ဒီပဲယင်းမြို့နယ်မှာ ရှစ်လအတွင်း ကျေးရွာ ၃၀ မီးရှို့ခံရ

2022.08.09
ဒီပဲယင်းမြို့နယ်မှာ ရှစ်လအတွင်း ကျေးရွာ ၃၀ မီးရှို့ခံရ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အတွင်းက မူးကမ်းကြီးရွာမှ မီးလောင်းပျက်စီးသွားသည့် နေအိမ်တချို့ကို ၂၀၂၂ ခုနှစ် ဇွန်လ ၁၄ ရက်နေ့က တွေ့ရစဉ်
Photo: ဒီပဲယင်းမြို့နယ်-စစ်ရှောင်-ထောက်ပံ့ရေး

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ နယ်မြေရှင်းလင်းမှုတွေအတွင်း ပြီးခဲ့တဲ့ ဇန်နဝါရီကနေ ဩဂုတ် ၈ ရက်အထိ ရွာပေါင်း ၃၀ က နေအိမ် ၇၀၀ ခန့် မီးရှို့ ခံခဲ့ရပြီး လူပေါင်း ၄၀၀၀ ခန့် အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေနဲ့ ဒုက္ခသည်အရေး အကူအညီ ပေးနေသူတွေက ပြောပါတယ်။

ကျေးရွာတွေ ဆက်လက်မီးရှို့ခံနေရပြီး ဒီလ ၈ ရက်ကဆိုရင် အရာတော်-ရွှေဘို လမ်းပေါ်မှာရှိတဲ့ မူးကမ်းကြီးကျေးရွာ မီးရှို့ခံခဲ့ရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

“လက်ရှိကတော့ အသေးစိတ်မသိရသေးဘူး၊ ကိုင်းကံရွာမကြီးမှာ ရှို့သွားတဲ့ စစ်ကြောင်းပဲ၊ တစ်ကြောင်းတည်းပဲ၊ မနေ့က မနက်ပိုင်းကတည်းက စရှို့တာ၊ မူးကမ်းကြီးလည်း ကုန်သလောက်ပဲရှိနေပြီ၊ ရွာဆိုပေမယ့် သူက မြို့ကြီးလောက်ရှိတယ်။ တော်တော်လည်း ကြီးပါတယ်။ ဆေးရုံ၊ ဆေးခန်း အကုန်အပြည့်အစုံရှိတယ်။ လက်ရှိ ကတော့ ပြည်သူတွေ တိမ်းရှောင်နေရတယ်။ ဓားစာခံတွေလည်း ဖမ်းထားတယ်လို့ သိရတယ်။ လောလောဆယ် တပ်စွဲထားဆဲပါ"

မူးကမ်းကြီးရွာဟာ အိမ်ခြေ ၈၀၀ ကျော်ရှိပြီး အခု ဒုတိယအကြိမ် မီးရှို့ခံရတာပါ။ ပြီးခဲ့တဲ့ ဇွန်လက ပထမအကြိမ်တုန်းက နေအိမ် ၁၆၀ ကျော် မီးလောင်ဆုံးရှုံးခဲ့ရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

မူးကမ်းကြီးကျေးရွာအပါအဝင် ဆူးတပ်၊ ဝပါ၊ မရကန်၊ သရက်တော၊ ပင်စည်၊ မဲအိုး၊ ညောင်လှ စတဲ့ မီးရှို့ခံထားရတဲ့ ကျေးရွာပေါင်း ၃၀ က ဒေသခံ ၄၀၀၀ ခန့်ဟာလည်း လက်ရှိမှာ စားဝတ်နေရေးအခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နေအိမ်တွေ မီးလောင်ဆုံးရှုံးခဲ့ကြရတဲ့ ဒေသခံတွေဟာ အခက်အခဲတွေနဲ့ ရုန်းကန်နေကြ ရတာကြောင့် အကူအညီတွေ လိုအပ်နေတယ်လို့ ဒုက္ခသည်တွေအရေး အကူအညီ ပေးနေတဲ့ ဒီပဲယင်းညီနောင်များအဖွဲ့က အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

“ကျေးရွာပေါင်း ၃၀ က ပြည်သူတွေ နေအိမ် ၇၀၀ လောက် မီးလောင်ဆုံးရှုံးထားပြီ၊ ဒါ ဒီပဲယင်းမြို့နယ်ရဲ့ လတ်တလောအခြေအနေ၊ စစ်ကောင်စီက စစ်ကြောင်းထိုးတိုင်း မီးရှို့ ဖျက်ဆီးခံရတဲ့ ဒီပဲယင်းမြို့နယ်က ကျေးရွာတွေ နေအိမ်စာရင်းပါ၊ နောက်ပိုင်းတော့ ဒီပဲယင်းမြို့နယ် အခြေအနေက တော်တော်ဆိုးဝါးလာတယ်။ ရပ်တည်ဖို့ ခက်လာတယ်။ အထူးသဖြင့် မီးလောင်တဲ့ပြည်သူတွေ စားဝတ်နေရေး ခက်ခဲလာတယ်။ အကူအညီ တွေကတော့ ကြီးကြီးမားမားကိုလိုတယ်။ ဒီနောက်ပိုင်းမှာ ပြည်သူတွေ ကျပ်တည်း လာတော့ သိပ်မလှူနိုင်တော့ဘူး၊ တက်တက်ကြွကြွနဲ့ လှူတာနည်းလာပြီ"

လက်ရှိမှာ အဖွဲ့အစည်းအချို့နဲ့ NUG က အနည်းငယ်ကူညီပေမယ့် မလုံလောက်ဘူးလို့ သူက ပြောပါတယ်။

ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့က လတ်တလောမှာ ရွာပေါင်း ၁၇ ရွာက နေအိမ် ၃၄၆ အိမ်ကို တစ်အိမ်ကို သုံးသောင်းကျပ်စီ ကူညီထားပေမယ့် အကူအညီလိုအပ်ချက်က ကြီးမားနေဆဲပဲလို့လည်း ဆိုပါတယ်။

"ရွာတွေမှာ ဆိုရင် သူတို့ မီးမရှို့ဖူးတဲ့ရွာလို့ မရှိတော့ဘူး"

စစ်ကောင်စီတပ်က ကျေးရွာတွေအပေါ် ပစ်မှတ်ထားတိုက်ခိုက်တဲ့အတွက် ဒေသခံတွေဟာ ကူကယ်ရာမဲ့ အခြေအနေနဲ့ ရင်ဆိုင်နေကြရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒီပဲယင်းမြို့နယ် မရကန်ရွာက ဒေသခံတစ်ဦးက ပြောပါတယ်။

“အဆင်ကတော့ ဘယ်လိုလုပ်ပြေမလဲ၊ အဝတ်အစားလည်းမရှိတော့ဘူး၊ နေစရာလည်း မရှိတော့ဘူး၊ ကျန်တာဆိုလို့ မြေကြီးပဲကျန်တော့တယ်။ စိုက်ပျိုးရမယ့်မျိုးတွေလည်း တချို့ပါသွားလို့ မစိုက်နိုင်ဘဲ လပ်ထားရတာလည်းရှိတယ်။ တချို့မပါတဲ့ အိမ်တွေ ကလည်း မျှတပေးတာတွေရှိတယ်။ ဒီထက်ပိုပြီးတော့ ဆိုးစရာတော့ မရှိတော့ဘူး ထင်တာပဲ၊ စစ်ကောင်စီက လူတွေ့ကို တွေ့ရင် ဖမ်းတယ်။ ပါတဲ့ပစ္စည်းအကုန် သယ်ခိုင်းတယ်။ ပြီးတော့ သတ်ပစ်တယ်။ ဒေသခံတွေ နားကပ်ပါရင် နားကပ် ချွတ်ယူတယ်။ အဲ့လောက်ထိ ဆိုးတယ်။ နေစရာမရှိကြတော့ သစ်ပင်လေးတွေခုတ် မိုးကာတဲထိုးနေကြရတာ၊၊ တစ်နယ်လုံးဖြစ်နေတော့ သူ့မကူနိုင်၊ ကိုယ့်မကူနိုင် ဖြစ်နေတာ“

စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ သူတို့စစ်ကြောင်းတွေက အရပ်သားတွေရဲ့ နေအိမ်တွေကို မီးရှို့တယ်ဆိုတာ စွပ်စွဲချက်တွေသာဖြစ်ပြီး ဘယ်လိုနည်းနဲ့မှ ဒီလိုလုပ်မှာမဟုတ်ဘူးလို့ ယခင်က ပြောဆိုထားပါတယ်။

ဒါပေမဲ့ အခု ဒီပဲယင်းမြို့နယ်မှာ ကျေးရွာတွေ မီးရှို့ခံထားရတဲ့ကိစ္စနဲ့ ပတ်သက်လို့ မေးမြန်းဖို့ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။

depeyin-fire
၂၀၂၂ ခုနှစ်၊ ဧပြီလ ၁၉ ရက်နေ့က မီးရှို့ဖျက်ဆီးခံရသည့် စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် မဲအိုးကျေးရွာက နေအိမ်များကို တွေ့ရစဉ် (Photo: ဒီပဲယင်းမြို့နယ် - facebook)

ဒေသကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့လည်း လက်နက်အင်အား မမျှတာကြောင့် စစ်ကောင်စီတပ်ရဲ့ လုပ်ရပ်တွေကို ဟန့်တားနိုင်ခြင်းမရှိဘဲ ပြန်လှန်ခုခံရုံသာ တုံ့ပြန် နိုင်တယ်လို့ ဒီပဲယင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

“ဒီဘက်မှာ လက်နက်ကြီးတွေပေါတယ်ထင်ပြီး လာနေတာလို့ ယူဆတယ်။ စစ်ကောင်စီ ကတော့ အရက်စက်ဆုံးတွေပဲ လုပ်နေတာ၊ ရွာလုံးကျွတ် မီးရှို့တာတို့၊ ရဟတ်ယာဉ်နဲ့ လာပြီး တရစပ်ပစ်ခတ်တာတွေတို့၊ ဒါတွေပဲ သူတို့ဆက်တိုက်လုပ်နေတာ၊ အခြေအနေ ကတော့ ပိုဆိုးတာပေါ့၊ ပြည်သူတွေ ဒုက္ခရောက်တာပေါ့၊ ရွာတွေမှာ ဆိုရင် သူတို့ မီးမရှို့ဖူးတဲ့ရွာလို့ မရှိတော့ဘူး၊ သူတို့ဒီလို ပိုရှို့လေ ပိုတော်လှန်လေပဲ"

ဒီပဲယင်းမြို့နယ်မှာ ပြီးခဲ့တဲ့တစ်ပတ်အတွင်း စစ်ကောင်စီတပ်က စစ်ရဟတ်ယာဉ် နှစ်ကြိမ် အသုံးပြုတိုက်ခိုက်ခဲ့ပြီး ပြည်သူတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လွတ်လပ်တဲ့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Data For Myanmar အဖွဲ့ရဲ့ ထုတ်ပြန်ချက် တွေအရ အာဏာသိမ်းချိန်ကနေ အခု မေလ ၃၁ ရက်နေ့အထိ နိုင်ငံတစ်ဝန်း နေအိမ် တစ်သောင်းကိုးထောင်နီးပါး မီးရှို့ဖျက်ဆီးခံခဲ့ရပြီး အဲ့ဒီထဲမှာ စစ်ကိုင်းတိုင်းက နေအိမ် တစ်သောင်းလေးထောင်နီးပါးနဲ့ အများဆုံးဖြစ်နေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။