တိုင်းနဲ့ ပြည်နယ်တွေမှာ စစ်မှုထမ်းအကြောင်းပြပြီး ငွေကြေးကောက်ခံနေ

RFA Burmese
2024.12.04
တိုင်းနဲ့ ပြည်နယ်တွေမှာ စစ်မှုထမ်းအကြောင်းပြပြီး ငွေကြေးကောက်ခံနေ ပဲခူးတိုင်းအတွင်းရှိ တပ်မတော်လေ့ကျင့်ရေးကျောင်းတွင် ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဥ် (၇) သင်တန်းတက်ရောက်နေသူများအား ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်နေ့က တွေ့ရစဉ်။
Telegram/ ပြည်သူ့စစ်မှုထမ်းများ စုစည်းရာ

ပဲခူးတိုင်းအနောက်ခြမ်းမှာ စစ်မှုထမ်းအမှတ်စဉ် (၇) အတွက် လူငယ်တွေကိုဖမ်းပြီး ငွေနဲ့ပြန်ရွေးခိုင်းသလို၊ စစ်မှုထမ်းထဲဝင်သွားတဲ့သူတွေကို ထောက်ပံ့ဖို့ဆိုပြီး ရွာတွေမှာ ငွေတောင်းတာတွေရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နိုဝင်ဘာလထဲမှာ နတ်တလင်း၊ အုတ်ဖို၊ မင်းလှ၊ သုံးဆယ်၊ သာယာဝတီ၊ ကြို့ပင်ကောက်နဲ့ ဇီးကုန်းမြို့နယ်တွေမှာ ဒီဖြစ်ရပ်တွေရှိနေတာပါ။ နတ်တလင်းမြို့နယ်ကရွာတွေမှာ စစ်မှုထမ်းအကြောင်းပြပြီး နိုဝင်ဘာလ တတိယအပတ်ထဲက ငွေကြေးကောက်ခံနေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"လောလောဆယ်က ပထမတစ်ရစ် ပေးရတာက ငါးဆယ်ကျော် ပေးပြီးသွားပြီ။ နောက်တစ်ရစ် တောင်းတာက သိန်းငါးဆယ်ကျော်ဆိုတော့ အခုသူတို့က လေးလတစ်ဖြတ်ကို တစ်နှစ်ကို လေးခါ ပေးရမယ်တဲ့။ အဲဒီ အစည်းအဝေးနေ့မှာ ပြောတာ။ တချို့ ရွာတွေဆို ယောက်ျားလေးရှိတဲ့ အိမ်ဆိုရင် သုံးယောက်ရှိရင် တစ်ယောက်ကို သုံးသောင်းဖြင့် သုံးသောင်း အဲဒီလိုတောင်းတယ်။ အိမ်ခြေနည်းတဲ့ရွာတွေကျတော့ တစ်အိမ်ထောင်ကို တစ်သိန်းတဲ့"

တာပွန်၊ အုတ်တွင်းကုန်း၊ လှပခြင်း၊ အောင်ပင်သာ၊ သခွပ်တန်း၊ မြေနု(သဲကျော)နဲ့ ရွှေကြာပင် စတဲ့ ရွာတွေက အိမ်ထောင်စုတစ်စုကို တစ်သောင်းကျပ်နဲ့ လယ်ယာရှိတဲ့ အိမ်ထောင်စု တစ်စုကို နှစ်သောင်းကျပ် ကောက်ခံနေတယ်လို့ ပြောပါတယ်။ အိမ်ခြေနည်းတဲ့ သခွပ်တန်းအနောက်စုရွာမှာ အိမ်ထောင်စုတစ်စုကို တစ်သိန်းကျပ်အထိ ကောက်ခံနေတယ်လို့ ပြောပါတယ်။ ငွေမပေးတဲ့ အိမ်ထောင်စုတွေကို စစ်ကောင်စီခန့် ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေက စာရင်းမှတ်ထားတယ်လို့ ဆိုပါတယ်။


ဆက်နွှယ်သောသတင်းများ

ဟင်္သာတမှာ စစ်မှုထမ်း အကျုံးဝင်သူတွေ လစဉ်ကြေးပေးနေရ

စစ်မှုထမ်းထဲပါပြီး အဆက်အသွယ်မရ၊ လစာမရတဲ့ မိသားစု

ဆိုးဝါးလာတဲ့ အဓမ္မ စစ်သားစုဆောင်းမှု


နိုဝင်ဘာလ ၉ ရက်နေ့ကနေ ၁၈ ရက်နေ့ကြားက၊ မင်းလှမြို့နယ်မှာ အယောက် နှစ်ဆယ်နီးပါးနဲ့ အုတ်ဖိုမြို့နယ် အနောက်ခြမ်းရွာတွေက အယောက် လေးဆယ်နီးပါး ဖမ်းဆီးစုဆောင်းခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အုတ်ဖိုမြို့နယ်က ရွာတွေမှာလည်း စစ်မှုထမ်းဖို့ ဖမ်းဆီးခံရတဲ့သူတွေ၊ ငွေနဲ့ ပြန်ရွေးယူရတဲ့ ဖြစ်ရပ်တွေ ရှိတယ်လို့ ဒေသခံတစ်ဦးက ပြောတယ်။

"ဒီမှာကတော့ ညဘက်ဆိုရင် တောက်လျှောက်ဆွဲနေကြတာ၊၊ ပေါ်တာဆွဲတာ အိမ်တွေထဲထိ ဝင်ဆွဲနေကြတာ။ ရွာတိုင်း ရွာတိုင်းလိုလို၊ ပါတဲ့လူတွေ ပါတယ်၊၊ တချို့ကျတော့ ပိုက်ဆံတွေနဲ့ ပြန်ရွေးရတာပေါ့။ အတင်းအဓမ္မ လိုက်ဖမ်း၊ ဖမ်းလည်းပြီးရော ရွာတွေမှာ အခုနောက်ပိုင်း ဘယ်လိုလုပ်လဲဆိုတော့ အုပ်ချုပ်ရေးမှူးတွေက ရွာသားတွေနဲ့ ရွာမှာရှိတဲ့ ရပ်မိရပ်ဖတွေနဲ့ ပြန်တိုင်ပင်။ တိုင်ပင်လည်းပြီးရော ငါတို့လူမပေးနိုင်ဘူး။ မပေးနိုင်လို့ ပေါ်တာဆွဲမှာဆိုရင် တစ်အုပ်စုကို ဘယ်လောက်ပေးရမယ်ပေါ့။ သိန်း ၉၀ ဆို သိန်း ၉၀၊ အဲဒီလိုမျိုးပေါ့။ လူအယောက်ရေနှုန်းနဲ့ လူတစ်ယောက်ကို ၃၅ သိန်းနှုန်းနဲ့ ၄၀ အဲဒီလိုကြေးတွေ သတ်မှတ်ထားတာဗျ"

ဖမ်းဆီးခံရသူတွေကို သက်ဆိုင်ရာရဲစခန်းတွေမှာ ခေတ္တထိန်းသိမ်းထားပြီး ကျန်းမာရေးစစ်ဆေးပြီးတဲ့အခါ သင်တန်းကျောင်းအသီးသီးကို ပို့လိုက်တာလို့ ဆိုပါတယ်။

"ညဘက်ဆိုရင် တောက်လျှောက်ဆွဲနေကြတာ၊၊ ပေါ်တာဆွဲတာ အိမ်တွေထဲထိ ဝင်ဆွဲနေကြတာ။ ရွာတိုင်း ရွာတိုင်းလိုလို၊ ပါတဲ့လူတွေ ပါတယ်"

နိုဝင်ဘာလ ၁၆ ရက်နေ့ကတော့ ကြပ်ချောင်းရွာက အမျိုးသားတစ်ဦးကို စစ်မှုထမ်းဖို့ဖမ်းတဲ့အချိန်မှာ ထွက်ပြေးလို့ ပစ်ခတ်ခံရပြီး ခြေထောက်မှာ ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။

နိုဝင်ဘာလ ၂ ရက်နေ့ ည ၁၀ နာရီခန့်မှာ သုံးဆယ်မြို့နယ် လက်ပံတုံးရွာက လူငယ်သုံးဦး ဖမ်းဆီးခံရပြီး အဲဒီထဲက လူငယ်တစ်ဦးက ငွေကြေးမပေးနိုင်လို့ စစ်မှုထမ်းဆောင်ဖို့ ခေါ်ဆောင်သွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"လူငယ် နှစ်ယောက်ကတော့ ပိုက်ဆံ တစ်ယောက်ကို သိန်းခုနစ်ဆယ်စီ ပေးပြီးတော့မှ ညတွင်းချင်းပဲ ပြန်လွတ်လာတယ်။ ကျန်တဲ့ လူငယ်လေး တစ်ယောက်ကတော့ သူ့မှာ ပေးစရာလည်း ပိုက်ဆံတစ်ကျပ်မှ မရှိဘူး။ မရှိတဲ့အခါကျတော့ အဲဒီလူငယ်လေးကတော့ နောက်ဆုံး သိန်းငါးဆယ်ပဲ ရှာပေး၊ အဲဒီလူငယ်လေးကို ပြန်လွှတ်မယ်ဆိုတော့ သိန်း ၅၀ မပြောနဲ့ ငါးသောင်းတောင် မပေးနိုင်ဘူးဆိုတဲ့အခါကျတော့ ချက်ချင်းပဲ တပ်ရင်း ၃၅ ဘက်ကို ခေါ်သွားတယ်ခင်ဗျ။ အခုတော့ အဲဒီကလေးက စစ်သင်တန်းတက်နေရပြီခင်ဗျ"

သုံးဆယ်မြို့နယ် အရှေ့ခြမ်းကရွာတွေမှာ နိုဝင်ဘာလအတွင်း စစ်မှုထမ်းဖို့ လူငယ် နှစ်ရာခန့် ဖမ်းဆီးခံခဲ့ရပြီး အဲဒီထဲက ၇၅ ရာခိုင်နှုန်းက ငွေပေးပြီးပြန်လွတ်လာခဲ့ပေမဲ့ ငွေကြေးမတတ်နိုင်တဲ့ ၂၅ ရာခိုင်နှုန်းက စစ်မှုထမ်းထဲ ခေါ်ဆောင်သွားတယ်လို့ ပြောပါတယ်။ အဲဒါကြောင့် ရွာတွေမှာ အသက် ၁၈ နှစ်ကနေ ၃၅ အတွင်း အမျိုးသားတွေ မရှိသလောက် နည်းသွားတယ်လို့ ပြောပါတယ်။

ရွာတွေမှာ စစ်သားစုခိုင်းဖို့ ပျူစောထီးအဖွဲ့ဝင်တွေကို စစ်ကောင်စီက အသုံးချနေတယ်လို့ သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံ ကိုလူအေးက ပြောပါတယ်။

"တဖြည်းဖြည်းနဲ့ မြို့ရွာတွေမှာ ပျူစောထီးတွေ၊ ဒလန်တွေ၊ နောက်ပြီးတော့ ဒီသူခိုးဂျပိုးတွေက အင်အားကောင်းလာတယ်။ သူတို့ကိုပဲ ကြောက်နေရတယ်ပေါ့နော်။ အဲဒီတော့ အစောပိုင်း ကျေးရွာအုပ်စုတစ်ခု ငါးယောက် သူတို့ပျူစောထီးတွေ မွေးထုတ်ထားတယ်။ အဲဒီကျေးရွာအုပ်စုတစ်စုမှာ ရပ်ကွက်တစ်ခုမှာ အဲဒီ ငါးယောက် ငါးယောက်တွေက ကျန်တဲ့ အခု စစ်မှုထမ်းဥပဒေတွေကို အကောင်အထည်ဖော်တဲ့နေရာမှာ ကောင်းကောင်း သူတို့ အသုံးချတယ်"

သာယာဝတီမြို့နယ်မှာ ရပ်ကွက်၊ ကျေးရွာအုပ်စု ၆၈ အုပ်စုရှိပြီး စစ်မှုထမ်းအမှတ်စဉ်တစ်ခုကို အနည်းဆုံး လူဦးရေ ငါးဆယ်ပေးရတယ်လို့ ပြောပါတယ်။

ဒါကြောင့် လူငယ်အများစုက စိုးရိမ်ထိတ်လန့်နေရတယ်လို့ သုံးဆယ်ဒေသခံ တစ်ဦးက ပြောပါတယ်။

"လူငယ်တွေထဲမှာကတော့ စစ်ကောင်စီ ရပ်/ကျေးအုပ်ချုပ်ရေးအသိုင်းအဝိုင်းနဲ့ နီးစပ်တဲ့ လူငယ်တွေကတော့ စိတ်အေး လက်အေး နေနိုင်တာပေါ့။ ကျန်တဲ့ သာမန် လက်လုပ်လက်စား လူငယ်တွေဘဝကတော့ ညဘက်ဆိုလို့ရှိရင်လည်း ကောင်းကောင်းမအိပ်ရတဲ့ ဘဝတွေပါ၊၊ နီးစပ်ရာ ထိုင်းတို့၊ မလေးရှားတို့ကို သူတို့ အဆက်အသွယ်တွေနဲ့ သွားချင်နေကြ၊ လာချင်နေကြတယ်ပေါ့ဗျာ"

အခုလိုဖြစ်နေတဲ့ကိစ္စတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ ပဲခူးတိုင်းပြောခွင့်ရသူ တိုင်းစီးပွားရေး ဝန်ကြီး ဦးတင်ဦးကို RFA က ဒီနေ့ တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။ ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းက RFA က ဆက်သွယ်မေးမြန်းစဉ်မှာတော့ ပဲခူးတိုင်းအတွင်းမှာ စစ်မှုထမ်းဖို့ ဖမ်းဆီးစုဆောင်းတာနဲ့ ငွေကြေးတောင်းခံတာတွေ မရှိဘူးလို့ ဦးတင်ဦးက ဖြေဆိုထားပါတယ်။

ပဲခူးတိုင်းနည်းတူ မကွေး၊ မန္တလေး၊ စစ်ကိုင်း၊ ဧရာဝတီနဲ့ မွန်ပြည်နယ်တွေမှာလည်း အလားတူဖြစ်ရပ်တွေ ရှိနေပါတယ်။

ရန်ကုန်တိုင်းနဲ့ ပဲခူးတိုင်း နယ်စပ် မီးနင်းချောင်းဂိတ်ကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလအတွင်း တွေ့ရစဉ်။ (Citizen Photo)
ရန်ကုန်တိုင်းနဲ့ ပဲခူးတိုင်း နယ်စပ် မီးနင်းချောင်းဂိတ်ကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလအတွင်း တွေ့ရစဉ်။ (Citizen Photo)

မကွေးတိုင်း၊ ပွင့်ဖြူမြို့အရှေ့ပိုင်းရပ်ကွက်မှာ စစ်မှုထမ်းထောက်ပံ့ကြေးအဖြစ် တစ်အိမ်ကို ကျပ်သုံးသောင်းနှုန်း ထည့်ဝင်ဖို့ စစ်ကောင်စီရဲ့ရ ပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တွေက ကောက်ခံနေသလို ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်မှာလည်း ဩဂုတ်လကနေစပြီး စစ်မှုထမ်းထဲ မလိုက်နိုင်တဲ့သူတစ်ဦးကို လစဉ် ငွေကျပ်နှစ်သောင်းပေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်မှုထမ်းအမှတ်စဉ် (၇) အတွက် မန္တလေးတိုင်း၊ တံတားဦးမြို့နယ်နဲ့ စစ်ကိုင်းမြို့နယ်တွေမှာ နိုဝင်ဘာလ ၈ ရက်နေ့ကနေ ၁၀ ရက်နေ့အတွင်း လူခုနစ်ဆယ်ကျော်ကို ဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဇင်ယော်ကျေးရွာက ကျောက်ထုတ်လုပ်ရေး အလုပ်သမား လူငယ် နှစ်ဆယ်ကိုလည်း စစ်မှုထမ်းဖို့ စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ မွန်ပြည်လူ့အခွင့်အရေး ဖောင်ဒေးရှင်း (HURFOM) က နိုဝင်ဘာလ ၂၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ အဲဒီလူငယ်တွေကို နိုဝင်ဘာလ ၁၉ ရက်နေ့ ည ၁ဝ နာရီကျော်လောက်မှာ ဝင်ရောက်ဖမ်းဆီးသွားတာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်မှုထမ်းဖို့ စာရင်းသွင်းပြီးမှ အကြောင်းအမျိုးမျိုးနဲ့ ပျက်ကွက်နေသူတွေကို အရေးယူဖို့ဆိုပြီး ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့ ဥက္ကဋ္ဌ စစ်ကောင်စီ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်ဆန်းက နိုဝင်ဘာလ ၇ ရက်နေ့မှာ ပြောပါတယ်။

နိုင်ငံတစ်ဝန်းက စစ်သင်တန်း ၂၃ ကျောင်းမှာ စစ်မှုထမ်း အမှတ်စဉ် (၁) ကနေ (၅) အထိ စစ်သားစုဆောင်းခံရသူ နှစ်သောင်းကျော် (၂၁,၀၀၀) ထက်မနည်း ရှိနေတယ်လို့ လွတ်လပ်တဲ့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ ဗမာ့ရေးရာနဲ့ ပဋိပက္ခလေ့လာရေးအဖွဲ့ (BACS) က အောက်တိုဘာလ ၁၉ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

စစ်မှုထမ်းအမှတ်စဉ် (၁) မှာ စစ်ကောင်စီက သတ်မှတ်ထားတဲ့အရေအတွက် ငါးထောင် စုဆောင်းနိုင်ခဲ့ပြီး အမှတ်စဉ် (၂), (၃), (၄), (၅) တို့မှာ စစ်မှုထမ်း လေးထောင်ကျော်ပဲ စုဆောင်းနိုင်ခဲ့တဲ့အတွက် သတ်မှတ်ထားတဲ့အရေအတွက် မပြည့်မီတာကြောင့် အတင်းအဓမ္မ ဖမ်းဆီးပြီး စုဆောင်းတာ၊ ငွေကြေးနဲ့ ငှားရမ်းပြီး လူစားထိုးတာလည်းရှိတယ်လို့ (BACS) အစီအရင်ခံစာမှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။