အိမ်သုံးဂက်စ်စျေးတွေ အဆမတန်မြင့်တက်ပြီး ပစ္စည်းပြတ်လပ်နေ

RFA Burmese
2024.07.29
အိမ်သုံးဂက်စ်စျေးတွေ အဆမတန်မြင့်တက်ပြီး ပစ္စည်းပြတ်လပ်နေ ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ ဂက်စ်အရောင်းဆိုင်အချို့ကို ၂၀၂၄ ခုနှစ် ဇူလိုင်လ ၂၂ ရက်နေ့က တွေ့ရစဥ်။
Photo: RFA

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် လျှပ်စစ်မီး ပုံမှန်မရတာကြောင့် နေအိမ်တွေ၊ စားသောက်ဆိုင်တွေ အားထားအသုံးပြုနေတဲ့ မီးဖိုချောင်သုံး LPG ဓာတ်ငွေ့စျေးနှုန်းတွေ အဆမတန်မြင့်တက်နေပါတယ်။

စစ်ကောင်စီက စစ်တပ်အသိုင်းအဝိုင်းနဲ့ နီးစပ်သူတချို့ကိုသာ LPG ဓာတ်ငွေ့ တင်သွင်းခွင့်ပေးထားတာကြောင့် စျေးကွက်လက်ဝါးကြီးအုပ်ခံထားရပြီး စျေးကွက်မှာ အခုလို ပစ္စည်းပြတ်တာ၊ စျေးအဆမတန်တက်တာတွေ ကြုံနေရတာလို့ ဂက်စ်အရောင်းစျေးကွက်အသိုင်းအဝိုင်းက ပြောပါတယ်။

ရန်ကုန်မြို့က ဂက်စ်အရောင်းကုမ္ပဏီတစ်ခုရဲ့ မန်နေဂျာတစ်ဦးကလည်း စစ်ကောင်စီရဲ့ ဒေါ်လာကန့်သတ်ချက်နဲ့ သွင်းကုန်လိုင်စင်တွေ တင်းကျပ်ထားတာကြောင့် အခုလို အခက်အခဲကြုံနေရတာလို့ ပြောပါတယ်။

“ဆိပ်ကမ်းတစ်ခုထဲကို လက်ဝါးကြီးအုပ်ထားတဲ့ကိစ္စ၊ ဒေါ်လာစျေးတွေတက်ပြီး သွင်းကုန်လိုင်စင်ကို နီးစပ်ရာချထားပေးတဲ့ ကိစ္စနှစ်ခုကြောင့် ဂက်စ်စျေးတွေက နှစ်တိုင်းတက်နေတာပါ။ လက်ဝါးကြီးလည်း မအုပ်ဘူး၊ သွင်းကုန်လိုင်စင်လည်း ကန့်သတ်မထားဘူးဆိုရင် လက်ရှိပေးနေရတဲ့စျေးထက် လေးဆယ်ရာခိုင်နှုန်းလောက်အထိ ကျသွားနိုင်ပါတယ်”

ကာယကံရှင်ရဲ့ လုံခြုံရေးအရ နာမည်တွေကို ဖော်ပြမထားတာဖြစ်ပါတယ်။

“တစ်နိုင်ငံလုံးကို ဖြန့်ဖြူးပေးတာဖြစ်ပေမဲ့ ဆိပ်ကမ်းရှိရာ ရန်ကုန်မြို့မှာတောင် မကြာခဏဆိုသလို ပစ္စည်းပြတ်လပ်နေပါတယ်”

ဂက်စ်ဖြန့်ပေးနေတဲ့ ကုမ္ပဏီတွေဘက်ကလည်း အရင်ကဆို ဂက်စ်အိုးအကြီး ငါးလုံးခန့်ရတဲ့နေရာမှာ အခုခွဲတမ်းအရ နှစ်လုံးခန့်ပဲ ရတဲ့ဆိုင်တွေရှိသလို လုံးဝခွဲတမ်းမရတဲ့ဆိုင်တွေလည်း ရှိတာကြောင့် ဆိုင်တချို့ ပိတ်လိုက်ရတဲ့အထိ ကြုံနေရတယ်လို့ ဆိုပါတယ်။

အရောင်းဆိုင်တွေကို ကုမ္ပဏီတွေဘက်က ဂက်စ်ဖြန့်ဖြူးပေးတဲ့နှုန်း နည်းသွားတာကြောင့် အိမ်သုံး၊ ဆိုင်သုံး ဂက်စ်လို့ခေါ်တဲ့ ရေနံဓာတ်ငွေ့ရည် LPG or LP gas (liquid petroleum gas) စျေးနှုန်းတွေ အဆမတန်မြင့်တက်နေပြီး ဆိုင်အများစု ပစ္စည်းပြတ်နေတာလို့ ရန်ကုန်က ဂက်စ်အရောင်းဆိုင်ပိုင်ရှင်တစ်ဦးဖြစ်တဲ့ ဦးနိုင်ဦးက ပြောပါတယ်။

“စျေးတက်ရတဲ့ အဓိကအကြောင်းအရင်းကတော့ ပစ္စည်းမချနိုင်တာ နံပါတ် တစ်အချက်၊ စိုးရိမ်ပူပန်မှုတွေနဲ့လိုက်ပြီး သိုလှောင်ကြတယ်၊ ဒါကနံပါတ်နှစ်၊ ကုမ္ပဏီချစျေးရှိတယ်။ ကုမ္ပဏီက မချနိုင်တော့ ဆိုင်လည်းမပိတ်ချင်တော့ ရတဲ့စျေးနဲ့လိုက်ဝယ်ပြီး ရောင်းရတော့ ဝယ်တဲ့စျေးအပေါ်မှာပဲ ရာခိုင်နှုန်းတင်ပြီး ပြန်ရောင်းနေကြရလို့ပါ”

ပြည်ပကတင်ပို့တဲ့ LPG ဓာတ်ငွေ့တွေကို ရန်ကုန်ဆိပ်ကမ်းကတစ်ဆင့် တစ်နိုင်ငံလုံးကို ဖြန့်ဖြူးပေးတာဖြစ်ပေမဲ့ ဆိပ်ကမ်းရှိရာ ရန်ကုန်မြို့မှာတောင် မကြာခဏဆိုသလို ပစ္စည်းပြတ်လပ်နေပါတယ်။

အိမ်သုံး၊ ဆိုင်သုံး ဂက်စ်တွေဖြန့်ဝေနေတဲ့ EFF-Eco Friendly Fuel ကုမ္ပဏီ (Eco Friendly Fuel (EFF)-Elite Petrochemical Co., Ltd) က တာဝန်ရှိသူတစ်ဦးကတော့ စျေးကွက်ထဲမှာ ပစ္စည်းပြတ်လပ်နေတဲ့ အခြေအနေကို လိုက်စစ်ဆေးမယ်လို့ ဇူလိုင် ၂၆ နေ့က RFA ကို ပြောပါတယ်။

“လွန်ခဲ့တဲ့တစ်ပတ် ကြာသပတေးနေ့လောက်ကတည်းက အကုန်လုံးပြန်ဖြန့်ပြီးပါပြီ။ ဒါပေမဲ့လေ စျေးကွက်ထဲမှာ ပြန်ပြတ်နေတာ၊ အခုမှ ပြန်လိုက်စစ်ရမဲ့ အနေအထားဖြစ်နေတာပေါ့နော်”

လက်ရှိ ဂက်စ်စျေးကွက်အခြေအနေနဲ့ အရောင်းဆိုင်တွေကို ဘယ်လိုခွဲတမ်းနဲ့ ဖြန့်ဝေပေးနေတယ်ဆိုတာ RFA က မေးမြန်းပေမဲ့ EFF-Eco Friendly Fuel ကုမ္ပဏီဘက်က ထုတ်မပြောသွားပါဘူး။

“အိမ်သုံးဂက်စ်စျေးကွက်မှာ စျေးနှုန်းတစ်ပြေးညီမရှိဘဲ မျိုးစုံဖြစ်နေပါတယ်”

မြန်မာနိုင်ငံထဲကို ဆိပ်ကမ်းကတစ်ဆင့် တင်သွင်းတာရှိသလို ထိုင်းကနေ အိမ်သုံးဂက်စ်တချို့ တရားမဝင် တင်သွင်းတာရှိပေမဲ့ အာဏာသိမ်းပြီးနောက် နယ်စပ်မတည်ငြိမ်တာအပြင် ရေကြီးရေလျှံတာတွေကြောင့်လည်း တင်သွင်းဖို့ ခက်ခဲနေတာဖြစ်ပါတယ်။


ဆက်နွှယ်သောသတင်းများ

အိမ်သုံးဂတ်စ်တွေ ပြတ်တောက်သွားလို့ အရောင်းဆိုင်တွေ ပိတ်ထားရ

စစ်ကောင်စီရဲ့ ရေလမ်းကြောင်းကုန်သွယ်ရေး စနစ်သစ်ကို ကုန်သည်တွေ ဝေဖန်

နယ်စပ်ကုန်သွယ်ရေး ရပ်ဆိုင်းမှုကြောင့် ကုန်သည်တွေ အခက်ကြုံနေ


ကရင်ပြည်နယ်၊ မွန်ပြည်နယ်ဘက်မှာ ရေတွေကြီးပြီး လမ်းတွေပါ ပြတ်တောက်နေတာကြောင့် ထိုင်းဘက်ကလာတဲ့ ဂက်စ်တွေ ပစ္စည်းအဝင်မရှိဘူးလို့လည်း ရန်ကုန်မြို့က ဂက်စ်အရောင်းဆိုင်တွေက ပြောပါတယ်‌။

ဂက်စ်စျေးတွေက အမြဲတက်ပြီး ပစ္စည်းတွေလည်း ပြတ်နေတာကြောင့် ဘတ်ဂျက်အရ မီးသွေးပဲ သုံးတော့တယ်လို့ ရန်ကုန်မြို့က အိမ်ထောင်ဦးစီးတစ်ဦးဖြစ်တဲ့ ကိုဒေါင်က ပြောပါတယ်။

“ပြီးခဲ့တဲ့နှစ်က တစ်ပိဿာကို ၃၇၀၀ ကနေ လေးထောင်ပဲရှိတယ်။ အဲဒီကနေ သိပ်မကြာဘူး။ ရှစ်ထောင်လောက် ခုန်တက်သွားတယ် တစ်ပိဿာကို။ အခုဆိုရင် တစ်သောင်းကျော်သွားပြီ။ တစ်သောင်းကျော်နဲ့ ဝယ်ဖြည့်မယ်ဆိုရင်တောင် ဂက်စ်ဆိုင်တွေမှာ ဖြည့်လို့မရတော့ဘူး။ အဲဒီလို ဂက်စ်မရတော့ မီးသွေးနဲ့ပဲပေါ့”

RFA က မြို့နယ်တော်တော်များများမှာ စုံစမ်းမေးမြန်းချက်တွေအရ လက်ရှိအိမ်သုံးဂက်စ်စျေးကွက်မှာ စျေးနှုန်းတစ်ပြေးညီမရှိဘဲ တစ်ပိဿာကို ကျပ် ၁၂,၀၀၀ ကနေ ကျပ် နှစ်သောင်းခန့်အထိ အသီးသီးရှိနေတာကို တွေ့ရပါတယ်။

အိမ်သုံးဂက်စ် အသုံးပြုနေသည့် ဆိုင်ရှင်တစ်ဦးကို ၂၀၂၄ ခုနှစ် ဇူလိုင်လ ၂၂ ရက်နေ့က တွေ့ရစဥ်။ (Photo: RFA)
အိမ်သုံးဂက်စ် အသုံးပြုနေသည့် ဆိုင်ရှင်တစ်ဦးကို ၂၀၂၄ ခုနှစ် ဇူလိုင်လ ၂၂ ရက်နေ့က တွေ့ရစဥ်။ (Photo: RFA)

ဒီအခြေအနေနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ စွမ်းအင်ဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးမင်းမင်းဦးကို RFA က ဆက်သွယ်မေးမြန်းပေမဲ့ အဖြေမရခဲ့ပါဘူး။

“ကျွန်တော်တို့ သတင်းပြန်ကြားရေးက Viber Group ဖွဲ့ထားတာ ရှိပါတယ်။ ဗိုလ်ချုပ် ဇော်မင်းထွန်းတို့ ပါတဲ့အဖွဲ့ပါ။ အဲဒီဂရုထဲမှာ မေးလိုက်ပါ။ မေးတဲ့အခါ ဒီဘက်က သက်ဆိုင်ရာဌာနကနေ ပေါင်းစပ်ပြီး ဖြေကြားပေးပါမယ်”

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ပေမဲ့ ဖုန်းမဖြေပါဘူး။

လျှပ်စစ်မီး အစားထိုးသုံးနေတဲ့ဂက်စ်ကို လူတိုင်းသုံးနိုင်အောင် စီစဥ်ပေးသင့်တယ်လို့ ရန်ကုန်မြို့ခံ ကိုဒေါင်က ပြောပါတယ်။

“ဂက်စ်က အခုအရမ်းကြီးစျေးမြောက်ပြီး ကြီးလွန်းနေတဲ့အခါကျတော့ ဘယ်လိုမှ အဆင်မပြေဘူး။ စျေးကို သက်သက်သာသာလေးနဲ့ရနိုင်ရင်တော့ ကျွန်တော်တို့ တစ်ဖက်တစ်လမ်းကနေပြီး ကျွန်တော်တို့ဘဝအတွက် အချို့လိုအပ်တဲ့နေရာမှာ သုံးရမဲ့အရာလေးတွေ သက်သာတာပေါ့”

စစ်ကောင်စီဘက်က ထိန်းချုပ်ထားတဲ့ တင်သွင်းခွင့်လိုင်စင်တွေ လျှော့ချပေးပြီး ကုမ္ပဏီတွေဘက်ကလည်း ဂက်စ်ဆိုင်တွေကို လိုအပ်သလောက် ဖြန့်ဖြူးပေးနိုင်ဖို့ ဂက်စ်အရောင်းဆိုင် လုပ်ငန်းရှင်တွေနဲ့ အသုံးပြုနေသူတွေက မျှော်လင့်နေကြပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
စစ်ခေါင်းဆောင်တွေကို ဖမ်းဝရမ်းထုတ်နိုင်ရေး ကူညီကြဖို့ IIMM တိုက်တွန်း
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။