NUG ကို ကူညီတဲ့ EAO တွေကို စစ်ကောင်စီ အပြတ်ချေမှုန်းနိုင်မလား
2023.03.30
NUG နဲ့ PDF တွေကို ကူညီတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကို ပြတ်ပြတ်သားသားချေမှုန်းမယ်လို့ စစ်ကောင်စီခေါင်းဆောင်က ပြောလိုက်ပေမယ့် တိုင်းရင်းသားအဖွဲ့တွေက လွန်ခဲ့တဲ့ နှစ်ပေါင်း ၇ဝ က စဖြစ်နေတဲ့ ပြည်တွင်းစစ်ပွဲအခြေအနေကို ပြန်ကြည့်ဖို့ ပြောလိုက်ပါတယ်။ တစ်ဆက်တည်း စစ်ကောင်စီပြုလုပ်မယ်ဆိုတဲ့ ငြိမ်းချမ်းရေးညီလာခံဆိုတာ အချိန်ဆွဲဖို့ သက်သက်သာ ဖြစ်တယ်လို့လည်း ပြောပါတယ်။
၂၀၂၃ ခုနှစ် တပ်မတော်နေ့မှာ စစ်ကောင်စီခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ပြောဆိုချက်ကို တိုင်းရင်းသားအဖွဲ့တွေက ပြတ်ပြတ်သားသား တုံ့ပြန်ပါတယ်။
“နှစ်ပေါင်း ၇ဝ ကျော်တုန်းကတောင် ကျွန်တော်တို့ကို နိုင်အောင်မတိုက်နိုင်ဘဲနဲ့ ဒီနေ့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ လူထုလှုပ်ရှားမှုကြီးပါလာတဲ့ တော်လှန်ရေးကို အမြစ်ဖြတ်မယ်ဆိုတာတော့ စိတ်ကူးယဉ်တာပဲလို့ ပြောချင်တယ်"
ကရင်အမျိုးသားအစည်းအရုံး KNU အဖွဲ့ တွဲဖက်အတွင်းရေးမှူး- ၁ ဖဒိုစောဆဲဘွယ်က
“ သူအရင်တုန်းကတည်းက ဒီလိုခဏခဏပြောနေတာပဲ။ ဘာမှမထူးခြားပါဘူး။ အာဏာသိမ်းပြီးတုန်းကလည်း ဒီလိုပဲပြောတာပဲ၊ကျွန်တော်တို့အတွက် ဘာမှထူးမသွားပါဘူး”
ဒါဆို ငြိမ်းချမ်းရေးညီလာခံ ကျင်းပမယ်ဆိုတာနဲ့ ပတ်သက်လို့ရော ဘယ်လိုမြင်ပါသလဲ။
“ငြိမ်းချမ်းရေးညီလာခံကတော့ သူက တရားဝင်အာဏာရယူထားတဲ့သူမှ မဟုတ်ဘဲ။ သူလုပ်တဲ့ ညီလာခံဆိုတာ တရားမဝင်ညီလာခံပဲ ဖြစ်မှာပဲလေ”
ကရင်နီတိုးတက်ရေးပါတီ KNPP တွဲဖက်အတွင်းရေးမှူး -၂ ဦးအောင်ဆန်းမြင့်ကတော့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် စိတ်ကူးယဉ်နေတယ်လို့ ပြောပါတယ်။
“ ကျွန်တော်တို့ EAO တွေက နှစ်ပေါင်း ၇ဝ ကျော်ကတည်းက အမျိုးသားတန်းတူညီမျှရေး၊ တရားမျှတရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရေးအတွက် တိုက်ပွဲဝင်လာတာ၊ အရင်တုန်းက နှစ်ပေါင်း ၇ဝ ကျော်တုန်းကတောင် ကျွန်တော်တို့ကို နိုင်အောင်မတိုက်နိုင်ဘဲနဲ့ ဒီနေ့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ လူထုလှုပ်ရှားမှုကြီးပါလာတဲ့ တော်လှန်ရေးကို အမြစ်ဖြတ်မယ်ဆိုတာတော့ စိတ်ကူးယဉ်တာပဲလို့ ပြောချင်တယ်နော့်"

တစ်ဆက်တည်း တိုင်းရင်းသား ခုနစ်ဖွဲ့နဲ့ပြုလုပ်မယ်ဆိုတဲ့ ငြိမ်းချမ်းရေးညီလာခံနဲ့ပတ်သက်ပြီး ....
“ ၂ဝဝ၈ ကို အခြေခံပြီးလုပ်တဲ့ ဘယ်ညီလာခံမဆို ကျွန်တော်တို့ တိုင်းရင်းသားတွေလိုချင်တဲ့ တန်းတူညီမျှရေးနဲ့ တရားမျှတခွင့်ဆိုတာကို လုံးဝရမှာ မဟုတ်ဘူးဆိုတာ အားလုံးသိဖို့ လိုပါတယ်”
ငြိမ်းချမ်းရေးညီလာခံလုပ်မယ့် ကိစ္စကို ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီဥက္ကဋ္ဌ ခွန်မြင့်ထွန်းကတော့ အချိန်ဆွဲနေတာလို့ ပြောပါတယ်။
“ စစ်အာဏာရှင်သက်တမ်းကို ဆွဲဆန့်ဖို့ပဲလို့ မြင်ပါတယ်။ ဒီလိုမျိုး လုပ်ခဲ့တာ နဝတ၊ နအဖ လက်ထက်တုန်းက ၁၉၉၃ အမျိုးသား ညီလာခံကို ကျင်းပပါတယ်။ အဲဒီတုန်းက ၁၉၉ဝ ရွေးကောက်ပွဲရလဒ်ကြီး အထင်အရှားရှိနေပါရက်နဲ့ အာဏာမလွှဲချင်တဲ့အခါမှာ အမျိုးသားညီလာခံကို ကျင်းပတာပဲဖြစ်ပါတယ်။ အခုလည်း ဒီသဘောပါပဲ။ နောက်တစ်ခုက PDF တွေကို ကူညီသူတွေကို အရေးယူမယ်ဆိုတာက သူ့ရဲ့စိုးရိမ်မှုကို ပြနေတာပါ”
ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီဥက္ကဋ္ဌ ခွန်မြင့်ထွန်း ပြောသွားတာပါ။

KIO ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကတော့ ဗဟိုကော်မတီက ဆုံးဖြတ်ချက်ချထားခြင်း မရှိသေးတာမို့ မှတ်ချက်ပေးဖို့ ငြင်းဆိုပြီး ချင်းအမျိုးသားတပ်ဦး CNF ကိုတော့ အဆက်အသွယ်လုပ်လို့ မရပါဘူး။