ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်မှု ဆုံးရှုံးမှုကြီးမားကြောင်း နိုင်ငံရေးအသိုင်းအဝိုင်းပြော
2024.10.07
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီအဖွဲ့ဝင်နဲ့ ပါတီရဲ့ဒုတိယဥက္ကဋ္ဌ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်ဟာ အောက်တိုဘာလ ၇ ရက်နေ့မနက် ၃ နာရီမှာ သွေးကင်ဆာရောဂါနဲ့ ကွယ်လွန်သွားပါတယ်။
ရုပ်အလောင်းကိုတော့ မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်က ဖခင်ဖြစ်သူနေအိမ်ဆီ ပို့ဆောင်ထားပြီး မနက်ဖြန် စက်တင်ဘာလ ၈ ရက်၊ တောင်အင်းမြောက်အင်းသုသာန်မှာ သင်္ဂြိုဟ်မှာပါ။
ဒေါက်တာ ဇော်မြင့်မောင်ဟာ စစ်တပ်အာဏာသိမ်းကတည်းက ဖမ်းဆီးခံခဲ့ရပြီး ပုဒ်မ - ၅၀၅ (ခ)၊ သဘာ၀ဘေးအန္တရာယ် တားဆီးကာကွယ်ရေး ပုဒ်မ၊ အဂတိလိုက်စားမှု ဥပဒေပုဒ်မ၊ ပုဒ်မ ၃၀ တို့နဲ့ တရားစွဲဆိုခံခဲ့ရပြီး ထောင် ၂၉ နှစ် ချမှတ်ခံခဲ့ရသူ ဖြစ်ပါတယ်။
အကျဉ်းထောင်ထဲမှာ ရောဂါပိုဆိုးလာတာကြောင့် မန္တလေးဆေးရုံကြီးကို ပြောင်းရွှေ့ပြီး ဆေးကုသမှု ခံရယူခဲ့ရသူလည်း ဖြစ်ပါတယ်။
ထောင်ထဲမှာ ကောင်းမွန်တဲ့ ဆေးဝါကုသမှုမရတာကြောင့် အချိန်မတိုင်ခင် သေဆုံးရတာလို့ မန္တလေးသပိတ် ခေါင်းဆောင် ဒေါက်တာ တေဇာစန်းက RFA ကိုပြောပါတယ်။
"ဒီလိုပုဂ္ဂိုလ်ကြီးတစ်ယောက်၊ ဒီလို ကင်ဆာဝေဒနာသည်တစ်ယောက်ကို အတင်းအဓမ္မ ဖမ်းဆီးတယ်။ ပုဒ်ထီး၊ ပုဒ်မမျိုးစုံနဲ့ နှစ်ရှည် ထောင်ဒဏ်တွေချတယ်။ ထောင်တွင်းမှာလည်း နေရေးထိုင်ရေးကအစဗျာ၊ ဘယ်လိုမှ အဆင်မပြေနိုင်ဘူး။ အဆိုးဆုံးကဗျာ ကျန်းမာရေးမကောင်းတဲ့ ဆရာဇော်၊ အသက် ၇၀ ရှိတဲ့ ဆရာဇော်ကို လုံလောက်တဲ့ ဆေးကုသမှု ကျန်းမာရေးစောင့်ရှောက်မှုတွေ လုံး၀မပေးခဲ့ဘူး။ အခု ဒါပြောရရင် ဆရာဇော့်ကို စစ်အာဏာရှင်က သတ်လိုက်တာပဲဗျ။ စစ်အာဏာရူးတွေကြောင့် အချိန်မတိုင်ခင်မှာ မဆုံးပါးသင့်လည်း ဆုံးပါးတယ်လို့ ခံယူပါတယ်"
ဒေါက်တာ ဇော်မြင့်မောင်ကို ၁၉၅၁ ခုနှစ်မှာ မန္တလေးမြို့မှာပဲ မွေးဖွားခဲ့ပါတယ်။ မန္တလေးမြို့ စိန့်ပီတာကျောင်းမှာ အထက်တန်းအောင်မြင်ခဲ့သလို ၁၉၇၉ ခုနှစ်မှာ မန္တလေးဆေးတက္ကသိုလ်ကနေ ဆရာဝန်ဘွဲ့ကို ရရှိခဲ့ပါတယ်။
၁၉၈၃ ခုနှစ်ကနေ ၁၉၈၈ ခုနှစ်အထိ မန္တလေးတက္ကသိုလ်မှာ ဇီဝဓာတု ရုပ်ပြဆရာအဖြစ် လုပ်ကိုင်ခဲ့ပါတယ်။
သူဟာ လူငယ်တွေနဲ့ နီးနီးကပ်ကပ်နေခဲ့သူလို့ ဒေါက်တာ ဇော်မြင့်မောင်ရဲ့ မိတ်ဆွေဖြစ်သူ နိုင်ငံရေး အကျဉ်းသားဟောင်း ဦးမျိုးမြင့်ငြိမ်းက RFA ကို ပြောပါတယ်။
"ဆရာဇော်က ဆေးတက္ကသိုလ်မှာလည်း ဆရာတစ်ယောက်ဖြစ်တာကိုးနော်။ သူက ကျောင်းသားတွေနဲ့လည်း အင်မတန်မှ အလွမ်းသင့်တာပေါ့နော်။ လူငယ်တွေနဲ့ ပေါင်းလို့သင်းလို့ အင်မတန်ကောင်းတယ်။ သူ့ကို လူငယ်တွေက ချစ်ခင်ကြတယ်။ လေးစားကြတယ်။ ချစ်ကြတယ်ပေါ့နော်။ အားလုံးနဲ့ ပေါင်းသင်းဆက်ဆံရေး ကောင်းတယ်ပေါ့နော်။ ပြဿနာတွေဖြစ်လာရင်လည်း သူက ဦးဆောင်ဖြေရှင်းနိုင်တဲ့ နေရာမှာရှိတဲ့သူ တစ်ယောက်ပါ။ ဒါကြောင့်မို့လည်း လွှတ်တော်ကိုယ်စားလှယ်တစ်ယောက် ဖြစ်တယ်။ ဝန်ကြီးချုပ်တစ်ယောက် ဖြစ်တယ်ပေါ့ဗျာ။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့အဓိက ဦးဆောင်တဲ့နေရာမှာ ပါခဲ့သူတစ်ယောက်လည်း ဖြစ်တယ်ပေါ့ဗျာ။ သူ့ရဲ့ အရည်အချင်းတွေက ပြောမယ်ဆိုအများကြီး ပြောလို့မလုံလောက်ပါဘူး။ တိုင်းသူပြည်သားတွေက သိပါတယ်"
ဒေါက်တာ ဇော်မြင့်မောင်ဟာ ၁၉၈၈ ခုနှစ် အရေးတော်ပုံမှာ ပါဝင်ခဲ့သလို NLD ပါတီ ဖွဲ့စည်းချိန်မှာလည်း ပါဝင်ခဲ့ပါတယ်။
၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ NLD ပါတီရဲ့ မန္တလေးတိုင်း အမရပူရ မဲဆန္ဒနယ် လွှတ်တော်အမတ် ဖြစ်လာခဲ့ပါတယ်။
ဒါပေမဲ့ နဝတအစိုးရက ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို လက်မခံခဲ့ဘဲ နိုင်ငံရေးသမားအများအပြားကို ဖမ်းဆီးခဲ့ချိန် ဒေါက်တာ ဇော်မြင့်မောင်လည်း အဖမ်းခံခဲ့ရပါတယ်။
အဲဒီနောက် ထောင် ၂၅ နှစ်ချမှတ်ခံရပြီး ၂၀၀၉ ခုနှစ်မှာ မြစ်ကြီးနားထောင်ကနေ ပြန်လွတ်လာခဲ့ပါတယ်။
၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှာ ကျောက်ပန်းတောင်းမြို့နယ်ကနေ ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့သလို ၂၀၁၅ ရွေးကောက်ပွဲမှာလည်း အမရပူရမြို့နယ်ကနေ ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့ပါတယ်။
သူဟာ မြို့အတွက် စွမ်းနိုင်သမျှ လုပ်ခဲ့သူဖြစ်ပြီး သူကွယ်လွန်သွားတာ မန္တလေးမြို့လူထုအတွက် အကြီးမားဆုံး ဆူံရှုံးမှုဖြစ်တယ်လို့ မန္တလေးမြို့ခံ စာပေသမားတစ်ဦးက RFA ကိုပြောပါတယ်။
"ဒေါက်တာ ဇော်မြင့်မောင်ကလေ NLD ပါတီရဲ့ အားထားရတဲ့ နိုင်ငံရေးသမားကောင်း ဖြစ်ခဲ့သလို မန္တလေးမြို့ကို အခြားမြို့ကလူတွေ အားကျလောက်အောင် ထူးထူးထွေထွေ ဆောင်ရွက်ပေးခဲ့တဲ့ မန်းတိုင်းဝန်ကြီးချုပ်တစ်ယောက် ဖြစ်ခဲ့ပါတယ်။ ကင်ဆာရောဂါဝေဒနာ ခံစားနေရတဲ့ကြားထဲမှာပဲ ဝန်ကြီးချုပ်တာဝန်ကို မငြီးမငြူ ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။ သူကွယ်လွန်သွားခြင်းဟာ မန္တလေးမြို့လူထုအတွက် အကြီးအကျယ်ဆုံး ဆုံးရှုံးမှုဖြစ်တယ်လို့ ပြောလို့ရပါတယ်"
၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းချိန်က ဒေါ်အောင်ဆန်းစုကြည် အပါအဝင် NLD ထိပ်ပိုင်းခေါင်းဆောင် အများအပြား ဖမ်းဆီးခံခဲ့ရပြီး ဦးဉာဏ်ဝင်းနဲ့ မုံရွာအောင်ရှင်တို့လို ပါတီအမာခံ ခေါင်းဆောင်တွေ ကွယ်လွန်ခဲ့ရပါတယ်။
"သူကွယ်လွန်သွားခြင်းဟာ မန္တလေးမြို့လူထုအတွက် အကြီးအကျယ်ဆုံး ဆုံးရှုံးမှုဖြစ်တယ်လို့ ပြောလို့ရပါတယ်"
အခု ပါတီရဲ့ဒုတိယဥက္ကဋ္ဌပါ ကွယ်လွန်သွားတဲ့အတွက် ပါတီအတွက်ရော နောက်မျိုးဆက်သစ်တွေအတွက်ပါ စိန်ခေါ်မှု ဖြစ်လာနိုင်တယ်လို့ အလုံမြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ကိုအောင်ပြည့်က RFA ကို ပြောပါတယ်။
"အခက်အခဲ အကျပ်အတည်းတွေနဲ့ ရုန်းကန်နေရတဲ့ကာလမှာ ကျွန်တော်တို့ရဲ့ခေါင်းဆောင်တွေ ဖမ်းဆီး ထိန်းသိမ်းခံရတယ်။ ကြွေလွင့်သွားတဲ့ ခေါင်းဆောင်တွေလည်း ရှိကြတယ်ပေါ့နော်။ ဆရာဦးဉာဏ်ဝင်းတို့၊ ဆရာဇော်တို့ဆိုတာ ထိပ်တန်းခေါင်းဆောင်တွေ။ အဖမ်းခံရတဲ့အချိန်၊ ကျဆုံးသွားတဲ့အချိန်မှာ ကျန်ခဲ့တဲ့ ရဲဘော်တွေကလည်း ဖမ်းဆီးထိန်းသိမ်းခံနေရဆဲဖြစ်တယ်ပေါ့နော်။ အဲဒီအချိန်မျိုးမှာ စီနီယာခေါင်းဆောင်တွေရဲ့နေရာမှာ ဝင်ယူနေတဲ့ ဂျူနီယာ ခေါင်းဆောင်တွေရဲ့စွမ်းဆောင်ရည်ကို စောင့်ကြည့်ရမဲ့အခြေအနေ အားကိုးရမဲ့ အခြေအနေ ဖြစ်တယ်။ တစ်ဖက်ကကြည့်ရင် ကြီးမားတဲ့ ဆုံးရှုံးမှုဖြစ်တယ်။ တစ်ဖက်ကကြည့်ရင် နောင်မျိုးဆက်တွေအတွက် စိန်ခေါ်မှု ကြီးကြီးမားမား တစ်ခုဖြစ်တယ်ပေါ့နော်။ ဆရာဇော်လိုလူမျိုးတွေ ပေါ်ပေါက်လာဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်"
ဒေါက်တာ ဇော်မြင့်မောင်ဟာ ကွယ်လွန်ချိန်မှာ ဇနီးနဲ့ သားသမီး သုံးယောက် ကျန်ခဲ့ပါတယ်။
စစ်ကောင်စီကတော့ သူမကွယ်လွန်ခင် အချိန်ပိုင်းမှပဲ လွတ်ငြိမ်းခွင့်ပေးခဲ့တာလို့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမဲ့ ဒီအပေါ် စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ဖုန်းလက်ခံမဖြေဆိုပါဘူး။
ဒေါက်တာ ဇော်မြင့်မောင်ရဲ့ နာရေးကို စစ်ကောင်စီရဲ့ မန္တလေးတိုင်းဝန်ကြီးချုပ် ဦးမျိုးအောင်နဲ့အဖွဲ့ သွားရောက်ခဲ့တယ်လို့ စစ်ကောင်စီဝါဒဖြန့်မီဒီယာတွေမှာ ဖော်ပြထားပါတယ်။
ဆက်နွှယ်သောသတင်းများ
ဒေါက်တာ ဇော်မြင့်မောင် လုံလောက်တဲ့ဆေးကုသခွင့် မရခဲ့ကြောင်း NUG နဲ့ EU ပြော
အကျဥ်းကျ NLD ထိပ်ပိုင်းခေါင်းဆောင်တွေ နှစ်ထပ်ကွမ်း ဖိနှိပ်ခံနေရ
NLD ပါတီအပေါ် စစ်ကောင်စီရဲ့ ပစ်မှတ်ထားဖိနှိပ်မှုများ
မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂရုံးက မြန်မာ့နိုင်ငံရေးမှာ သုံးကြိမ်တိုင်ရွေးကောက်ခံခဲ့ရတဲ့ ဒေါက်တာ ဇော်မြင့်မောင် ကွယ်လွန်မှုအပေါ် မိသားစုနဲ့ထပ်တူ ဝမ်းနည်းကြောင်း ဒီနေ့ထုတ်ပြန်ပါတယ်။
နှစ်ပေါင်းများစွာ လုံလောက်တဲ့ ဆေးကုသမှုမရခဲ့သလို သေဆုံးချိန်နီးမှ လွတ်ငြိမ်းသက်သာခွင့်ပေးခဲ့တာဟာ စစ်မှန်တဲ့ သနားကြင်နာမှုမဟုတ်ဘူးလို့လည်း ဖော်ပြပါတယ်။
ငြိမ်းချမ်းရေးနဲ့ သင့်မြတ်ရေးတို့အတွက် မတရားဖမ်းဆီးခံရသူတွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့နဲ့ ဒီမိုကရေစီ လမ်းကြောင်းပေါ်ကို ပြန်လည်ရောက်ရှိဖို့ တောင်းဆိုတယ်လို့လည်း ဥရောပသမဂ္ဂရဲ့ ထုတ်ပြန်ချက်မှာ တောင်းဆိုထားပါတယ်။
မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ကလည်း စစ်ကောင်စီဟာ ၂၀၂၄ ခုနှစ်မှာ အကျဉ်းထောင်အတွင်း ဆေးဝါးပို့ဆောင်ခွင့် ကန့်သတ်လိုက်တာကြောင့် ဆေးဝါးကုသခွင့်မရဘဲ နိုင်ငံရေးအကျဉ်းသားတွေ သေဆုံးနေရတာလို့ ဒီနေ့ထုတ်ပြန်ထားပါတယ်။
ထောင်တွင်းဆေးဝါးကုသခွင့် လုံလောက်မှုမရတာကြောင့် ၂၀၂၃ ခုနှစ်အတွင်း နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူ ၁၃ ဦး သေဆုံးခဲ့ရပြီး ၂၀၂၄ ခုနှစ်မှာ ၁၂ ဦး သေဆုံးခဲ့ရတယ်လို့ PPNM ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။