အမိန့်ပေးကွပ်ကဲမှုစနစ်လိုက်နာရေး စစ်ရေးအတွေ့အကြုံရှိသူတွေ သတိပေး

ခင်မောင်စိုး (ဝါရှင်တန်ဒီစီ)
2023.09.14
အမိန့်ပေးကွပ်ကဲမှုစနစ်လိုက်နာရေး စစ်ရေးအတွေ့အကြုံရှိသူတွေ သတိပေး ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ဖွဲ့ဝင်များအား ၂၀၂၂ ခုနှစ် မေလ ၃၀ ရက်နေ့က NUG ယာယီသမ္မတ ဒူဝါလရှီးလ သွားရောက်တွေ့ဆုံခဲ့စဉ်။
Acting President Duwa Lashi La

လက်ရှိနွေဦးတော်လှန်ရေးမှာ ပါဝင်လှုပ်ရှားနေသူတွေထံကနေ အမိန့်ပေးကွပ်ကဲမှုစနစ် (Chain of Command) ဆိုတဲ့ စကားကို မကြာခဏ ကြားရလေ့ရှိပါတယ်။

အဲဒီလို အဆင့်ဆင့် အမိန့်ပေးကွပ်ကဲအုပ်ချုပ်တဲ့စနစ်ကို အဖွဲ့အစည်းတိုင်းမှာ အသေအချာ ပြဌာန်းထားပြီး အတိအကျလိုက်နာရပါတယ်။

ဥပမာအားဖြင့် ကုမ္ပဏီတစ်ခုမှာ ထိပ်ဆုံးက ဥက္ကဋ္ဌ (ဒါမှမဟုတ်) အမှုဆောင်အရာရှိချုပ်ရှိပြီး သူ့အောက်မှာ ညွှန်ကြားရေးမှူး၊ မန်နေဂျာ၊ အောက်ခြေဝန်ထမ်း စသဖြင့် အဆင့်ဆင့် ရှိပါတယ်။

အလားတူပဲ နိုင်ငံတစ်နိုင်ငံရဲ့ စစ်တပ်မှာဆိုရင်လည်း ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးကနေ ဗိုလ်ချုပ်၊ ဗိုလ်မှူးကြီး၊ ဗိုလ်မှူး၊ တပ်ကြပ်၊ တပ်သားအထိ အပေါ်ကအောက် တစ်ဆင့်ပြီးတစ်ဆင့် ညွှန်ကြားအုပ်ချုပ် ရသလို အောက်ခြေက ပြဿနာတွေကိုလည်း အပေါ်ကို အဆင့်ဆင့်တင်ပြပြီး ဆုံးဖြတ်ချက်ကို နာခံရပါတယ်။

“တိုက်ပွဲတစ်ပွဲပဲဖြစ်ဖြစ် မဟာဗျူဟာမြောက် စစ်ပွဲတစ်ပွဲပဲဖြစ်ဖြစ် ကျနော်တို့ Chain of Command ဟာ အလွန်အရေးကြီးတယ်။ နည်းဗျူဟာမြောက်စစ်ဆင်ရေးတွေမှာ ဘက်အသီးသီး တက်ညီလက်ညီ ပေါင်းစပ်နိုင်မှ အောင်ပွဲရမှာဖြစ်တဲ့အတွက် Chain of Command ဟာ တိုက်ပွဲတစ်ပွဲရဲ့ အဆုံးအဖြတ်နေရာမှာရှိတယ်။” (ဦးသန်းစိုးနိုင် - နိုင်ငံရေးသမား)

အမိန့်ပေးကွပ်ကဲမှု စနစ်တစ်ခုမှာပါဝင်သူတိုင်း သူ့ရဲ့ရာထူးတာဝန်အဆင့်နဲ့ကိုက်ညီတဲ့ လုပ်ပိုင်ခွင့်၊ ဆုံးဖြတ်ခွင့်၊ ညွှန်ကြားခွင့်တွေရှိသလို ရာထူးအဆင့်တိုင်းရဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုတွေကိုလည်း တိတိကျကျပြဌာန်းထားတဲ့အတွက် စည်းကမ်းရှိတဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်လာစေပါတယ်။

ဒါကြောင့် အဖွဲ့အစည်းတစ်ခု ရှင်သန်ရေးအတွက် အမိန့်ပေးကွပ်ကဲမှုစနစ်ကို အဲဒီ အဖွဲ့အစည်းမှာ ပါဝင်သူတိုင်းက မလိုက်နာလို့မရပါဘူး။

မြန်မာပြည်မှာ လက်ရှိ အာဏာရှင်စနစ်ဖယ်ရှားရေး ကြိုးစားနေတဲ့ လူပုဂ္ဂိုလ်အဖွဲ့အစည်းတွေ အနေနဲ့လည်း ကွပ်ကဲမှုတစ်ခုတည်းအောက်မှာ တိတိကျကျ လိုက်နာဆောင်ရွက်ကြမှ အောင်မြင်မှုကို မြန်မြန်ရနိုင်မယ်လို့ မြန်မာ့အရေးလေ့လာသူတွေက ပြောပါတယ်။

လက်နက်ကိုင်တော်လှန်ရေးမှာ တချိန်က ပါဝင်ခဲ့ဖူးတဲ့ နိုင်ငံရေးသမား ဦးသန်းစိုးနိုင်က အမိန့်ပေးကွပ်ကဲမှု မခိုင်မာတဲ့အတွက် ၁၉၇၆ ခုနှစ်က မြန်မာပြည်မြောက်ပိုင်း စီစီဝမ် တာပန်ဒေသမှာ အာဏာရှင်စစ်တပ်နဲ့ ဖြစ်ပွားတဲ့တိုက်ပွဲတခု သူတို့ ရှုံးနိမ့်ခဲ့ဖူးတယ်လို့ ဆိုပါတယ်။

“တပ်ရင်း ၁ က ညာတောင်ပံ၊ တပ်ရင်း ၂ က အလယ်၊ တပ်ရင်း ၃ က ဘယ်တောင်ပံပေါ့။ တပ်ရင်း ၃ ရင်းနဲ့ ကျနော်တို့ တိုက်ပွဲစတယ်။ စစချင်းမှာပဲ ကျနော်တို့ဖက်က ငါးယောက်ကျသွားလို့ ဆုတ်ခွာခဲ့ရတယ်။ အဲဒီလို ဆုတ်ခွာခဲ့ရတဲ့ အဓိကအကြောင်းရင်းက ဘာလဲဆိုတော့ တပ်ရင်း ၁ က ညာတောင်ပံကနေဝင်ရမှာကို မဝင်ဘူး၊ ဒါပေမဲ့ အဲဒီညက တပ်ရင်းမှူးကို ရှာမရဘူး။ အဲဒီတပ်က တပ်ရင်းမှူးမပါပဲ ဝင်တိုက်ရတယ်။ တပ်ရင်းမှူးက ဘာဖြစ်နေသလဲဆိုတော့ အရက်မူးပြီးအိပ်ပျော်နေတယ်။ အဲဒီတော့ တိုက်ပွဲဖြစ်တာ သူမသိလိုက်ဘူး။ ဒါကြောင့်တောင်ပံတစ်ဖက်က အားလျှော့သွားတော့ နာရီဝက်အတွင်း အကျအဆုံးများတာနဲ့ ဆုတ်လိုက်ရတယ်။ တိုက်ပွဲတစ်ပွဲပဲဖြစ်ဖြစ် မဟာဗျူဟာမြောက် စစ်ပွဲတစ်ပွဲပဲဖြစ်ဖြစ် ကျနော်တို့ Chain of Command ဟာ အလွန်အရေးကြီးတယ်။ နည်းဗျူဟာမြောက်စစ်ဆင်ရေးတွေမှာ ဘက်အသီးသီး တက်ညီလက်ညီ ပေါင်းစပ်နိုင်မှ အောင်ပွဲရမှာဖြစ်တဲ့အတွက် Chain of Command ဟာ တိုက်ပွဲတစ်ပွဲရဲ့ အဆုံးအဖြတ်နေရာမှာရှိတယ်။”

CDM ဗိုလ်ကြီး ထက်မြတ်ကလည်း Chain of Command ဟာ အဖွဲ့အစည်းတစ်ခုရဲ့ အသက်သွေးကြောဖြစ်တယ်လို့ ပြောပါတယ်။

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)၏ အကြပ်သင်တန်း အပတ်စဉ်(၁) သင်တန်းဆင်းပွဲကို ၂၀၂၃ ခုနှစ် မေလ ၁၁ ရက်နေ့တွင် တွေ့ရစဉ်။ (Credit - BPLA)
ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)၏ အကြပ်သင်တန်း အပတ်စဉ်(၁) သင်တန်းဆင်းပွဲကို ၂၀၂၃ ခုနှစ် မေလ ၁၁ ရက်နေ့တွင် တွေ့ရစဉ်။ (Credit - BPLA)

ပြည်နယ်တခုမှာ ဗိုလ်အဆင့်နဲ့ သူတာဝန်ကျစဉ်က အမိန့်ပေးစနစ်ကို အတိအကျလိုက်နာတဲ့အတွက် အရပ်သားတွေကို စစ်ရေးပစ်မှတ်အနေနဲ့ မှားယွင်းပစ်ခတ်မိမဲ့ အဖြစ်အပျက်တခုကို ရှောင်ရှားနိုင်ခဲ့တယ်လို့ ပြောပါတယ်။

“သတင်းတစ်ခုရတဲ့အတွက် ကျနော်တို့ ပြင်ဆင်ကြရတယ်။ လူလက်နက်လိုအပ်တာတွေယူရတယ်။ ခွင့်ပြုမိန့်ရတဲ့အခါ ရည်မှန်းချက်ကို သွားကြတယ်။ ညဖက်ဖြစ်လို့ လုံခြုံရေး အရမ်းဂရုစိုက်ရတယ်။ ရောက်တဲ့အခါမှာ ပေးတဲ့အမိန့်အတိုင်းပြင်ဆင်ပြီး နောက်ထပ်အမိန့်ကို စောင့်ရတယ်။ ခြင်ကိုက်ဖြုတ်ကိုက် ဆေးလိပ်မသောက်ရ၊ ကျွန်တော်တို့ ကင်းပုန်းဝတ်တဲ့နေရာကကြည့်တဲ့အခါ ရည်မှန်းချက်နေရာက မီးရောင်တွေမြင်ရတယ်။ စကားပြောသံတွေကြားရတယ်။ ကျွန်တော်တို့ကလည်း အပိုင်ပဲလို့ တွက်နေကြတာပေါ့။ ဒါပေမဲ့ နောက်ထပ်အမိန့်တစ်ခု ဝင်လာတာက ကျွန်တော်တို့ မဟုတ်ဘူး။ လက်ရှိနေရာကနေ အခြေပြုရာမူလနေရာကို ပြန်ဆုတ်ဖို့အမိန့်ဖြစ်နေတယ်။ အဲဒီ အမိန့်ကြားကြားချင်း ကျွန်တော်တို့က ဒေါသထွက်တာပေါ့။ ဘာလို့လဲဆိုတော့ အများကြီးပြင်ဆင်ခဲ့ရတာကို၊ ညဖက်ကြီး မအိပ်ပဲလာခဲ့ရတာ။ ဒါပေမဲ့ အမိန့်ကိုနာခံပြီး ကျွန်တော်တို့ ပြန်ဆုတ်လာခဲ့ကြတယ်။ ကံကောင်းတယ်။ ကျွန်တော်နောက်မှသိရတာက ကျွန်တော်တို့သွားပြီးတိုက်ဖို့ စောင့်ကြည့်ခဲ့ရတာက တခြားမဟုတ်ပဲ ရွာသားတွေဖြစ်နေတာကို။
အဆင့်ဆင့် အမိန့်ပေးစနစ် ဘယ်လောက်အရေးကြီးသလဲဆိုတာကို မြင်သာစေတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေ အနေနဲ့ နောက်ပိုင်းစစ်ဆင်ရေးတွေမှာ ပိုကြီးတဲ့တိုက်ပွဲတွေ၊ အင်အားပိုသုံးရမဲ့ တိုက်ပွဲတွေ ရှိလာတော့မယ်။ အဲဒီလို ရှိလာတဲ့အခါ တပ်ရင်းတပ်ဖွဲ့တွေ အများကြီးစုပေါင်းပြီး ပုံဖေါ်ရတဲ့အခါတွေရှိလာမယ်။ အဲဒီအခါ အထက်အမိန့်ကို တိတိကျကျ အကောင်အထည်ဖေါ်နိုင်မှ ကျွန်တော်တို့လိုချင်တဲ့ အောင်မြင်မှုကိုရမယ်။ တစ်ယောက်တစ်ပေါက်နဲ့ ကြုံသလိုတိုက်ကြမယ်ဆိုရင် ကျွန်တော်တို့တပ်ဖွဲ့တွေကို အထိနာစေလိမ့်မယ်။ အဆင့်ဆင့် အမိန့်ပေးတဲ့စနစ်ဟာ အသက်သွေးကြောဖြစ်လာလိမ့်မယ်။”

စစ်ကိုင်းတိုင်း ကနီမြို့နယ် PDF ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုတာတီးကတော့ သူတို့တပ်ရင်းအနေနဲ့ Chain of Command ကိုအပြည့်အဝလိုက်နာတယ်၊ NUG ရဲ့ ခေါင်းဆောင်မှုအောက်မှာ တညီတညွတ်ရပ်တည်တိုက်ပွဲဝင်နေတယ်လို့ ပြောပါတယ်။

“ဒီအတိုင်းမသွားရင် ကျွန်တော်တို့ သူပုန်ပဲဖြစ်မယ်။ ကိုယ်ထင်ရာကိုယ်ဆိုင်းလုပ်နေရင် အောင်မြင်မှာမဟုတ်ဘူးဆိုတာ သေချာတယ်။ MOD ခေါင်းဆောင်တွေရဲ့ လမ်းညွှန်ချက်တွေအတိုင်းသွားမှ ကျွန်တော်တို့ တော်လှန်ရေးအောင်မြင်မှာ။”

ကယားပြည်နယ် ရှေ့တန်းတစ်နေရာရှိ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တပ်သားများကို ၂၀၂၃ ခုနှစ် မေလတွင် တွေ့ရစဉ်။ (Photo : KNDF)
ကယားပြည်နယ် ရှေ့တန်းတစ်နေရာရှိ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တပ်သားများကို ၂၀၂၃ ခုနှစ် မေလတွင် တွေ့ရစဉ်။ (Photo : KNDF)

အာဏာသိမ်းစစ်တပ်ဟာ အမိန့်ပေးကွပ်ကဲမှုစနစ်ကို နှစ်ပေါင်းများစွာ တည်ဆောက်ထားခဲ့တဲ့ အဖွဲ့အစည်းဖြစ်တယ်ဆိုတာကို မမေ့ကြဖို့လိုတယ်လို့လည်း ဗိုလ်ကြီးထက်မြတ်က သတိပေးပါတယ်။

COC လို့ အတိုကောက်ခေါ်ကြတဲ့ အမိန့်ပေးကွပ်ကဲမှုစနစ်နဲ့ ဦးဆောင်အဖွဲ့အစည်းတစ်ခုတည်းရဲ့ အမိန့်ကို မနာခံဘဲ မိမိတို့ကိုယ်ပိုင် အဖွဲ့အစည်းတွေအဖြစ်နဲ့ပဲ ခရီးဆက်ကြမယ်ဆိုရင်တော့ လက်ရှိ ဒေသခံကာကွယ်ရေးအဖွဲ့တွေဟာ မူလရည်မှန်းချက်ဖြစ်တဲ့ ဒီမိုကရေစီပန်းတိုင်နဲ့ အလှမ်းဝေးပြီး ရှမ်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတစ်ခုရဲ့ ခေါင်းဆောင်နမိတ်ဖတ်ခဲ့သလို နောင်တချိန်မှာ လူထုကိုနှိပ်စက်မဲ့ လူသတ်ပြန်ပေးဆွဲ ဓားပြအဖွဲ့တွေအဖြစ်နဲ့ နိဂုံးချုပ်နိုင်ပါတယ်လို့ တော်လှန်ရေးနဲ့ စစ်ရေးအတွေ့အကြုံရှိသူတွေက သတိပေးနေကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။