နိုင်ငံရေးအကျဉ်းသားလွှတ်ပေမယ့် ဖိအားလျော့မည် မဟုတ်

ရဲခေါင်မြင့်မောင် (ဝါရှင်တန်ဒီစီ)
2021-10-18
Share
နိုင်ငံရေးအကျဉ်းသားလွှတ်ပေမယ့် ဖိအားလျော့မည် မဟုတ် အင်းစိန်အကျဉ်းထောင်မှ ပြန်လွတ်လာသူတချို့ကို တွေ့ရစဉ်။
Photo: RFA

အောက်တိုဘာလ ၁၈ ရက်နေ့က အာဏာသိမ်းစစ်ကောင်စီဟာ မြန်မာနိုင်ငံတစ်ဝန်းက အကျဉ်းထောင်၊ အချုပ်ထောင်နဲ့ ရဲစခန်းအသီးသီးမှာ ပြစ်ဒဏ်ချမှတ်ခံရပြီး အကျဉ်းကျခံနေရသူ ၁၃၁၆ ဦးကို လွှတ်ပေးဖို့နဲ့ အမှုရင်ဆိုင်နေရသူ ၄၃၂၀ ကိုလည်း အမှုတွေပိတ်သိမ်းပေးပြီး လွှတ်ပေးဖို့ အမိန့်ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နဲ့အခြားအရှိန်အဝါရှိတဲ့ နိုင်ငံရေးခေါင်းဆောင်တွေ မပါဝင်တဲ့ နိုင်ငံရေး အကျဉ်းသား စုစုပေါင်း ၅၆၃၆ ဦး လွတ်ငြိမ်းချမ်းသာခွင့်ရခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အပတ်က အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အာဆီယံ ထိပ်သီးအစည်းအဝေး တက်ရောက်ခွင့်မပြုဖို့ ဆုံးဖြတ်ချက် ထွက်ပေါ်လာပြီးတဲ့နောက် အခုလို နိုင်ငံရေးရည်ရွယ်ချက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရသူ အမြောက်အမြား ပြန်လွှတ်ပေးလိုက်တာဖြစ်ပါတယ်။

လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေး Human Rights Watch အဖွဲ့က Phil Robertson ကတော့ အာဏာသိမ်းစစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးလိုက်တာဟာ နိုင်ငံတကာရဲ့ ဖိအားပေး ပိတ်ဆို့အရေးယူမှုတွေ အလုပ်ဖြစ်ကြောင်း ပြသလိုက်တာဖြစ်တယ်လို့ ပြောပါတယ်။

PHIL.jpg“အခုလို ဖမ်းဆီးထိန်းသိမ်းထားသူတွေကို ပြန်လွှတ်ပေးလိုက်တာဟာ နိုင်ငံတကာက ဖိအားပေးမှုတွေကြောင့် ဖြစ်ပါတယ်။ အမေရိကန်နဲ့ ဥရောပနိုင်ငံတွေရဲ့ စီးပွားရေး အရ ပိတ်ဆို့အရေးယူမှုတွေကြောင့်ရော မြန်မာစစ်ခေါင်းဆောင်ကို အာဆီယံထိပ်သီးဆွေးနွေးပွဲ တက်ခွင့်မပြုဖို့ အာဆီယံခေါင်းဆောင်တွေရဲ့ ဆုံးဖြတ်ချက်တွေ အားလုံးကြောင့် ဖြစ်ပါတယ်။ ထိထိရောက်ရောက်နဲ့ မှန်မှန်ကန်ကန်လုပ်ဆောင်မယ်ဆိုရင် မြန်မာစစ်ခေါင်းဆောင်တွေဟာ နိုင်ငံတကာဖိအားတွေကို မခံနိုင်ကြောင်း ပြသလိုက်တာဖြစ်ပါတယ်။ မြန်မာ စစ်ခေါင်းဆောင်တွေဟာ အာဆီယံကို သူတို့အပေါ် နိုင်ငံတကာ ဖိအားတွေကနေ အကာအကွယ်ပေးမယ့် အဖွဲ့အစည်းအဖြစ် ရှုမြင်ခဲ့ပါတယ်။ အခုတော့ အာဆီယံကလည်း သူတို့ကို အကာအကွယ် မပေးနိုင်တော့ဘူးဆိုတာ သေချာသွားပါပြီ။ အခု ပြန်လွှတ်ပေးလိုက်တဲ့ အကျဉ်းသားတွေဟာ လွတ်လပ်စွာ ဝေဖန်ပြောဆိုခွင့်နဲ့ ဆန္ဒထုတ်ဖော်ခွင့်လို အခြေခံ အခွင့်အရေးတွေကို ကျင့်သုံးတဲ့အတွက် အပြစ်မရှိဘဲ ဖမ်းဆီးချုပ်နှောင်ခံထားရသူတွေပါ။ သူတို့လုပ်ရပ်တွေဟာ ပြစ်မှုကျူးလွန်တာ မဟုတ်တဲ့အတွက် ဘယ်တုန်းကမှ ဖမ်းဆီးမခံခဲ့ရသင့်ပါဘူး။ အာဏာသိမ်းစစ်ကောင်စီက ဖမ်းဆီးထားတဲ့သူတွေကို ပြန်လွှတ်ပေးလိုက်ပေမယ့်၊ အာဏာသိမ်းပြီးနောက်ပိုင်း လုံခြုံရေးတပ်ဖွဲ့တွေ သတ်ဖြတ်ခံလိုက်ရတဲ့ ပြည်သူတစ်ထောင်ကျော်လောက်နဲ့ သူတို့ရဲ့မိသားစုဝင်တွေအတွက် တရားမျှတမှု ဘယ်ကရမလဲလို့ မေးခွန်းထုတ်သင့်ပါတယ်“

အာဏာသိမ်း စစ်ကောင်စီအနေနဲ့လည်း အခုလို နိုင်ငံရေးအကျဉ်းသားအမြောက်အမြား ပြန်လွှတ်ပေးလိုက်ပေမယ့် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့် အပါအဝင် နိုင်ငံရေးအရ အရှိန်အဝါရှိသူတွေကို မပါတာကို ကြည့်ရင် ဒီမိုကရေစီအရေးလှုပ်ရှားမှုတွေကို ဆက်လက်ပြီး ဟန့်တားဖို့ ရည်ရွယ်ချက်ရှိတာကို ပြသနေတယ်လို့ Phil Robertson က ပြောပါတယ်။

နိုင်ငံတကာအနေနဲ့ အခုလို နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးလိုက်တာကို တိုးတက်မှုတစ်ခုအဖြစ် ကြိုဆိုပြီး ဆက်လက်ဖိအားပေးဖို့ လိုကြောင်း နဲ့ ကျန်နေသေးတဲ့ နိုင်ငံရေး အကျဉ်းသားအားလုံး လွတ်မြောက်ရေး၊ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးနဲ့ ဒီမိုကရေစီပြန်လည်ရရှိရေး ရည်မှန်းချက်တွေ အောင်မြင်တဲ့အထိ ဒဏ်ခတ်ပိတ်ဆို့ဖိအားပေးမှုတွေကို အရင်ကထက်တိုးပြီး ဆက်လုပ်သွားဖို့ လိုတယ်လို့ Phil Robertson က ပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီရဲ့ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ အခုလိုအကျဉ်းသားတွေကို ပြန်လွှတ်ပေးရတာ ပြည်တွင်းပြည်ပ ဖိအားတွေကြောင့် မဟုတ်ဘဲ အရင်ကတည်းက စိစစ်ပြီး လွှတ်ပေးနေတာတွေရှိတယ်လို့ ပြောဆိုထားပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ နိုင်ငံတကာ ဖိအားတွေကို လျှော့ချဖို့ ရည်ရွယ်ချက်နဲ့ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးလိုက်တာ ဖြစ်ပေမယ့်၊ နိုင်ငံတကာ ဖိအားတွေ အမှန်တကယ်လျော့သွားမယ့် အလားအလာမရှိဘူးလို့ အာရှလူ့အခွင့်အရေး ကော်မရှင် AHRC က လူ့အခွင့်အရေးရှေ့နေ ဦးမင်းလွင်ဦးက ပြောပါတယ်။

ဒါ့အပြင် အခု ပြန်လွှတ်ပေးလိုက်တဲ့ နိုင်ငံရေးအကျဉ်းသားတွေထဲမှာ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ အခြားခေါင်းဆောင်တွေ မပါဝင်တဲ့အတွက် မြန်မာ စစ်ခေါင်းဆောင်က အာဆီယံခေါင်းဆောင်တွေကို ပေးထားတဲ့ five point consensus သဘောတူညီချက်ကို ဖြည့်ဆည်းတဲ့ သဘောမသက်ရောက်ဘူးလို့ စင်ကာပူအစိုးရရဲ့ Yusof Ishak အာဆီယံလေ့လာရေး အင်တီကျုက မြန်မာ့အရေးသုတေသီ ဒေါ်မိုးသူဇာက သုံးသပ်ပါတယ်။

d9aa2e82-3dae-4637-8fee-89458a7bc81a.jpeg
င်းစိန်အကျဉ်းထောင်ရှေ့တွင် စောင့်ဆိုင်းနေသည့် မိသားစုဝင်များ။ (Photo: RFA)

အခုလို နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ပေးလိုက်တာကြောင့် အာဏာသိမ်းစစ်ခေါင်းဆောင်ကို အာဆီယံထိပ်သီးအစည်းအဝေး တက်ရောက်ခွင့်မပြုဖို့ ချထားတဲ့ ဆုံးဖြတ်ချက်ကို ပြန်ပြင်ဖို့ ဖြစ်နိုင်ခြေမရှိဘူးလို့ သုံးသပ်ပါတယ်။

နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း AAPP ရဲ့ ထုတ်ပြန်ချက်အရ အောက်တိုဘာ ၁၈ရက် နေ့ ည၇နာရီအချိန်အထိ အာဏာပိုင်တွေရဲ့ ဖမ်းဆီးခံခဲ့ရသူ ၉၀၄၃ ဦး ရှိပြီး၊ ဒီအထဲက ၇၃၅၅ ဦးဟာ ချုပ်နှောင်ခံထားရဆဲဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဖေဖော်ဝါရီလ ၁ရက် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဖေဖော်ဝါရီလ ၁၂ရက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်၊ ဧပြီလလယ် မြန်မာ နှစ်သစ်ကူးအထိမ်းအမှတ် နဲ့ ပြီးခဲ့တဲ့ ဇွန်လတွေမှာ အကျဉ်းသားတွေကို လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွှတ်ပေးခဲ့ပေမယ့်၊ အသစ် ထပ်ပြီး ဖမ်းဆီး ထိန်းသိမ်းမှုတွေကတော့ ရှိနေဆဲဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့