အာဏာသိမ်းနှစ်နှစ်ကျော်အတွင်း အဆောက်အအုံ ၁၆,၀၀၀ ကျော် ဖယ်ရှားခံရ

RFA Burmese
2023.08.04
အာဏာသိမ်းနှစ်နှစ်ကျော်အတွင်း အဆောက်အအုံ ၁၆,၀၀၀ ကျော် ဖယ်ရှားခံရ ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ်၊ အမှတ် (၃) ရပ်ကွက်၊ ကံသာဇေယျုံကျောင်းလမ်းမှ ဖယ်ရှားခံရသည့် နေအိမ်များကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

စစ်တပ်အာဏာသိမ်းထားတဲ့ နှစ်နှစ်ခွဲအတွင်း တိုင်းနဲ့ ပြည်နယ်ခုနစ်ခုမှာ ကျူးကျော်အဖြစ် ဖျက်ဆီးခံခဲ့ရတဲ့ အဆောက်အအုံ တစ်သောင်းခြောက်ထောင်ကျော် (၁၆,၅၃၆) ထက်မနည်းရှိလာတာကို RFA က လေ့လာတွေ့ရှိရပါတယ်။

ရန်ကုန်တိုင်းမှာ အိမ်နဲ့ အဆောက်အအုံ တစ်သောင်းတစ်ထောင်ကျော် (၁၁,၆၇၄)၊ ဧရာဝတီတိုင်း မော်လမြိုင်ကျွန်းမြို့မှာ အိမ်အလုံး ၁၀၀၊ မန္တလေးတိုင်းမှာ အိမ်နဲ့ အဆောက်အအုံ လေးထောင်ကျော် (၄၁၂၉)၊ မကွေးတိုင်း မကွေးမြို့မှာ အိမ် ၉၈ လုံး၊ နေပြည်တော် ရန်အောင်မြင်ကြိုးဝိုင်းနားမှာ အိမ်အလုံး ၁၀၀၊ ပဲခူးတိုင်း တောင်ငူမြို့မှာ အိမ်နဲ့ ဆိုင်ခန်း အလုံး ၂၀၀ နဲ့ ရခိုင်ပြည်နယ် စစ်တွေမြို့ အာဂျိတ်တော်ကုန်းမှာ အိမ် ၇၅ လုံး၊ အမ်းမြို့မှာ အိမ်အလုံး ၁၆၀ စုစုပေါင်း တစ်သောင်းခြောက်ထောင်ကျော် အဓမ္မ ဖယ်ရှားခံခဲ့ရတာပါ။

“အိမ်ပြန်ဝယ်နိုင်တဲ့သူ တစ်ယောက်မှမရှိဘူး။ အကုန်လုံးက အိမ်ငှားဘဝနဲ့။ တချို့ဆိုလို့ရှိရင် ရွာပြန်သွားကြရတယ်"

ဒီအချက်အလက်တွေဟာ RFA က လက်လှမ်းမီသလောက် ပြုစုထားတာဖြစ်ပြီး လက်တွေ့မှာ ဒီထက်ပိုပြီး များနိုင်ပါတယ်။

စစ်တွေမြို့ အာဂျိတ်တော်ကုန်းမှာ သုသာန်ထဲ ကျူးကျော်နေထိုင်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ပြီးခဲ့တဲ့ နှစ် မတ်လမှာ ဖယ်ရှားခံရတာဖြစ်ပြီး၊ အမ်းမြို့မှာတော့ စစ်တပ်ပိုင်မြေထဲ ကျူးကျော်နေထိုင် တယ်ဆိုပြီး ဒီနှစ် ဇူလိုင်လနောက်ဆုံးပတ်ထဲမှာ ဖယ်ရှားခံရတာပါ။

စစ်တွေမြို့ အာဂျိတ်တော်ကုန်းတွင် ၂၀၂၂ ခုနှစ်၊ မတ်လ ၁၀ ရက်နေ့က စစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့ဝင်များ ဖျက်ဆီးခဲ့သည့် ကျူးကျော်နေအိမ်များကို တွေ့ရစဉ်။ (Photo: RFA)
စစ်တွေမြို့ အာဂျိတ်တော်ကုန်းတွင် ၂၀၂၂ ခုနှစ်၊ မတ်လ ၁၀ ရက်နေ့က စစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့ဝင်များ ဖျက်ဆီးခဲ့သည့် ကျူးကျော်နေအိမ်များကို တွေ့ရစဉ်။ (Photo: RFA)

မကွေးမြို့မှာ အောင်ဇေယျာရပ်ကွက်ထဲမှာရှိတဲ့ အိမ်တွေကို လေတပ်စခန်းနဲ့နီးတယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ ပြီးခဲ့တဲ့ မေလထဲမှာပဲ ဖယ်ရှားခံခဲ့ရပါတယ်။

နေပြည်တော်မှာလည်း ဒက္ခိဏသီရိမြို့နယ်က ရန်အောင်မြင်ကြိုးဝိုင်း ဧရိယာထဲ နေထိုင် တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အခု ဇူလိုင်ထဲမှာပဲ အိမ် ၁၀၀ နီးပါး ဖယ်ရှားခံရပါတယ်။

မန္တလေးတိုင်းထဲမှာတော့ တိုင်းအစိုးရပိုင်မြေ၊ ပုဂ္ဂလိကပိုင်မြေနဲ့ မီးရထားလမ်းနားမှာ ကျူးကျော်နေထိုင်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ နေအိမ်နဲ့အဆောက်အအုံတွေ ဖျက်ခံခဲ့ရတာပါ။

ပြီးခဲ့တဲ့ ဇူလိုင်လ ၂၅ ရက်နေ့က ချမ်းမြသာစည်မြို့နယ်ထဲက မြို့သစ် အမှတ် ၁၊ အမှတ် ၃ နဲ့ အမှတ် ၄ ရပ်ကွက်တွေက အိမ်တွေကို ပုဂ္ဂလိကပိုင်မြေပေါ်မှာ ကျူးကျော်ဆောက်လုပ် ထားတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်ကောင်စီရဲ့ ချမ်းမြသာစည်မြို့နယ် အုပ်ချုပ်ရေး အဖွဲ့က လာဖျက်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါကြောင့် ၁၇ နှစ်လောက် အိမ်ပိုင်ဘဝနဲ့ နေခဲ့တဲ့နေရာကနေ အခုတော့ အိမ်ငှားဘဝနဲ့ ပြန်နေရတယ်လို့ မြို့သစ် အမှတ် ၄ ရပ်ကွက်သားတစ်ယောက်က RFA ကို ပြောပါတယ်။

“ကျွန်တော်တို့ကို စာပို့သွားပြီးတော့ နောက်ဆုံးရက်ဆိုတာမပါဘူး။ အမြန်ဆုံးဖယ်ရှား ရမယ်ဆိုတာ ပါတယ်။ အဲလိုဖြစ်လာတော့ ကျွန်တော်တို့လည်း ကိုယ့်ပစ္စည်းကိုယ်သိမ်း၊ ဖျက်စရာရှိတာဖျက်ပေါ့။ မနေ့ကကျတော့မှ သူတို့ (မြို့နယ်စစ်ကောင်စီအဖွဲ့) ဘူဒိုဇာ ရောက်လာတယ်။ နေ့တစ်ပိုင်းလောက်ကနေစပြီး အိမ်တွေကို ဘူဒိုဇာနဲ့ စထိုးတော့တာ။ အခုလောလောဆယ် အိမ်ငှားနေရတာပေါ့”

အဲဒီမြို့သစ် အမှတ် ၄ ရပ်ကွက်တစ်ခုတည်းမှာပဲ ဖယ်ရှားပေးရတဲ့အိမ် ၂၀၀ နီးပါးအထိ ရှိတယ်လို့ ဆိုပါတယ်။

အထွေထွေကုန်ဈေးနှုန်းကြီးနေတဲ့အချိန်မှာ အိမ်ဖျက်ခံရတော့ ဘဝရပ်တည်ရေး အတော်လေး ခက်ခဲနေပြီလို့ ပြည်ကြီးတံခွန်မြို့နယ်ထဲကအိမ်ဖယ်ရှားခံရတဲ့သူက RFA ကို ပြောပါတယ်။

“ကျွန်တော်တို့ ရှိစုမဲ့စုလေးနဲ့ဝယ်ထားရတာ။ မိသားစုနေဖို့ဆိုပြီး ဝယ်ထားတယ်။ ဒါက ကျူးလည်း မဟုတ်ဘူး။ လယ်ယာမြေပေါ်မှာဆောက်ထားတာလည်း မဟုတ်တဲ့အတွက် ဒါလေးကိုဝယ်လိုက်တယ်။ တစ်လကျော်ကျော်ပဲ နေလိုက်ရသေးတယ်။ ဖျက်လိုက်ရ တယ်ပေါ့။ အဲဒီနောက်ပိုင်း မိသားစု တကွဲတပြားဖြစ်တယ်။ နယ်ပြန်ရောက်သွားတဲ့ သူက ပြန်ရောက်သွားတယ်”

ပြီးခဲ့တဲ့ ဇွန်လတုန်းကလည်း မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ်ထဲက အိမ်တစ်သောင်းနီးပါး ကို လယ်ယာမြေတွေပေါ် ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်ကောင်စီရဲ့ ပုသိမ်ကြီး မြို့နယ် စီမံကောင်စီက အိမ်တွေဖယ်ရှားဖို့ သတိပေးစာ ထုတ်ထားပါတယ်။

မန္တလေးတိုင်း ပြည်ကြီးတံခွန်မြို့နယ်နှင့် ပုသိမ်ကြီးမြို့နယ်အစပ် (ဋ) ရပ်ကွက် မက္ခရာလမ်းမှ ဖျက်ဆီးခံရသည့် နေအိမ်တချို့ကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့က တွေ့ရစဉ်။ (Photo: Citizen Journalist)
မန္တလေးတိုင်း ပြည်ကြီးတံခွန်မြို့နယ်နှင့် ပုသိမ်ကြီးမြို့နယ်အစပ် (ဋ) ရပ်ကွက် မက္ခရာလမ်းမှ ဖျက်ဆီးခံရသည့် နေအိမ်တချို့ကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့က တွေ့ရစဉ်။ (Photo: Citizen Journalist)

ရန်ကုန်တိုင်းထဲမှာလည်း အများပြည်သူပန်းခြံမြေနေရာ၊ ရန်ကုန်တိုင်းအစိုးရပိုင်မြေနေရာ၊ စစ်တပ်ပိုင် မြေနေရာတွေဆိုပြီး ဖယ်ရှားခံရပါတယ်။

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလတုန်းက ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ် အမှတ် ၁ ရပ်ကွက်က အိမ် ၁၀၀ လောက်ကို အားကစားကွင်းပတ်လမ်း မြေနေရာမှာဆောက်လုပ်ထားတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖယ်ရှားခံရတဲ့အတွက် လူ ၃၀၀ နီးပါးအိုးမဲ့၊ အိမ်မဲ့ဖြစ်ခဲ့ရပါတယ်။

ဒါကြောင့် ရန်ကုန်မြို့စွန်မှာ အိမ်ငှားနေရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုသူ တစ်ယောက်က RFA ကို ပြောပါတယ်။

“အိမ်ပြန်ဝယ်နိုင်တဲ့သူ တစ်ယောက်မှမရှိဘူး။ အကုန်လုံးက အိမ်ငှားဘဝနဲ့။ တချို့ဆို လို့ရှိရင် ရွာပြန် သွားကြရတယ်။ ကျွန်တော်ဆိုရင်လည်း ထန်းတပင်ကို ရောက်သွား တယ်။ ဒီမှာ(ရန်ကုန်မြို့ထဲ) လာပြီး ဆိုက်ကားနင်းရတယ်။ တစ်နေ့တစ်နေ့ကို လမ်းစရိတ်နဲ့တင် ၃၇၀၀ လောက်ကုန်တယ်။ တစ်နေ့တစ်သောင်းခွဲလောက်ရမှ အိမ်ကိုတစ်သောင်းလောက်ပါတယ်။ အဲဒါက ဆန်ဖိုးပဲရှိတယ်။ ကျွန်တော်တို့မှာ ကန်စွန်းရွက်ခူးစား၊ ကနဖော့ ခူးစားရတဲ့ဘဝ။ တချို့တွေ အိမ်ငှားဘဝနဲ့နေရတာ တစ်သိန်းရှစ်သောင်း၊ နှစ်သိန်းပေး နေကြရတယ်”

ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့၊ ကမ်းနားလမ်းတစ်လျှောက်မှာလည်း ပြီးခဲ့တဲ့ ဇွန်လတုန်းက အိမ်နဲ့ အဆောက်အအုံ ၁၀၀ လောက်ကို ကျူးကျော်ဆိုပြီး ဖယ်ရှားခဲ့ပါတယ်။

“လုပ်ငန်းရှင်တွေရဲ့ အဆောက်အအုံတွေလည်းပါတယ်။ နောက်ပြီး ကမ်းနားမှာ အလုပ် လုပ်ကိုင်ရှာဖွေစားနေတဲ့ သူတွေရဲ့ နေရာတွေလည်းပါတာပေါ့။ အဖျက်ခံလိုက်ရတော့ သူတို့မှာ နေစရာမရှိတော့ဘူး။ အရင်ကတည်းက နေစရာမရှိလို့ ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေ ဘာတွေကို ပေးကမ်းပြီးတော့ နေရာလေးတွေယူပြီး နေကြတာ”

ကျူးကျော်အကြောင်းပြပြီး အိမ်တွေဖျက်တဲ့လုပ်ရပ်ဟာ လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်တယ်လို့ ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ရက်က ဦးဇော်ရမ်းက RFA ကို ပြောပါတယ်။

“လူ့အခွင့်အရေးရှုထောင့်အရ ကုလသမဂ္ဂရဲ့ အပြည်ပြည်ဆိုင်ရာလူ့အခွင့်ရေးကြေညာ စာတမ်း Article 13 ကို ချိုးဖောက်တာ။ နောက်ပြီးတော့ သူတို့ (စစ်ကောင်စီ) က ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်း လုပ်တယ်ဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသား အခွင့်အရေးမှာပါတဲ့ အပိုဒ်တစ်ပိုဒ်ဖြစ်တဲ့ နိုင်ငံသားတိုင်းဟာ ဘယ်ဒေသမဆို ဥပဒေ အရ နေထိုင်ပိုင်ခွင့်ရှိတယ်ဆိုတဲ့အချက်ကို ဖောက်ဖျက်တယ်”

အိမ်တွေကို အင်အားသုံးဖယ်ရှားနေတဲ့လုပ်ရပ်ဟာ အခြေခံလူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်ပြီး စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်တွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုမြောက်တယ်လို့  ကုလသမဂ္ဂ လူ့အခွင့်အရေးအရာရှိတွေက ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက်က ထုတ်ပြန် ထားပါတယ်။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ကျူးကျော်ကိစ္စကို အရင်အစိုးရတွေ လက်ထက်မှာ မရှင်းဘဲနေခဲ့တာကြောင့် အခု တရားဥပဒေစိုးမိုးရေးအတွက် အဓိကထား လုပ်ဆောင်ရတာလို့ ၂၀၂၂ ခုနှစ်၊ မတ်လတုန်းက RFA ကို ပြောဖူးပါတယ်။

တရားလွှတ်တော်ရှေ့နေ ဦးဌေးကတော့ အရင်ကဆိုရင် ဒါမျိုးတွေကို အုပ်ချုပ်ရေးအရာရှိ တွေနဲ့ စေ့စပ် ညှိနှိုင်းပြီး ဆိုင်းငံ့ပေးတာမျိုးလုပ်လို့ရပေမယ့် အခုတော့ ရမှာမဟုတ်ဘူးလို့ RFA ကို ပြောပါတယ်။

“လှိုင်သာယာမှာဆို ညောင်ရွာဘက်အခြမ်းမှာ မြစ်ဘေးတစ်လျှောက်က ကျူးကျော် အိမ်ရာတွေဆို အဲလိုပဲ ဖြစ်တယ်။ အဲဒီက ဆရာတော်တွေနဲ့ ရပ်ကွက်ကလူတွေ အကူအညီတောင်းတော့ သက်ဆိုင်ရာ အစိုးရဆီကို ကျွန်တော်တို့ စာတင်ပေးတယ်။ အဲကျတော့ ဖျက်သိမ်းတာကို ဆိုင်းငံ့ပေးလိုက်တယ်။ အခုအာဏာသိမ်း အစိုးရ လက်ထက်မှာ ဒါမျိုးတွေကို ဘယ်လိုမှ ဆောင်ရွက်လို့မရဘူး”

ဒီအတောတွင်းမှာပဲ ရန်ကုန်တိုင်း ကော့မှူးမြို့နယ်၊ ရှားဘွားကျေးရွာအုပ်စုထဲက အစိုးရပိုင်မြေ ဆူးကလပ် ရော်ဘာခြံမြေပေါ်မှာနေတဲ့ အိမ်နဲ့ အဆောက်အအုံတွေကို ရက်ပေါင်း ၃၀ အတွင်း ဖယ်ရှားပေးဖို့ စစ်ကောင်စီရဲ့ ကော့မှူးမြို့နယ် အုပ်ချုပ်ရေးမှူးက ဇွန်လ ၂၆ ရက်မှာ အမိန့်ထုတ်ထားပါတယ်။

အိမ်ဖျက်ဆီးခံခဲ့ရတဲ့ ပြည်သူတွေကတော့ သူတို့ဖျက်ရမယ်ဆိုရင် နှစ်ကာလအပိုင်းအခြား အရ ဆိုင်းငံ့ပေးတာနဲ့ အစားထိုးမြေနေရာပေးတာမျိုးတွေ မျှော်လင့်နေကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။