တီမောသံတမန်ကို စစ်ကောင်စီနှင်ထုတ်မှု နိုင်ငံရေးအသိုင်းအဝိုင်းရှုတ်ချ

ဝေမာထွန်း (ဝါရှင်တန်ဒီစီ)
2023.08.27
တီမောသံတမန်ကို စစ်ကောင်စီနှင်ထုတ်မှု နိုင်ငံရေးအသိုင်းအဝိုင်းရှုတ်ချ အရှေ့တီမော သမ္မတ Jose Ramos-Horta နှင့် အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်တို့ ၂ဝ၂၃ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့က အရှေ့တီမောနိုင်ငံ ဒီလီမြို့တော်ရှိ သမ္မတနန်းတော်တွင် တွေ့ဆုံခဲ့ကြစဉ်။
Presidência da República Democrática de Timor-Leste

အရှေ့တီမောနိုင်ငံဟာ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ ထိတွေ့ဆက်ဆံလို့ ရန်ကုန်မြို့သံရုံးမှာ တာဝန် ထမ်းဆောင်နေတဲ့ သံရုံးတာဝန်ခံကို မြန်မာပြည်တွင်းက ထွက်ခွာဖို့ အကြောင်းကြားခဲ့တဲ့လုပ်ရပ်ကို နိုင်ငံရေး အသိုင်းအဝိုင်းက ပြစ်တင်ရှုတ်ချပါတယ်။

NUG နဲ့ ဆက်ဆံတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်ကောင်စီဟာ အရှေ့တီမောနိုင်ငံ အာဆီယံအဖွဲ့ဝင် ဖြစ်ရေးကိုပါ ဟန့်တားလာနိုင်စရာရှိတယ်လို့ လေ့လာသူတချို့က သုံးသပ်ပါတယ်။

“သံတမန်ကို နှင်ထုတ်တယ်ဆိုတာဟာ တိုင်းပြည်တစ်ပြည်နဲ့ တစ်ပြည်စစ်ဖြစ်နေတဲ့ ကာလမျိုးမှာသာ လုပ်ကြလေ့ရှိပါတယ်။"

အမျိုးသားညီညွတ်ရေးအစိုးရနဲ့သံတမန်ဆက်ဆံရေးကို ပေါ်ပေါ်တင်တင်င် ဆောင်ရွက်ခဲ့တဲ့ အရှေ့တီမောနိုင်ငံကို စစ်ကောင်စီက ကန့်ကွက်တဲ့အနေနဲ့ ရန်ကုန်မြို့သံရုံးမှာတာဝန်ကျနေတဲ့ အရှေ့တီမော သံရုံးတာဝန်ခံကို စစ်ကောင်စီက စက်တင်ဘာလ ၁ ရက်နေ့ နောက်ဆုံးထားပြီး မြန်မာပြည်တွင်းက ထွက်ခွာဖို့ အကြောင်းကြားခဲ့ပါတယ်။

စစ်ကောင်စီက အရှေ့တီမောနိုင်ငံကို NUG နဲ့ မဆက်ဆံဖို့ ဆက်တိုက်သတိပေးနေပေမယ့် အရှေ့တီမောအစိုးရဟာ NUG နဲ့ ထိတွေ့နေပြီး ဒီလိုလုပ်ဆောင်တာဟာ နှစ်နိုင်ငံဆက်ဆံရေးကို ထိခိုက်စေခဲ့တယ်လို့ သြဂုတ်လ ၂၇ ရက်နေ့၊ စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အရှေ့တီမောနိုင်ငံရဲ့ လုပ်ဆောင်ချက်တွေဟာ စစ်ကောင်စီက အကြမ်းဖက်အဖွဲ့အဖြစ်သတ်မှတ်ထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ဆောင်ရွက်ချက်တွေကို အားပေးအားမြှောက်ပြုသလို ဖြစ်တယ်လို့လည်း စစ်ကောင်စီက စွပ်စွဲပြစ်တင်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က အရှေ့တီမောနိုင်ငံရဲ့ ဆောင်ရွက်ချက်တွေကို NUG အနေနဲ့ ကျေးဇူးတင်ကြောင်းနဲ့ စစ်ကောင်စီရဲ့လုပ်ရပ်ကို ရှုတ်ချတယ်လို့ ပြောပါ တယ်။

“မြန်မာနိုင်ငံရဲ့အခြေအနေကို သိရှိပြီး မြန်မာပြည်သူတွေဘက်က ပြတ်ပြတ်သားသားရပ်တည်တဲ့ အရှေ့တီမောအစိုးရနဲ့ အရှေ့တီမော ပြည်သူပြည်သားတွေရဲ့ လုပ်ရပ်ကို ကျေးဇူးတင်ပါတယ်။ အရှေ့တီမောနိုင်ငံလိုပဲ တခြားနိုင်ငံတွေအနေနဲ့လည်း မြန်မာအရေးကိစ္စနဲ့ပတ်သက်ပြီး အခုလို ပြတ်ပြတ်သားသား ရပ်တည်ဖို့ အချိန်တန်ပြီလို့ ပြောချင်ပါတယ်။ စစ်ကောင်စီကတော့ သတင်းစာရှင်းလင်းပွဲတွေမှာ တခြားသောနိုင်ငံတွေက သံအရာရှိတွေကို လည်း အခုလိုပဲ ခြိမ်းခြောက် ပြောဆိုတာတွေ ခဏခဏလုပ်ခဲ့တာပဲ။ ဘယ်လိုပဲခြိမ်းခြောက်ပါစေ နောက်ဆုံး ဒီတိုင်းပြည်မှာ မနေနဲ့ဆိုတဲ့ လုပ်ရပ်မျိုးကိုပဲ လုပ်ဆောင်မှာဖြစ်ပြီး ဒီလိုဆောင်ရွက်ချက်တွေကို ထည့်စဉ်းစားဖို့ မလိုအပ်ပါဘူးလို့ မြင်ပါတယ်”

ပြီးခဲ့တဲ့ ဇူလိုင်လက အရှေ့တီမောနိုင်ငံရဲ့သမ္မတဖိတ်ကြားချက်နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြား ရေးဝန်ကြီး ဒေါ်ဇင်မာအောင်ဟာ တီမောလက်စတေးနိုင်ငံကို သွားရောက်ခဲ့ပြီး အစိုးရသစ်ကျမ်းသစ္စာ ကျိန်ဆိုပွဲကို တက်ရောက်ခဲ့သလို သမ္မတ ဟိုဆေးရားမို့စ်ဟော်တာနဲ့တွေ့ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံတူပန်းချီကားပေးခဲ့ပါတယ်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (PDF) နဲ့ လက်အောက်ခံအဖွဲ့အစည်းတွေကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေအရ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်ကစလို့ အကြမ်းဖက်အဖွဲ့အစည်းတွေအဖြစ် စစ်ကောင်စီက ကြေညာထားခဲ့တယ်လို့ ဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ကလည်း စစ်ကောင်စီကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် တန်ပြန်ကြေညာထားပါတယ်။

image (1).jpeg
တီမောနိုင်ငံသမ္မတ HE José Ramos-Horta နှင့် အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းတို့ ၂၀၂၃ ခုနှစ် သြဂုတ်လ ၂၄ ရက်နေ့က တွေ့ဆုံခဲ့စဉ်။ (Photo: National Unity Government of Myanmar)

တစ်ဆက်တည်းမှာ အရှေ့တီမောဟာ အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်ဖို့ ကြိုးပမ်းနေရာမှာ လက်ရှိအာဆီယံအဖွဲ့ဝင် နိုင်ငံအားလုံးရဲ့ သဘောတူညီချက်ကို လိုအပ်နေပြီး ဒီအားနည်းချက်ကို စစ်ကောင်စီက ကိုင်တွယ်လာနိုင်စရာ ရှိတယ်လို့ အာဆီယံအရေးလေ့လာသူ ကိုကြည်စင် ကသုံးသပ်ပါတယ်။

“တီမောက အာဆီယံထဲကို ပါတော့မယ်။ အာဆီယံထဲကို ပါမယ်ဆိုရင် အဖွဲ့ဝင်နိုင်ငံတွေအကုန်လုံးကနေ သဘောတူပြီးတော့မှပဲ ဝင်လို့ရမယ်ဆိုတဲ့ အနေအထားဖြစ်တယ်။ လောလောဆယ်မှာ စစ်ကောင်စီထိပ်သီး ခေါင်းဆောင်တွေကိုတော့ အာဆီယံအစည်းအဝေးကို တက်ရောက်ခွင့်မပြုထားဘူးဆိုပေမယ့် လက်ရှိမြန်မာ နိုင်ငံဟာ အာဆီယံမှာ တော်တော်များများသောဝန်ကြီးဌာနတွေအနေနဲ့ တခြားသော ဝန်ကြီးဌာနအဆင့်ဆင့် ပွဲတွေကိုတက်ခွင့်ရနေတာ။ အစည်းအဝေးတွေတက်ခွင့်ရနေတာက စစ်ကောင်စီ ဖြစ်နေတယ်။ ပြောရရင် စစ်ကောင်စီရဲ့ မြန်မာနိုင်ငံကို ကိုယ်စားပြုခွင့်ကို အပြည့်အဝ အာဆီယံက ငြင်းဆန်ထားတာမဟုတ်ဘူး။ ဆိုတော့ အရှေ့တီမောက အာဆီယံထဲကို ဝင်မယ်ဆိုရင် မြန်မာစစ်အစိုးရက သဘောမတူရင် ဝင်ဖို့ခက်တယ်။ တီမောရဲ့ အားနည်းချက်ကို ကိုင်ပြီး တီမောကို ခြိမ်းခြောက်တဲ့ သဘောလို့ ကျွန်တော်တို့ ယူဆလို့ရတယ်။ အနောက်နိုင်ငံ တွေကိုတော့ NUG နဲ့တွေ့တဲ့ဟာကို ဒီလိုမျိုး တားဖို့ကျတော့ အားနည်းချက်ကို ချုပ်ကိုင်ထားဖို့က မရှိဘူး”

ပေါ်တူဂီအခြေစိုက် Lusa သတင်းဌာနက သြဂုတ် ၂၆ ရက်က ဖော်ပြတဲ့သတင်းတစ်ခုမှာ မြန်မာနိုင်ငံရဲ့ အကျပ်အတည်းတွေကို မဖြေရှင်းနိုင်သရွေ့ အရှေ့တီမောဟာ အာဆီယံအဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်မှာမဟုတ်ဘူးလို့ ဝန်ကြီးချုပ်က ပြောကြားခဲ့တယ်လို့ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် နိုဝင်ဘာလက ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့မှာ ကျင်းပခဲ့တဲ့ အာဆီယံထိပ်သီး အစည်းအဝေးတွေမှာ အာဆီယံခေါင်းဆောင်တွေက တီမောလက်စတေးနိုင်ငံကို ၁၁ နိုင်ငံမြောက် အာဆီယံအဖွဲ့ဝင် အဖြစ် မူအားဖြင့်သဘောတူခဲ့ပြီး ဖြစ်ပါတယ်။

သံတမန်ကို နိုင်ငံအတွင်းက နှင်ထုတ်တယ်ဆိုတာဟာ တိုင်းပြည်တစ်ပြည်နဲ့တစ်ပြည်ကြား စစ်ဖြစ်တဲ့ကာလမှာသာ လုပ်လေ့ရှိတာဖြစ်ပြီး စစ်ကောင်စီက ရိုင်းရိုင်းပြပြ လုပ်ဆောင်လိုက်တာ ဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က မှတ်ချက်ပြုပါတယ်။

“သံတမန်ကို နှင်ထုတ်တယ်ဆိုတာဟာ တိုင်းပြည်တစ်ပြည်နဲ့ တစ်ပြည်စစ်ဖြစ်နေတဲ့ ကာလမျိုးမှာသာ လုပ်ကြလေ့ရှိပါတယ်။ သာမာန်အားဖြင့် အဲ့ဒီအဆင့်အထိ မလုပ်ကြပါဘူး။ တီမောက NUG အစိုးရကို စာနာ ထောက်ထားမှုရှိပါတယ်။ သူတို့ကိုယ်တိုင်လည်း လွတ်လပ်တဲ့သမ္မတ နိုင်ငံတစ်ရပ်ထူထောင်နိုင်ဖို့ အင်ဒိုနီးရှား စစ်ဗိုလ်ချုပ်တွေရဲ့ ဖိနှိပ်မှုကို တွန်းလှန်ပြီးတော့ တိုက်ပွဲဝင်ပြီး လွတ်လပ်ရေးကို အရယူခဲ့တာ။ မြန်မာပြည်ရဲ့ စစ်အာဏာရှင်စနစ် မြေမြှုပ်သင်္ဂြိုဟ်ပစ်ရေးတိုက်ပွဲ၊ ဒီမိုကရေစီအရေးတိုက်ပွဲကို အပြည့်အဝ ထောက်ခံပြီးတော့ ကြိုဆိုတဲ့အတွက် ဒါကို သည်းခံနိုင်စွမ်းမရှိတဲ့ စစ်ကောင်စီက သံတမန်ရေးရာအရ ရိုင်းရိုင်းပြပြ လုပ်လိုက်တာပါ။ စကစအနေနဲ့ သူ့နားရွက် တံထွေးဆွတ်ခံရတဲ့ စိန်ခေါ်မှုမျိုး ဖြစ်နေတာပေါ့ဗျာ”

timor.jpg
၂၀၂၃ ခုနှစ် ဇွန်လ ၁ ရက်နေ့က ဒီလီမြို့တော်ရှိ သမ္မတနန်းတော်တွင် အရှေ့တီမောနိုင်ငံအစိုးရသစ် ကျမ်းသစ္စာကျိန်ဆိုပွဲ ကျင်းပပြုလုပ်ခဲ့စဉ်။ (Photo: residência da República Democrática de Timor-Leste)

အရှေ့တီမောနိုင်ငံဘက်က သူတို့ရဲ့သံတမန်ကို စစ်ကောင်စီက နှင်ထုတ်လိုက်တဲ့အပေါ် ကန့်ကွက် ရှုတ်ချကြောင်း သြဂုတ်လ ၂၇ ရက်နေ့က ကြေညာချက်ထုတ်ပြန်ပြောပါတယ်။

သံတမန်နှင်ထုတ်ခံရပေမယ့် အရှေ့တီမော အနေနဲ့ မြန်မာပြည်သူတွေနဲ့ အတူ ဆက်လက်ရပ်တည်သွားမှာ ဖြစ်ကြောင်းနဲ့ မြန်မာစစ်တပ်အနေနဲ့ လူ့အခွင့်အရေးစံနှုန်းတွေကို လိုက်နာဖို့၊ လက်ရှိအကြပ်အတည်းဖြေရှင်းရေး အတွက် ငြိမ်းငြိမ်းချမ်းချမ်း အဖြေရှာဖို့ ထပ်မံတိုက်တွန်းထားပါတယ်။

မြန်မာပြည် ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်ရေး ကြိုးစားအားထုတ်မှုအားလုံးကို ထောက်ခံအားပေးဖို့ အရေးကြီးကြောင်းတယ်လို့လည်း ကြေညာချက်မှာ ထည့်သွင်းပြောထားပါတယ်။

မြန်မာ့အရေးကိစ္စဟာ တစ်ကမ္ဘာလုံးနဲ့ဆိုင်တဲ့ စိုးရိမ်စရာကိစ္စတစ်ရပ်ဖြစ်ကြောင်း၊ စစ်တပ် အာဏာသိမ်းလိုက်ပြီးကတည်းက မြန်မာနိုင်ငံဟာ စီးပွားရေးအကျပ်အတည်းတွေဖြစ်နေပြီး လူသားချင်း စာနာမှုအကူအညီတွေ လိုအပ်နေကြောင်း အရှေ့တီမောရဲ့ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်ဖို့ ဆယ်စုနှစ်တစ်ခုကြာ ကြိုးစားခဲ့တဲ့ အရှေ့တီမောဟာ မြန်မာ့အရေး အာဆီယံရဲ့ လုပ်နိုင်စွမ်းကို မေးခွန်းထုတ်နေပြီး၊ အာဆီယံအနေနဲ့မြန်မာ့အရေး ပြေလည်အောင်ဖြေရှင်းနိုင်မှ အဖွဲ့ဝင်မယ်လို့ ပြောဆိုလာပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။