အာဆီယံထောက်ခံမှုရဖို့ အကျဉ်းသားတွေကို စစ်ကောင်စီ လွှတ်

သတင်းသုံးသပ်ချက် - ဇက်ခါရီအဘူဇာ (Zachary Abuza)
2022.11.18
Share on WhatsApp
Share on WhatsApp
အာဆီယံထောက်ခံမှုရဖို့  အကျဉ်းသားတွေကို စစ်ကောင်စီ လွှတ် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နှင့်လွတ်မြောက်လာသူကို တင်ဆောင်လာသည့် ကားနှင့် စောင့်ဆိုင်းနေသူများကို နိုဝင်ဘာလ ၁၇ရက်နေ့တွင် တွေ့ရစဉ်။
Photo: RFA

အာဏာသိမ်း စစ်ကောင်စီဟာ နိုင်ငံတော် အတိုင်ပင်ခံရဲ့ စီးပွားရေး အကြံပေး မစ္စတာ ရှောင်တားနဲလ်၊ ယူကေ နိုင်ငံ သံအမတ်ဟောင်း ဗစ်ကီဘိုးမန်း၊ ဂျပန်နိုင်ငံသား မှတ်တမ်းရုပ်ရှင် ရိုက်ကူးသူ တိုရူကူဘိုတာ နဲ့ မြန်မာနွယ်ဖွား အမေရိကန် နိုင်ငံသား ဦးကျော်ဌေးဦးတို့အပြင်၊ အခြားအရေးပါတဲ့ အတိုက်အခံခေါင်းဆောင်တွေပါဝင်တဲ့ အကျဉ်းသား ၅၇၇၄ ဦးကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၇ ရက်နေ့က ပြန်လွှတ်ပေးလိုက်ရာမှာ တကယ့် နိုင်ငံရေး အကျဉ်းသားက ၇၁၂ ဦးပဲ ပါဝင်တယ်လို့ ဆောင်းပါးရှင် Zachary Abuza ရဲ့ ဆောင်းပါးမှာ ရေးသားဖော်ပြထားပါတယ်။

ဒီပုဂ္ဂိုလ်တွေကို လုပ်ကြံဖန်တီးထားတဲ့ ပုဒ်မတွေတပ်ပြီး ဖမ်းဆီးထားတာဟာ ပြင်းထန်တဲ့ ပိတ်ဆို့အရေးယူမှုတွေနဲ့ ကြုံနေရတဲ့ မြန်မာစစ်ခေါင်းဆောင်တွေအတွက် သက်ဆိုင်ရာအစိုးရတွေနဲ့ စေ့စပ်ညှိနှိုင်းတဲ့အခါမှာ စျေးဆစ်လို့ရအောင် ဓားစာခံအဖြစ် ဖမ်းဆီးထားတာ ထင်ရှားတယ်လို့ ဆောင်းပါးရှင်က ဆိုပါတယ်။

အခုအကျဉ်းသားတွေကို ပြန်လွှတ်ပေးတာဟာ ပြီးခဲ့တဲ့ အာဆီယံထိပ်သီးညီလာခံမှာ အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒိုက အာဆီယံအလှည့်ကျ ဥက္ကဋ္ဌအဖြစ် လွှဲပြောင်းရယူလိုက်တာနဲ့ တိုက်ဆိုင်နေပါတယ်။

သူ့အရင် အာဆီယံ ဥက္ကဋ္ဌ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်ဟာဆိုရင် စစ်ခေါင်းဆောင်တွေနဲ့ ထိတွေ့ ဆက်ဆံဖို့မူကို စွဲကိုင်ထားခဲ့သူ ဖြစ်ပါတယ်။ ဒီလို မြန်မာ့အရေးကို ထိတွေ့ဆက်ဆံတဲ့ မူနဲ့ ကိုင်တွယ်ဖို့ ကြိုးစားတာဟာ စစ်ခေါင်းဆောင်တွေအတွက်တော့ ဆုပေးသလို ဖြစ်နေခဲ့ပါတယ်။ အခုအာဆီယံဥက္ကဋ္ဌ ကတော့ စစ်ခေါင်းဆောင်တွေကို စာနာတဲ့ သဘောထားရှိတဲ့သူ မဟုတ်တော့ပါဘူးလို့ ဆောင်းပါးရှင် က သုံးသပ်ထားပါတယ်။

လာမယ့် ၂၀၂၄ ခုနှစ်မှာ သမ္မတ သက်တမ်းကုန်ဆုံးမယ့် ဂျိုကို ဝီဒိုဒိုဟာ အာဆီယံမှာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး ကိုင်တွယ်ဖြေရှင်းနိုင်သူအဖြစ် မှတ်ကျောက်တင်နိုင်မယ့် လုပ်ရပ်မျိုးလုပ်မှာ သေချာပါတယ်။

အင်ဒိုနီးရှားဟာ မြန်မာ့အရေးကို ပိုပြီးပြတ်ပြတ်သားသား ကိုင်တွယ်မယ်လို့ ယူဆရပေမယ့် မြန်မာ စစ်ခေါင်းဆောင်တွေဘက်ကရော ဒီလို ကိုင်တွယ်လာတာကို လက်ခံပါ့မလားလို့ မေးစရာရှိပါတယ်။

အင်ဒိုနီးရှားအပြင် မလေးရှားနိုင်ငံခြားရေး ဝန်ကြီး ဆိုင်ဖူဒင် အဗ္ဗဒူလာကလည်း စစ်ခေါင်းဆောင်တွေ လုပ်မယ့် ၂၀၂၃ ရွေးကောက်ပွဲဟာ တရားမျှတမှုရှိမှာ မဟုတ်တဲ့အတွက် မလေးရှားအနေနဲ့ အသိအမှတ်ပြုမှာ မဟုတ်ကြောင်းနဲ့ အာဆီယံအနေနဲ့ကလည်း လက်မခံသင့်ကြောင်း တရားဝင် ထုတ်ပြောလာခဲ့ပါတယ်။

အင်ဒိုနီးရှားကလည်း မလေးရှားရဲ့ ရပ်တည်ချက်နောက်ကလိုက်လာပြီး၊ ဖိလစ်ပိုင်၊ စင်္ကာပူ နဲ့ အခြား အာဆီယံ နိုင်ငံတွေ ဒီလမ်းကြောင်းအတိုင်း လိုက်လာမှာကို စစ်ခေါင်းဆောင်တွေအနေနဲ့ စိုးရိမ်နေမှာ အမှန်ပါပဲ။

စစ်ခေါင်းဆောင်တွေ လုပ်မယ့် ၂၀၂၃ ရွေးကောက်ပွဲဟာ အတုအယောင်လို့ သတ်မှတ်ရတဲ့ အကြောင်းပြချက်တွေ တစ်ခုထက်မက ရှိနေပါတယ်။

သူတို့ဟာ ရွေးကောက်ခံ NLD ပါတီ အမတ်တွေ၊ တက်ကြွလှုပ်ရှားသူတွေကို ဝင်ပြိုင်လို့မရအောင် ဖမ်းဆီးထားပါတယ်။ ရွေးကောက်ပွဲမှာ သူတို့ အတွက် အကျိုးရှိမယ်လို့ ယုံကြည်ရတဲ့ အချိုးကျကိုယ်စားပြု PR စနစ်ကို တည်ထောင်ဖို့ ကြိုးစားနေပါတယ်။ သတင်းမီဒီယာတွေကို ထိန်းချုပ်ထားပြီး ပါတီအမြောက်အများကို ပိတ်ပင်ထားတဲ့အပြင် မဲဆန္ဒနယ်မြေတွေကိုလည်း စိတ်တိုင်းကျ ပြင်ဆင်ဖန်တီးထားပါတယ်။

ပြည်သူတွေ မဲပေးရာမှာ လိုအပ်တဲ့ အမျိုးသား မှတ်ပုံတင်ကဒ် ထုတ်ပေးတဲ့ စနစ်ကိုလည်း ချုပ်ကိုင်ထားပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ တရားရေးစနစ် တစ်ခုလုံးကိုပါ စိတ်တိုင်းကျ ထိန်းချုပ်ထားပါတယ်။

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ တော်တော်များများကလည်း သူတို့ ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ကျင်းပခွင့်ပေးမှာ မဟုတ်တဲ့အကြောင်း ပြောထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဦးဆောင်ပြီး တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ရွေးကောက်ပွဲကို သပိတ်မှောက်မယ်ဆိုရင် တရားဝင်ဖြစ်မှု ပိုပြီးလျော့သွားမှာ ဖြစ်ပါတယ်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ဒီရွေးကောက်ပွဲမှာ သူတို့ အလိုကျ ရလဒ်ထွက်မယ်ဆိုတာ သေချာပေါက် သိနေပေမယ့် နိုင်ငံတကာက လက်ခံမှာ မဟုတ်ကြောင်း သိနေပါတယ်။ ဒါပေမဲ့လည်း စစ်ခေါင်းဆောင်ဟာ ဒီရွေးကောက်ပွဲပြီးရင် ထိုင်းအာဏာသိမ်း စစ်ခေါင်းဆောင်လိုပဲ ဆက်ပြီး အာဏာရယူထားလို့ ရလိမ့်မယ်လို့ ယုံကြည်နေပါတယ်။

၂၀၁၄ ခုနှစ်က ထိုင်းမှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့နောက်၊ အတိုက်အခံပါတီတွေကို ထိန်းချုပ်ထားတဲ့ အနေအထားနဲ့ပဲ ရွေးကောက်ပွဲ ကျင်းပလိုက်တဲ့နောက် ထိုင်းစစ်ခေါင်းဆောင်တွေဟာ ချက်ချင်း အပယ်ခံဘဝကနေ နိုင်ငံတကာက လက်ခံအသိအမှတ်ပြုခံရတဲ့ အခြေအနေကို ရောက်သွားပါတယ်။

စစ်ခေါင်းဆောင်ဟာ ဒီရွေးကောက်ပွဲကို တရုတ်၊ ရုရှားနဲ့ အိန္ဒိယတို့အပြင် ဂျပန်နဲ့ တောင်ကိုရီးယားတို့ရဲ့ ထောက်ခံမှု ရဖို့ မျှော်လင့်နေပြီး အရေးကြီးတဲ့ အဆုံးအဖြတ်အနေနဲ့ အာဆီယံနိုင်ငံတွေရဲ့ ထောက်ခံမှု ရဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။

အမေရိကန်နဲ့ အနောက်နိုင်ငံတွေဟာ မြန်မာ့အရေးနဲ့ ပတ်သက်ရင် အာဆီယံရဲ့ ဦးဆောင် ဖြေရှင်းမှုကို ထောက်ခံထားတဲ့အတွက် စစ်ခေါင်းဆောင်တွေဟာ ရွေးကောက်ပွဲ မစခင်ကတည်းက အာဆီယံနိုင်ငံတွေက အသိအမှတ်ပြုမှာ မဟုတ်ကြောင်း ပြောနေတာကို ပြောင်းလဲလာအောင် လုပ်ဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်အတွက်တော့ ရှောင်တားနဲလ်၊ ဗစ်ကီဘိုးမန်း၊ ကူဘိုတာနဲ့ အခြား အကျဉ်းသားတွေဟာ နိုင်ငံတကာထောက်ခံမှုရဖို့ မျှော်လင့်ချက်နဲ့ အပေးအယူလုပ်စရာ ကစားစရာ ဖဲချပ်တွေ ဖြစ်ပါတယ်။ သူတို့အပြင် ထပ်ပြီး အပေးအယူ လုပ်စရာ ဒေါ်အောင်ဆန်းစုကြည်လည်း ထိန်းသိမ်းခံအခြေအနေမှာ ရှိနေပါသေးတယ်။ ဒီလိုအကျဉ်းသားတွေ လွှတ်ပေးတဲ့ လုပ်ရပ်ဟာ လူသားချင်း စာနာတဲ့ ပြယုဂ် မဟုတ်ဘဲ အာဏာဆက်လက် ချုပ်ကိုင်ထားတာကို နိုင်ငံတကာက လက်ခံမှုရဖို့ ကြိုတင်တွက်ဆထားတဲ့ ကစားကွက်တစ်ခုသာ ဖြစ်တယ်လို့ ဆောင်းပါးရှင် Zachary Abuzaက ရေးသားထားပါတယ်။

ဒီဆောင်းပါးဟာ ဆောင်းပါးရှင်ရဲ့ အမြင်သာဖြစ်ပြီး၊ အမေရိကန် ကာကွယ်ရေးဌာန၊ အမျိုးသား စစ်တက္ကသိုလ်၊ ဂျော့တောင်း တက္ကသိုလ်နဲ့ RFA ရဲ့ သဘောထား မဟုတ်ကြောင်း အသိပေးဖော်ပြလိုက်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။