သမဝါယမ စနစ်ဟောင်းကို ပြန်အသက်သွင်းဖို့ စစ်ခေါင်းဆောင် စီစဉ်
2024.07.31
မြန်မာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ လက်ရှိအခြေအနေအရ စျေးကွက်စီးပွားရေးစနစ်အစား သမဝါယမစနစ်ကိုပြောင်းပြီး ကျင့်သုံးဖို့ ဇူလိုင် ၂၉ ရက်နေ့က နေပြည်တော်မှာလုပ်တဲ့ စစ်ကောင်စီ အစည်းအဝေးမှာ စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က ပြောလိုက်ပါတယ်။
စစ်ကောင်စီထိန်းချုပ်ထားတဲ့ မြန်မာ့အသံရဲ့ ဇူလိုင် ၂၉ ရက် ည ၈ နာရီ သတင်းမှာ အခုလိုကြေညာခဲ့တာပါ။
“မြန်မာနိုင်ငံ၏ လက်ရှိ အခြေအနေအရ စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် သမဝါယမစနစ်သည် အသင့်လျော်ဆုံးဖြစ်ကြောင်း”
သမဝါယမ စနစ်ဆိုတာဟာ စိတ်ဆန္ဒ၊ ရည်ရွယ်ချက်တူတဲ့ လုပ်ငန်းရှင်အချင်းချင်း တောင်သူအချင်းချင်း စုဖွဲ့ဆောင်ရွက်ရတဲ့ အသင်းအဖွဲ့စနစ်တစ်ခုဖြစ်ကြောင်း စစ်ကောင်စီဥက္ကဋ္ဌက ဆိုပါတယ်။
သမဝါယမ ဆိုတာဟာ အင်္ဂလိပ်စကား Co-Operation ကို ဆီလျော်အောင် ဘာသာပြန်ဆိုထားတာဖြစ်ပြီး လုပ်ငန်းတစ်ခုကို အများစုပေါင်းလုပ်ပြီး ရလာတဲ့အကျိုးအမြတ်ကိုလည်း ညီတူမျှတူ ယူတဲ့လုပ်ငန်းလို့ အဓိပ္ပာယ်ဖွင့်ဆိုထားပါတယ်။
၁၉၇၀ ပြည့်နှစ် ဆိုရှယ်လစ်ခေတ်က စတင်ခဲ့တဲ့ မြန်မာ့သမဝါယမစနစ်အကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးကြီးမြင့်က အခုလိုပြောပါတယ်။
“ဗိုလ်ချုပ်တင်ဖေလက်ထက်မှာ အဲမှာ သမဝါယမတွေ စလုပ်တာပဲ၊ ကုန်သွယ်ရေးမှာရှုံးတဲ့ဆိုင်တွေ ဝန်ထမ်းတွေအကုန်လုံး သမဝါယမကိုလွှဲယူ၊ လူထုက အဲတုန်းက တစ်အိမ်ကို တစ်ရာ၊ နှစ်ရာထည့်ရတယ်၊ အဲတုန်းက ငွေကနည်းတာမဟုတ်ဘူး တစ်လစာပဲ၊ အဲငွေတွေနဲ့ အစိုးရဆီက ကုန်ပစ္စည်းတွေဝယ်၊ ဆယ်ရာခိုင်နှုန်း အမြတ်တင် တစ်ပြည်လုံး သမဝါယမဆိုင်တွေချည်းပဲ၊ အစိုးရခန့်ထားတဲ့လူတွေက ကြီးကြပ်လိမ့်မယ်၊ သုံးပုံတစ်ပုံက ပါတီခန့်တဲ့သူတွေကို ခန့်မယ်၊ သမဝါယမလူကြီးတွေကို၊ တစ်ခါတည်း အဲမှာ သမဝါယမလူကြီးတွေ ကောင်းစားသွားတယ်၊ ပါတီကောင်စီတွေ ကောင်းစားသွားတယ်၊ လူထုကတော့ မွဲကျန်ခဲ့တယ်၊ လူထုကတော့ ဆန်တန်းစီ၊ ဆပ်ပြာတန်းစီ၊ သကြားတန်းစီ၊ ဆန်ဆိုလည်း အောက်သိုးနေတဲ့ ဆန်တွေ စားရတယ်”
အမည်မဖော်လိုတဲ့ အသက် ၅၂ နှစ်အရွယ် ရန်ကုန်မြို့ခံ အမျိုးသမီးတစ်ဦးက သူငယ်ငယ်က သမဝါယမမှာ ဆန်တန်းစီပြီး စားခဲ့ရတဲ့ အတွေ့အကြုံကို ပြောပြပါတယ်။
“ဆန်ကလည်း ပေးလိုက်လို့ရှိရင်လေ အကျိုးအကြေတွေချည်းပဲ၊ အမေက ဆန်ပြာပြီးလို့ရှိရင် အမေကနေပြီးတော့ ဆန်ကွဲကို ပြန်ရွေး၊ ဆန်ကွဲကျိုးဆိုတာ ပြန်ထိုးစားရတာ၊ မနက်ထမင်းကြမ်းစာပေါ့နော်၊ ပြန်ပြီးတော့လေ လင်ဗန်းနဲ့ ပြန်ရွေးရတာ၊ သံလင်ဗန်းပေါ်မှာမှ ခဲတို့ဘာတို့ဆိုရင်လေ ကျလိ ကျလိနဲ့ပေါ့နော်၊ ခဲပါတယ်၊ သဲပါတယ်၊ မြက်ချေးဆိုတာပါတယ်၊ တစ်နေ့ကို လေးလုံးလောက်ရွေးပေးထားမှ နောက်ရက်ကို ခပ်စားလို့ အဆင်ပြေတာ၊ အဲလိုဆန်တွေကို တော်တော်ဆိုးဆိုးကို စားခဲ့ရတာ”
ဆက်နွှယ်သောသတင်းများ
သမဝါယမအသင်း လုပ်ငန်းဆောင်ရွက်ချက် တိုင်းလွှတ်တော်မှာ ဝေဖန်
စစ်ကောင်စီ ကန့်သတ်ချက်ကြောင့် ပြည်တွင်းမှာ ဆေးဝါးတချို့ ပြတ်လပ်လာ
အခြေခံလူတန်းစားတွေဘဝ ပိုခက်ခဲလာ
အရာရာရှားပါးခဲ့တဲ့ သမဝါယမခေတ်မှာ ကြီးပြင်းခဲ့ရတဲ့ သူ့ရဲ့ကလေးဘဝမှာ ချောကလက်ဆိုတာ ဘာမှန်း မသိခဲ့ရဘူးလို့လည်း ဆိုပါတယ်။
“ဒါက ငါ့အဖေက သင်္ဘောသား၊ ငါ့အဖေပါလာတာဆို အဲပီကေပြားလေးတွေ သူစားရင် ကိုယ်တွေက ငေးလို့သိလား၊ ကြီးလာမှ ချောကလက်ဆိုတာ အော် ဒီအရသာပါလားဆိုတာကို အရွယ်ရောက်မှ သိတာ၊ ချောကလက်ဆိုတာ ကြားတောင် မကြားဖူးဘူး၊ တို့သိတာက ရှားမီးသကြားလုံးရယ်၊ ကျိုက္ကစံဘီစကစ်ရယ် တို့စားရတာ”
ဟိုက အခြေခံကစပြီးတော့ လွတ်လပ်တယ်လေ၊ လူထုဆန္ဒနဲ့ လူထုငွေနဲ့ လူထုအကြိုက်လုပ်တာ၊ ဒီက စစ်အာဏာရှင်စနစ်အောက်မှာ ဘယ်လိုလုပ်ပြီးတော့ အောင်မြင်မှာလဲ
မြန်မာနိုင်ငံမှာ သမဝါယမစနစ် မအောင်မြင်ခဲ့ပေမဲ့ နော်ဝေ၊ ဆွီဒင်၊ ဘယ်လ်ဂျီယံနဲ့ အစ္စရေး စတဲ့နိုင်ငံတွေမှာတော့ သမဝါယမစနစ်အောင်မြင်ခဲ့တဲ့ သာဓကတွေ ရှိခဲ့ပါတယ်။
မြန်မာကတော့ အစိုးရက လက်ဝါးကြီးအုပ်ထားတဲ့ သမဝါယမစနစ်ဖြစ်တာကြောင့် မအောင်မြင်တာလို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးကြီးမြင့်က သုံးသပ်ပါတယ်။
“ဟိုက အခြေခံက စပြီးတော့ လွတ်လပ်တယ်လေ၊ လူထုဆန္ဒနဲ့ လူထုငွေနဲ့ လူထုအကြိုက်လုပ်တာ၊ ဒါကြောင့်မလို့ နော်ဝေတို့ ဆွီဒင်တို့ ဘယ်လ်ဂျီယံ အဲနိုင်ငံတွေမှာတော့ သမဝါယမစနစ်က အောင်မြင်သလား မမေးနဲ့၊ အစ္စရေးဆိုလည်း သမဝါယမစနစ်နဲ့ နိုင်ငံကိုထူထောင်တာပဲ၊ ရမ်းသမ်းပြီးတော့ ဒီက စစ်အာဏာရှင် စနစ်အောက်မှာ ဘယ်လိုလုပ်ပြီးတော့ အောင်မြင်မှာလဲ”
ပါတီစုံဒီမိုကရေစီစနစ်မှာ စျေးကွက်စီးပွားရေးစနစ်ကို ကျင့်သုံးနေပြီး စျေးကွက်စီးပွားရေးစနစ်မှာ အစိုးရက ပါဝင်ဆောင်ရွက်နိုင်တဲ့လုပ်ငန်းနဲ့ အစိုးရက ပါဝင် မဆောင်ရွက်နိုင်တဲ့လုပ်ငန်းတွေရှိကြောင်း၊ အဲဒီလုပ်ငန်းတွေ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ဖို့ သမဝါယမစနစ်ဟာ သင့်တော်တဲ့စနစ်တစ်ခုဖြစ်တယ်လို့ စစ်ကောင်စီဥက္ကဋ္ဌက ဆိုပါတယ်။
တိုင်းပြည်စီးပွားရေးက အတော်ကို ဆိုးဝါးတဲ့ အခြေအနေဖြစ်တဲ့အခါကျတော့ သူထင်ရာလျှောက်ပြောနေတာ မအောင်မြင်နိုင်ဘူး
အဲဒါကြောင့် သမဝါယမအသင်းတွေဖွဲ့ကာ စိုက်ပျိုးမွေးမြူရေးနဲ့ ကုန်ထုတ်လုပ်ငန်းတွေကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပြီး အဲဒီကတစ်ဆင့် စိုက်ပျိုး မွေးမြူရေး ထုတ်ကုန်တွေကို အခြေခံတဲ့ စက်ရုံ၊ အလုပ်ရုံတွေ တည်ထောင်ဆောင်ရွက်သွားစေလိုကြောင်း၊ စစ်ကောင်စီက အရင်းအနှီး၊ နည်းပညာနဲ့ အခြားလိုအပ်တာတွေ ထောက်ပံ့ကူညီသွားမှာဖြစ်ကြောင်း၊ သမဝါယမစနစ်နဲ့ တန်ဖိုးမြင့် ထုတ်ကုန်တွေ ထုတ်လုပ်နိုင်ရေး ကြိုးပမ်းစေလိုတယ်လို့လည်း စစ်ကောင်စီဥက္ကဋ္ဌက ဆိုပါတယ်။
ဗဟိုဦးစီးပုံစံနဲ့ သမဝါယမစနစ်ဟာ မှားယွင်းတဲ့စီးပွားရေးစနစ်ဖြစ်ပြီး စစ်ကောင်စီဥက္ကဋ္ဌက ခေတ်နောက်ပြန်ဆွဲပြီး ထင်ရာလျှောက်ပြောနေတာသာဖြစ်တယ်လို့ စီးပွားရေးပညာရှင် ဦးစိန်ဌေးက ဝေဖန်ပါတယ်။
“ဆိုရှယ်လစ်ကွန်မြူနစ် ကျင့်သုံးတဲ့နိုင်ငံတွေမှာ သမဝါယမစနစ်နဲ့ သွားတယ်၊ အနီးကပ်ဆုံး ကျွန်တော်တို့ တရုတ်ကြည့် မအောင်မြင်လို့ တရုတ်ကိုယ်တိုင် စျေးကွက်စီးပွားရေးသွားတယ်လေ၊ နောက်ဗီယက်နမ် မအောင်မြင်ဘူး၊ နောက်ဗိုလ်နေဝင်းက မြန်မာ့နည်း မြန်မာ့ဟန် ဆိုရှယ်လစ်လမ်းစဥ်ဆိုပြီး ဗဟိုဦးစီးစနစ်လုပ်ခဲ့တယ် မအောင်မြင်ဘူး၊ စနစ်က မမှန်ဘူးလေ၊ ဒါကြောင့် သမဝါယမစနစ်နဲ့သွားတာဟာ ကမ္ဘာမှာ မအောင်မြင်လို့ စျေးကွက်စီးပွားရေးစနစ်ကျင့်သုံးတဲ့နိုင်ငံတွေက အောင်မြင်တယ်၊ သူပြောတာကြီးက ခေတ်နောက်ပြန်ဆွဲပြီး ထင်ရာလျှောက်ပြောတာ၊ အဲနားမှာ စီးပွားရေးဝန်ကြီးတွေရှိတာပေါ့၊ တတ်တဲ့လူတွေ၊ မပြောရဲဘူး၊၊ တိုင်းပြည်စီးပွားရေးက အတော်ကို ဆိုးဝါးတဲ့အခြေအနေ ဖြစ်တဲ့အခါကျတော့ သူထင်ရာလျှောက် ပြောနေတာ မအောင်မြင်နိုင်ဘူး၊ အခုပိုဆိုးတာပေါ့ဗျာ၊ အခုအားလုံးက အရင်းအမြစ်တွေ အကုန်လုံးက ယုတ်လျော့နေပြီလေ၊ စစ်ပွဲတွေဖြစ်နေတယ်”
စစ်ကောင်စီကျင့်သုံးမယ့် သမဝါယမစနစ်ကို ဝေဖန်တာတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က မေးမြန်းဖို့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။
စစ်အာဏာသိမ်း သုံးနှစ်ကျော်အတွင်း ပြည်တွင်းမှာ မြန်မာကျပ်ငွေတန်ဖိုး ဆက်တိုက်ကျဆင်းနေပြီး ဇူလိုင် ၃၀ ရက်မှာ အမေရိကန်တစ်ဒေါ်လာကို မြန်မာကျပ်ငွေ ၅၂၀၀ ကနေ ၅၃၀၀ နှုန်းနဲ့ အခေါက်ရွှေဟာလည်း ပြင်ပဈေးကွက်မှာ တစ်ကျပ်သားကို ငွေကျပ် ၆၅ သိန်းအထိ ဈေးပေါက်နေပါတယ်။
တစ်ဖက်မှာလည်း အခြေခံစားသောက်ကုန်စျေးနှုန်းတွေ အဆမတန် ကြီးမြင့်လာတာကြောင့် ဆန်တွေ၊ ဆီတွေ တန်းစီပြီးဝယ်ရတဲ့အနေအထားတွေအပြင် အိမ်သုံးဆေးဝါးပြတ်လပ်မှုတွေကိုလည်း မြန်မာပြည်သူတွေ ကြံ့ကြံ့ခံ ရင်ဆိုင်နေကြရပါတယ်။