အာဏာသိမ်း ၂၁ လအတွင်း နေအိမ် ၈၀၀ နီးပါး ချိပ်ပိတ်ခံရ

2022.11.22
Share on WhatsApp
Share on WhatsApp
အာဏာသိမ်း ၂၁ လအတွင်း နေအိမ် ၈၀၀ နီးပါး ချိပ်ပိတ်ခံရ လှိုင်မြို့နယ်၊ ရှမ်းစုရပ်ကွက်မှ ဦးစည်သူမောင်ရဲ့ မိဘနေအိမ်အား ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့က ချိပ်ပိတ်သိမ်းဆည်းခဲ့စဉ်။
Photo: Citizen Journalist

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ လူ့အခွင့်ရေးချိုးဖောက်မှု မှတ်တမ်းများ ကောက်ယူရေးအဖွဲ့ (NLD-HRDT) ကို အခြေခံပြီး RFA က ပြုစုထားတဲ့ စာရင်းတွေအရ အာဏာသိမ်း ၂၁ လကျော်အတွင်း စစ်ကောင်စီကို ဆန့်ကျင်လှုပ်ရှားသူတွေရဲ့ နေအိမ်အဆောက်အအုံ စုစုပေါင်း ၇၈၉ လုံး ချိပ်ပိတ်သိမ်းဆည်းခံခဲ့ရပါတယ်။

အခု နိုဝင်ဘာလ ၉ ရက်နေ့မှာပဲ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် နေထိုင်ခဲ့တဲ့ ရန်ကုန်တိုင်း မြောက်ဥက္ကလပ (ဂ) ရပ်ကွက်၊ နီလာ (၃)လမ်းက နေအိမ်ကို စစ်ကောင်စီလက်အောက်ခံ ရဲနဲ့ အရပ်ဝတ်အဖွဲ့တွေက လာရောက်ချိပ်ပိတ်ခဲ့ပါတယ်။

နိုဝင်ဘာ ၈ ရက်နေ့ကလည်း ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) အဖွဲ့ဝင်လည်းဖြစ်၊ ပန်းဘဲတန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်တဲ့ ဦးစည်သူမောင်ရဲ့ မိဘပိုင်နေအိမ်ဖြစ်တဲ့ ရန်ကုန်တိုင်း လှိုင်မြို့နယ် (၁၀) ရပ်ကွက် ရှမ်းစု (၁) လမ်းက နေအိမ်လည်း ချိပ်ပိတ်ခံခဲ့ရပါတယ်။

"ဥပဒေဆိုတဲ့ တရားမျှတမှုဆိုတဲ့စကားကို ကျနော်တို့ကတော့ စစ်အုပ်ချုပ်ရေးအောက်မှာတော့ ရှာဖွေသွားမှာ မဟုတ်ပါဘူး"

သူကိုယ်တိုင် နေထိုင်တဲ့ အိမ်မဟုတ်ဘဲ မိဘတွေရဲ့ပိုင်ဆိုင်မှုတွေကို ချိပ်ပိတ်တာက ဥပဒေအရ တရားနည်းလမ်းမကျဘဲ စစ်ကောင်စီရဲ့ ရည်ရွယ်ချက်ရှိရှိ ဖိနှိပ်တဲ့ လုပ်ရပ်လို့ ဦးစည်သူမောင်က ပြောပါတယ်။

“တကယ် ဦးတည်ထားတဲ့သူ တစ်ယောက်ရဲ့ နေအိမ်မဟုတ်ဘဲ မဆီမဆိုင် မိဘတွေရဲ့ နေအိမ်ကို ချိပ်ပိတ်တာကျတော့ ဥပဒေအရ နည်းလမ်းမကျတာတော့ အမှန်ပဲလေ။ ဥပဒေဆိုတဲ့ တရားမျှတမှုဆိုတဲ့ စကားကို ကျနော်တို့ကတော့ စစ်အုပ်ချုပ်ရေးအောက် မှာတော့ ရှာဖွေသွားမှာ မဟုတ်ပါဘူး။ နောက်တစ်ခုက ကျနော့်ရဲ့ ပိုင်ဆိုင်မှုနဲ့ ပတ်သက် တဲ့ အထောက်အထားတွေ ပိုင်ဆိုင်မှုနဲ့ ပတ်သက်တဲ့ အမည်တွေက ကျနော့်မိဘအိမ်မှာ ဘာမှ မရှိဘူး။ သန်းခေါင်စာရင်းထဲမှာလည်း အဲဒီမှာ မပါဘူးပေါ့ဗျာ။ ကျနော့်မိဘအိမ်မှာ လည်း ကျနော် မနေတော့တာ တော်တော်ကြာပါပြီ။ ကျနော်က ပန်းဘဲတန်းမှာပဲ နေခဲ့ တာကြာပြီ။ အဲဒီအနေအထားတစ်ခုမှာ မဆီမဆိုင် မိဘတွေနေအိမ်ကို ချိပ်ပိတ်တယ် ဆိုတာတော့ ရမယ်ရှာတဲ့ဟာ တစ်ခုပါပဲ”

ဒီလုပ်ရပ်တွေဟာ စစ်အုပ်ချုပ်ရေးရဲ့ ဆိုးမွေတွေဖြစ်ပြီး အာဏာရှင်ဆန့်ကျင်ရေးအလွန် အသွင်ကူးပြောင်းရေးကာလမှာ အခုအချိန် နစ်နာဆုံးရှုံးခဲ့သူတွေအတွက် ပြန်လည် ကုစားမှုနဲ့ တရားမျှတမှု ပြန်လည်ရရှိရေးကို မလွဲမသွေ လုပ်ရမယ်လို့ သူက ဆိုပါတယ်။

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့၊ သိမ်ဆိပ်ရပ်ကွက်မှာရှိတဲ့ ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ (PNFC) ဥက္ကဋ္ဌ ခွန်မြင့်ထွန်းရဲ့ မိသားစုပိုင် နေအိမ်ကိုလည်း စစ်ကောင်စီက ပြီးခဲ့တဲ့ အောက်တိုဘာ ၁၂ ရက်မှာ ချိပ်ပိတ်သိမ်းယူခဲ့ပါတယ်။

ဒါဟာ နိုင်ငံရေးကျင့်ဝတ်အရ လုံးဝ မလုပ်သင့်တဲ့ကိစ္စလို့ ခွန့်မြင့်ထွန်းက ပြောပါတယ်။

“ကျနော်တို့ နွေဦးတော်လှန်ရေးမှာ ထဲထဲဝင်ဝင် ပါဝင်ဆောင်ရွက်တဲ့အပေါ်မှာလည်း ဒါကိုလည်း သူတို့ နာကျည်းတာတွေ ရှိမှာပေါ့နော်။ သို့သော်လည်း ဒီဥစ္စာ နိုင်ငံရေး ကျင့်ဝတ်အရတော့ မလုပ်အပ်တဲ့ အရာဖြစ်ပါတယ်။ နိုင်ငံရေးကျင့်ဝတ်အရ မနိုင်၊ နိုင်ရာနဲ့ လိုက်လုပ်တယ်ဆိုတဲ့ဟာကတော့ နိုင်ငံရေး ကျင့်ဝတ်အရရော လူမှုရေး ကျင့်ဝတ်အရရော ဒါတွေကို သူတို့ ချိုးဖောက်တာပေါ့လေ။ သို့သော်လည်း ကျနော်တို့ အနေနဲ့ ကိုယ့်မိသားစုပိုင်နေအိမ် ဒီလိုမျိုး ချိပ်ပိတ်ခံရတဲ့ကိစ္စနဲ့ ပတ်သက်ရင်တော့ ကျနော်တို့မိသားစုပဲ ဒီလိုဒုက္ခရောက်ရတာ မဟုတ်ဘူး။ ကျနော်တို့မိသားစုပဲ ဒုက္ခဖြစ်နေတာမဟုတ်ဘူး တစ်တိုင်းပြည်လုံးက ဒုက္ခဖြစ်နေတာ ဖြစ်ပါတယ်”

အဲဒီအိမ်နေရာကို ၁၉၈၈ အရေးအခင်းကာလအပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ စတင်တည်ထောင်ချိန်ကတည်းက NLD ပါတီရဲ့ ဆိုင်းဘုတ်နဲ့ အလံထောင်ပြီး ၁၉၉၀၊ ၂၀၁၅၊ ၂၀၂၀ ရွေးကောက်ပွဲ အဆက်ဆက် ပါတီရုံးအနေနဲ့ အသုံးပြုခဲ့တာပါ။

နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးဖြစ်တဲ့ ခွန်မြင့်ထွန်းဟာ ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သလို လက်ရှိမှာ ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ (PNFC) ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားပါတယ်။ သူဟာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်တဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) မှာလည်း ဗဟိုကော်မတီဝင်အဖြစ် ပါဝင်ပါတယ်။

NLD ပါတီ လူ့အခွင့်ရေးချိုးဖောက်မှုမှတ်တမ်းများ ကောက်ယူရေးအဖွဲ့ (NLD-HRDT) ရဲ့ ၂၀၂၂ ခုနှစ် အောက်တိုဘာလကုန်ထိ စာရင်းတွေအရ စစ်တပ်က အာဏာသိမ်းပြီးတဲ့ နောက် နိုင်ငံတစ်ဝန်းက NLD ပါတီဝင် ၂၇၄ ဦးရဲ့ နေအိမ် ၂၇၈ လုံးနဲ့ လုပ်ငန်းပေါင်း ၃၉ ခု ချိပ်ပိတ်ခံခဲ့ရပါတယ်။ အဲဒီအထဲမှာ လွှတ်တော်ကိုယ်စားလှယ် ၁၃၆ ဦးရဲ့ နေအိမ်နဲ့ ပိုင်ဆိုင်မှုတွေ ပါဝင်ပါတယ်။

အခုလို လုပ်ဆောင်တာက လူထုထောက်ခံမှုရှိတဲ့ NLD ပါတီကို စစ်ကောင်စီက အမုန်းစိတ်နဲ့ လုပ်နေတာလို့ ရန်ကုန်တိုင်း ဒလမြို့နယ် တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးဘိုဘိုဦးက ဝေဖန်ပါတယ်။

“စကစ ဘက်ကနေ ဒီလိုလုပ်တယ်ဆိုတာက အစကတည်းကိုက အမုန်းနဲ့ လုပ်တာခင်ဗျ။ အစကတည်းက အနီရောင်မြင်ရင်ကို မုန်းနေတယ်။ NLD မြင်ရင်ကို မုန်းနေတာ။ ရွေးကောက်ပွဲမှာလည်း သူတို့ ထောက်ခံတဲ့ လူတွေ တစ်ခါမှမနိုင်ဘူး တကယ်ပြိုင်ပြီ ဆိုလို့ရှိရင်၊ ပြည်သူကလည်း ခါးခါးသီးသီး သူတို့ကို ဆန့်ကျင်တယ်။ ပြည်သူတစ်ရပ်လုံး ကလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အများဆုံး ထောက်ခံခဲ့တယ်။ အဲဒီဟာတွေ ပေါ်မှာ သူတို့ရဲ့ အမုန်းတွေပေါ့ဗျာ။ မနိုင်တဲ့အခါကျတော့ အမုန်းတွေ အမုန်းတွေနဲ့ ဒီကိစ္စတွေ တောက်လျှောက်ဖြစ်နေတယ်လို့ပဲ ကျနော် သုံးသပ်ပါရစေဗျ”

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ နေအိမ်တွေကို ချိပ်ပိတ်တာဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ အပါအဝင် အကြမ်းဖက်အဖွဲ့တွေနဲ့ ဆက်နွှယ်နေတာ ကြောင့် ဥပဒေအရ ချိပ်ပိတ်အရေးယူတာလို့ အရင်က RFA ကို ဖြေဆိုခဲ့ပါတယ်။

ရာဇသတ်ကြီးဥပဒေ၊ ရာဇဝတ်ကျင့်ထုံးဥပေဒ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေတွေမှာ တော့ တရားစွဲခံရပြီး တိမ်းရှောင်နေရသူတွေရဲ့ နေအိမ်နဲ့အဆောက်အအုံတွေကို ချိပ်ပိတ် သိမ်းဆည်းနိုင်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။

mdy house.jpg
၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂ ရက်နေ့က မန္တလေးတိုင်း ပြည်ကြီးတံခွန်မြို့နယ်ရှိ ချိပ်ပိတ်သိမ်းဆည်းခံလိုက်ရသည့် ခရစ်ယာန်မိဘမဲ့ကျောင်းအဆောက်အအုံကို တွေ့ရစဉ်။ (Photo: Citizen Journalist)

ဒါပေမဲ့ အာဏာသိမ်းပြီးနောက် နေအိမ်တွေ ချိပ်ပိတ်ခံရတာက စစ်ကောင်စီကို ဆန့်ကျင်လို့ အရေးယူခံရတာ ဖြစ်ပြီး ဥပဒေကို နိုင်ငံရေးရည်ရွယ်ချက်နဲ့ အသုံးချနေတာလို့ ဥပဒေ ပညာရှင်တစ်ဦးက သုံးသပ်ပါတယ်။

“တစ်ဖက်ကပြောရရင် ပြစ်မှုအရ အရေးယူတယ်လို့ မြင်လို့ရပေမယ့် တစ်ဖက်ကကျ တော့ အကြမ်းဖက်လို့ သူတို့ဘက်ကနေ သတ်မှတ်ကြေညာခံထားရတဲ့ CRPH တို့၊ NUG တို့၊ PDF တို့ နောက်သူတို့နဲ့ ဆန့်ကျင်တိုက်ခိုက်နေတဲ့ EAO တွေကို သာမန်ပြည်သူတွေ က အားပေးကူညီမှု မပြုအောင်၊ ထောက်ပံ့မှု မပြုအောင် ဆက်သွယ်မှု မပြုအောင် တားမြစ်ကန့်သတ်ထိန်းချုပ်တဲ့ သဘောသက်ရောက်နေတဲ့အတွက် ဒါကတော့ နိုင်ငံရေး အရ ဆောင်ရွက်ချက်ဖြစ်တယ်ဆိုတာ ထင်ရှားပါတယ်”

အခုချိပ်ပိတ်ခံရတဲ့ နေအိမ်နဲ့ အဆောက်အအုံတွေဟာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၊ ပြည်သူ့ကာကွယ်ရေး တပ် (PDF) တွေအပြင် ဗုံးပေါက်ကွဲမှု၊ ဆန္ဒပြမှု၊ CDM လှုပ်ရှားမှုတွေနဲ့ ဆက်စပ်တယ်လို့ စွပ်စွဲခံရပြီး ချိပ်ပိတ်သိမ်းယူခံရတာ ဖြစ်ပါတယ်။

ဒီမိုကရေစီနည်းကျ ရွေးကောက်ခံအစိုးရကို ဖြုတ်ချပြီး စစ်တပ်က အာဏာသိမ်းလိုက် တာကိုက လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်ပြီး အခုနေအိမ်တွေ ချိပ်ပိတ်သိမ်းဆည်းနေ တာက လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဆင့်ကဲ၊ ဆင့်ကဲ ကျူးလွန်နေတာလို့ မြန်မာနိုင်ငံ အခြေစိုက် Human Rights Initiative (HRI) အဖွဲ့က ကိုထွန်း က ပြောပါတယ်။

“အခြေခံလူ့အခွင့်အရေးအရ ဥစ္စာပစ္စည်း ပိုင်ဆိုင်ခွင့်ဆိုတာရှိပြီးသား ဥစ္စာပစ္စည်း ပိုင်ဆိုင်ခွင့်ကို ဘယ်လိုအကြောင်းမျိုးနဲ့မှ ဒီလိုမျိုး ချိပ်ပိတ်တာတွေ သိမ်းဆည်းတာတွေ လုံးဝလုပ်ခွင့်မရှိဘူး။ ဒါသူ့ရဲ့ မူလအခွင့်အရေးဖြစ်ပြီးသား။ အဲဒါကိုမှ ဆန္ဒထုတ်ဖော် တယ်တို့ သူတို့ဖိနှိပ်တာကို တွန်းလှန်တယ် ဆန့်ကျင်တယ်တို့ အဲဒီအကြောင်းပြချက် တွေနဲ့ ဒါတွေကို ချိပ်ပိတ်တာသည် လူ့အခွင့်အရေးချိုးဖောက်မှုထဲမှာ ဆင့်ကဲ ဆင့်ကဲ ချိုးဖောက်မှုလို့ပြောလို့ ရပါတယ်”

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပြည်သူ့ခုခံတွန်းလှန်စစ် စတင်ဖို့ ကြေညာခဲ့တဲ့ ၂၀၂၁ ခုနှစ် စက်တင်ဘာ ၇ ရက်နေ့ နောက်ပိုင်းကစလို့ နေအိမ်၊ အဆောက်အအုံ ချိပ်ပိတ် သိမ်းဆည်းမှုတွေကို စစ်ကောင်စီက ပိုလုပ်လာခဲ့တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ တွေက ပြောပါတယ်။

၂၀၂၂ ခုနှစ် နိုဝင်ဘာ ၂ ရက်နေ့က မန္တလေး ပြည်ကြီးတံခွန်မြို့နယ် (စ) ရပ်ကွက်က ခရစ်ယာန် မိဘမဲ့ကလေးငယ်တွေကို စောင့်ရှောက်ထားတဲ့ နေအိမ်တစ်အိမ်ကို စစ်ကောင်စီက ညအချိန်မှာ သံသယနဲ့ ဝင်ရောက်စီးနင်း၊ နေအိမ်ကို ချက်ချင်း ချိပ်ပိတ်ပြီး ကလေးငယ်တွေနဲ့ ဝန်ထမ်းတချို့ကို ညတွင်းချင်း နှင်ထုတ်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။