂီတအနုပညာဘက်မှာ စိတ်ဝင်စားခဲ့ပေမဲ့ ကာလကြာရှည် ပြည်တွင်းစစ်ဖြစ်နေတဲ့ မြန်မာနိုင်ငံမှာ သူဝါသနာပါတဲ့အလုပ်ကို ကြီးထွားရှင်သန်အောင်၊ တိုးတက်အောင်မြင်အောင် လုပ်ဖို့ အခွင့်အရေးမရခဲ့ပါဘူး။ ဝါသနာထက် အဓိက ဦးစားပေးရမှာက ပြည်သူတွေအတွက် စစ်အာဏာရှင်စနစ်ကျဆုံးရေး ဖြစ်တယ်ဆိုတာကို သူနားလည်ထားပါတယ်။ ဒါကြောင့် ထိုင်းနိုင်ငံမှာ တက္ကသိုလ်တက်၊ ဘွဲ့ရပြီးနောက် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) မှာ ပါဝင်ဖို့ သူအိမ်ပြန်လာခဲ့ပါတယ်။
သူ့ဘဝမှာ ငြိမ်းချမ်းမှုကို တစ်ကြိမ်တော့ မြင်တွေ့ခွင့်ရခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်က KNU နဲ့ သမ္မတဦးသိန်းစိန်အစိုးရအကြား အပစ်အခတ်ရပ်စဲပြီးနောက်ပိုင်း KNU ခေါင်းဆောင်တွေ ငြိမ်းချမ်းရေးဆွေးနွေးဖို့ နေပြည်တော်ကိုသွားတိုင်း ဗိုလ်ကြီးစောကော် မကြာခဏ အတူလိုက်ပါခဲ့ရပါတယ်။
အဲဒီအချိန်ဟာ ကမ္ဘာ့အလယ်မှာ ဆယ်စုနှစ်ပေါင်းများစွာ အထီးကျန်နေခဲ့တဲ့ မြန်မာစစ်ခေါင်းဆောင်တွေက မြန်မာကို နိုင်ငံတကာနဲ့ဆက်သွယ်ဖို့ စတင်တံခါးဖွင့်ပေးခဲ့တဲ့ အချိန်လည်း ဖြစ်ပါတယ်။ ဒါပေမဲ့ ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲမှာ မဲမသမာမှု လုပ်ခဲ့တယ် ဆိုတဲ့စွပ်စွဲချက်နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်တပ်က NLD အရပ်သားအစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းလိုက်ချိန်မှာတော့ ငြိမ်းချမ်းရေးသဘောတူညီချက် ပျက်ပြယ်ခဲ့ရပါတယ်။
အာဏာသိမ်းနောက်ဆက်တွဲ ဖိနှိပ်ဖြိုခွဲမှု၊ ဖမ်းဆီးသတ်ဖြတ်မှုတွေ ဖြစ်လာချိန်မှာတော့ ကရင်စစ်ဘေးဒုက္ခသည်တွေအတွက် ဂျပန်နိုင်ငံအကူအညီနဲ့ တည်ဆောက်ထားတဲ့ ထိုင်း-မြန်မာနယ်စပ်အနီး ကရင်ပြည်နယ်ထဲက ငြိမ်းချမ်းရေးမြို့ လေးကေ့ကော်ကို NLD ပါတီဝင်တွေ၊ ဆန္ဒပြလူငယ်တွေ ရာနဲ့ချီပြီး ထွက်ပြေးတိမ်းရှောင်လာခဲ့ကြပါတယ်။
စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေအကြား တင်းမာမှုပြေလျော့စေတဲ့ သင်္ကေတအဖြစ် “ငြိမ်းချမ်းရေးမြို့” လို့ တင်စားခေါ်ဝေါ်တဲ့ လေးကေ့ကော်မြို့လေးဟာ စစ်တပ်အာဏာသိမ်းပြီးနောက်မှာတော့ အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်တော်လှန်လိုသူတွေ စုဝေးရာ အချက်အချာနေရာတစ်ခု ဖြစ်လာပါတယ်။
“ကျွန်တော်က ကိုယ်ချင်းစာစိတ်နဲ့ ကျွန်တော်တို့ခံစားရသလို တခြားသူတွေကို လုံးဝ ပေးမခံစားချင်တော့ဘူး” လို့ ရှေ့တန်းစစ်မြေပြင်နဲ့ သိပ်မဝေးတဲ့ ကော်ဘရာစခန်းတစ်ခုမှာ ပြုလုပ်တဲ့ RFA နဲ့မေးမြန်းခန်းမှာ ဗိုလ်ကြီးစောကော်က ပြောပြခဲ့ပါတယ်။
“ဒီနိုင်ငံမှာ ကျွန်တော်တို့လို ခံစားရရင် သူတို့ (ပြည်သူတွေ) တောင့်ခံနိုင်မှာ မဟုတ်တော့ဘူး။ ဘာလို့လဲဆိုတော့ ဒီဟာကြီးက တော်တော်ဆိုးဆိုးဝါးဝါးပဲ”
အာဏာသိမ်းစစ်တပ်ဟာ NLD ပါတီဝင်တွေ၊ လွှတ်တော်အမတ်တွေနဲ့ ဆန္ဒပြလူငယ်တွေကို ဖမ်းဆီးဖို့အတွက် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှာ လေးကေ့ကော်မြို့ကို ဝင်ရောက်စီးနင်းခဲ့ပါတယ်။ အဲဒီအချိန်ကစလို့ စစ်တပ်နဲ့ KNU အကြား ငြိမ်းချမ်းရေးပျက်ပြီး ပစ်ခတ်တိုက်ခိုက်မှုတွေ ပြန်စခဲ့ပါတယ်။ လေးကေ့ကော်မြို့မှာ အေးအေးချမ်းချမ်းနေထိုင်ခဲ့တဲ့ ဗိုလ်ကြီးစောကော်လည်း စစ်ပြန်တိုက်ရပါတော့တယ်။ ၂၀၂၂ နဲ့ ၂၀၂၃ ခုနှစ်အတွင်း တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး မြဝတီ၊ ကော့ကရိတ်နဲ့ ကြာအင်းဆိပ်ကြီးခရိုင်ထဲက ကျေးရွာတွေနဲ့ မြို့ပေါ်အထိ ပျံ့နှံ့ခဲ့ပါတယ်။
အစောပိုင်းမှာ ဗိုလ်ကြီးစောကော်တို့ရဲ့ ကော်ဘရာစစ်ကြောင်းဟာ စိတ်ဓာတ်ပြင်းထန်ပေမဲ့ အတွေ့အကြုံမရှိသေးတဲ့ PDF လူငယ်တွေ၊ ဟောင်းနွမ်းပြီး ခေတ်မမီတော့တဲ့ လက်နက်တွေနဲ့သာ စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်ခဲ့ရပါတယ်။
လက်ရှိမှာတော့ အတွေ့အကြုံများလာပြီဖြစ်တဲ့ လူငယ်တွေအတွက် ခေတ်မီလက်နက်တွေ၊ ရန်သူကို ထောက်လှမ်းနိုင်တဲ့ ဒရုန်းတွေပါ တပ်ဆင်နိုင်ခဲ့ပါပြီ။ သူတို့ဟာ မြဝတီခရိုင်ထဲက ဖလူးကြီး၊ လက်ခတ်တောင်နဲ့ သင်္ဃန်းညီနောင်လို ဗျူဟာကျတဲ့ နေရာတွေအပါအဝင် မြဝတီတစ်ဝိုက်က စစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်သိမ်းယူနိုင်ခဲ့ပါတယ်။
စစ်မြေပြင်အောင်မြင်မှုနဲ့ ငြိမ်းချမ်းရေးဆန္ဒ
စစ်ကောင်စီဘက်က ဗျူဟာမှူးနဲ့ တပ်ရင်းမှူး လိုက်ပါလာတဲ့ ရဟတ်ယာဉ်တစ်စီးကို ကော်ဘရာတပ်ဖွဲ့ဝင်တွေ ပစ်ချနိုင်ခဲ့တဲ့အပေါ်မှာတော့ ဗိုလ်ကြီးစောကော်တစ်ယောက် အမြဲဂုဏ်ယူစွာ ပြန်ပြောပြလေ့ရှိပါတယ်။
“လက်နက်ကြီး၊ ဒရုန်း အကုန်လုံး သေသေချာချာ ချလည်းပြီးရော တန်းလာတာပဲ” လို့ သူက အစချီပါတယ်။
“ပထမဦးဆုံး စနိုက်ပါနဲ့ ပစ်တယ်။ Point 5 (စက်သေနတ်) နဲ့ ပစ်တယ်။ ပြီးရင်လက်နက်ကြီး၊ သူတို့ဆင်းတဲ့နေရာမှာ လက်နက်ကြီး ပစ်ရမှာကိုး၊ လက်နက်ကြီးနဲ့ ဒရုန်းနဲ့ ဆင်ထားတယ်။ လမ်းတစ်ဝက်လောက်မှာပဲ ထိပြီးတော့ Point 5 နဲ့ ထိတာလား၊ စနိုက်ပါနဲ့ထိတာလားတော့ မသိဘူး၊ ဒါပေမဲ့ ပြုတ်ကျသွားတယ်”
ဒါကတော့ စစ်ကောင်စီဗျူဟာမှူးနဲ့ တပ်ရင်းမှူးနှစ်ဦးစလုံး သေဆုံးခဲ့တဲ့ ကော်ဘရာစစ်ကြောင်းရဲ့ အောင်မြင်မှုဖြစ်ပါတယ်။
ပိုထူးခြားတာကတော့ ကော်ဘရာစစ်ကြောင်းဟာ စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ ၃၅၅၊ ၃၅၆၊ ၃၅၇ နဲ့ သင်္ဃန်းညီနောင်အခြေချဗျူဟာကိုပါ သိမ်းယူနိုင်ခဲ့ပြီး စစ်ကောင်စီတပ်သား သုံးရာနီးပါးကို စစ်သုံ့ပန်းတွေအဖြစ် ဖမ်းဆီးနိုင်ခဲ့ပါတယ်။
လက်ရှိမှာတော့ ကော်ဘရာစစ်ကြောင်းဟာ မြဝတီမြို့နဲ့ ပတ်ဝန်းကျင်ဒေသတွေကို အပြည့်အဝ ပြန်ထိန်းချုပ်နိုင်ဖို့အတွက် အင်အားအလုံးအရင်းနဲ့ တက်လာတဲ့ စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ကြောင်းကို ဒေါနတောင်ခြေကနေ ရှေ့မတက်နိုင်အောင် ခုခံတားဆီးနေပါတယ်။ ဒါဟာ လူထောင်ပေါင်းများစွာ သေဆုံးပြီး၊ သောင်းနဲ့ချီ အိုးမဲ့အိမ်မဲ့ဖြစ်စေခဲ့တဲ့ စစ်ရေးပဋိပက္ခကြီး ပြီးဆုံးဖို့ အဆုံးအဖြတ်တိုက်ပွဲတစ်ခုလည်း ဖြစ်တယ်လို့ ဗိုလ်ကြီးစော်ကော်ရဲ့ တိုက်ဖော်တိုက်ဖက်တစ်ဦးဖြစ်တဲ့ ဗိုလ်မှူးဒါဘောက ပြောပါတယ်။
အခုချိန်မှာတော့ ဗိုလ်ကြီးစောကော်နဲ့ ဗိုလ်မှူးဒါဘောတို့ဟာ သူတို့ရဲ့ တော်လှန်ရေးသမားလူငယ်တွေနဲ့အတူ စစ်ကောင်စီတပ်ရဲ့ နိုင်ငံတော်အဆင့် အောင်ဇေယျစစ်ကြောင်း ရှေ့ဆက်မတိုးနိုင်အောင် နေ့စဉ်နီးပါး ပူးပေါင်းကာကွယ် နေကြပါတယ်။
ဗိုလ်ကြီးစောကော်ဟာ စစ်ပွဲတွေကြောင့် ချစ်ရတဲ့ဇနီးနဲ့ လူမမယ်သမီးလေးနှစ်ယောက်ကို လုံခြုံရေးအတွက် အဝေးတစ်နေရာမှာထားပြီး မိသားစုနဲ့ ခွဲခွာနေထိုင်ရတာပါ။ ဒါက အတိတ်မှာ ထပ်ကာထပ်ကာ သူကြုံတွေ့ခဲ့ရတဲ့ ကလေးဘဝနာကျင်မှုတွေကို ပြန်ပြီး အမှတ်ရစရာလည်း ဖြစ်ပါတယ်။ ဒါကြောင့် တိုက်ပွဲတွေ အမြန်ပြီးဆုံးဖို့ ဗိုလ်ကြီးစောကော်တစ်ယောက် မျှော်လင့်နေပါတယ်။
“စစ်ပွဲပြီးသွားရင်၊ အဲဒီအခါကျရင် ကျွန်တော် စစ်သားမလုပ်ချင်တော့ဘူး” လို့ သူက ဆိုပါတယ်။
“ဟိုးငယ်ငယ်ကတည်းက ကျွန်တော်က ဒီထဲမှာပဲ ကျင်လည်နေတော့၊ ဘယ်လိုပြောရမလဲ မဖွံ့ဖြိုးသေးတဲ့ နေရာ တွေကို တိုးတက်အောင်လုပ်ပေးချင်တယ်"
"ပြည်သူတွေ လွတ်လွတ်လပ်လပ်နဲ့ ပျော်ပျော်ပါးပါး သွားလာနေထိုင်တာကို ကျွန်တော်မြင်ချင်တယ်"