စစ်အာဏာသိမ်း နှစ်နှစ်အတွင်း ပညာရေးကဏ္ဍ ဆိုးဆိုးရွားရွားထိခိုက်

RFA Burmese
2023.03.03
Share on WhatsApp
Share on WhatsApp
စစ်အာဏာသိမ်း နှစ်နှစ်အတွင်း ပညာရေးကဏ္ဍ ဆိုးဆိုးရွားရွားထိခိုက် ရန်ကုန်မြို့ လသာမြို့နယ်မှ အထက်တန်းကျောင်းရှေ့မြင်ကွင်းအား ၂၀၂၂ ခုနှစ် ဇွန်လ ၂ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

အခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုသူ အရေအတွက်ဟာ အာဏာ မသိမ်းခင်ကထက် ၈၀ ရာ ခိုင်နှုန်းကျော် ကျဆင်းသွားတာကြောင့် စစ်တပ်အာဏာသိမ်း ထားတဲ့ နှစ်နှစ်အတွင်း ပညာရေးကဏ္ဍ ဆိုးဆိုးရွားရွား ထိခိုက်ပျက်စီးလာတယ်လို့ ကျောင်းသားမိဘတွေ၊ ဆရာဆရာမတွေနဲ့ ပညာရေးဆိုင်ရာ ကျွမ်းကျင်သူတွေက ပြောပါတယ်။

စစ်ကောင်စီအဖွဲ့ ဒေတာအချက်အလက် ကောက်ယူရေးဌာနရဲ့ စာရင်းအရ အခု ၂၀၂၂ - ၂၀၂၃ စာသင်နှစ်မှာ တက္ကသိုလ်ဝင်တန်းလို့ခေါ်တဲ့ ၁၀ တန်း စာမေးပွဲဝင်ရောက်ဖြေဆိုသူ ၁၇၉, ၇၄၂ ဦးသာ ရှိပါတယ်။

NLD အစိုးရလက်ထက် ပညာရေးဝန်ကြီးဌာန စာရင်းတွေအရ စစ်တပ်အာဏာမသိမ်းခင် ၂၀၁၈ - ၂၀၁၉ ပညာသင်နှစ်မှာ ဖြေဆိုသူ ၈၅၁,၅၂၄ ဦးနဲ့ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်မှာ ဝင်ရောက်ဖြေဆိုသူ ၉၇၀, ၇၅၉ ဦး ရှိခဲ့ပါတယ်။

"ကျောင်းသူ၊ ကျောင်းသားတွေကတော့ သူတို့ရဲ့ ကျောင်းတွေမှာတက်ပြီးဖြေတဲ့ ကျောင်းသားတွေ မရှိသလောက်ဖြစ်သွားပြီ”

အခု ၂၀၂၂-၂၀၂၃ စာသင်နှစ်မှာ ဝင်ရောက်ဖြေဆိုသူ အရေအတွက်ကို အာဏာမသိမ်းခင် ၂၀၁၉ - ၂၀၂၀ စာသင်နှစ်နဲ့ နှိုင်းယှဉ်ကြည့်ရင် ဖြေဆိုသူအရေအတွက် ၁၈ ရာခိုင်နှုန်းကျော် သာ ရှိပါတယ်။

အာဏာသိမ်းပြီးနောက် လုံခြုံရေးကိစ္စကိုသာ အပြည့်အဝ အာရုံစိုက်နေတာကြောင့် စစ်ကောင်စီရဲ့ ပညာရေး စနစ်အပေါ် ပြည်သူလူထုက မယုံကြည်တော့ဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ CDM ဆရာမတစ်ဦးက ပြောပါတယ်။

“ပြည်သူတွေက သူတို့ရဲ့ ပညာရေးစနစ်ကို အယုံအကြည် မရှိတော့တာပေါ့။ ပြီးတော့ အခုဆိုလို့ရှိရင် အွန်လိုင်းဖက်ဒရယ်ကျောင်းတွေ၊ မြေပြင်ကျောင်းတွေပေါ်လာတဲ့ အချိန်မှာ ကလေးတွေအနေနဲ့လည်း ဘယ်အရာက သူတို့အတွက် ပိုမိုကောင်းမွန်လဲ၊ ဘယ်အရာက အသိပညာ အတက်ပညာတွေ ပေးနိုင်သလဲဆိုတာကို တွေးခေါ်လာနိုင် တဲ့အခြေအနေမှာတော့ စကစရဲ့ကျောင်းတွေမှာ တက္ကသိုလ်ဝင် စာမေးပွဲဖြေမယ့် သူတွေဟာ နည်းသည်ထက် နည်းလာတာလို့ မြင်ပါတယ်”

စစ်တပ်အာဏာသိမ်းပြီး တစ်နှစ်အကြာ ၂၀၂၁-၂၀၂၂ စာသင်နှစ်မှာ ဝင်ရောက်ဖြေဆိုသူ ၃၁၂, ၂၉၉ ဦး ရှိခဲ့ပါတယ်။

အခု ၂၀၂၂ - ၂၀၂၃ စာသင်နှစ်မှာ ဖြေဆိုသူ တစ်သိန်းရှစ်သောင်း နီးပါးသာရှိတာကြောင့် စစ်အာဏာသိမ်း နှစ်နှစ်အတွင်း ၁၀ တန်း စာမေးပွဲ ဝင်ရောက်ဖြေဆိုသူ တစ်နှစ်ပြီးတစ်နှစ် သိသိသာသာ ကျဆင်းလာတာ တွေ့ရပါတယ်။

ဒါဟာ စစ်ကောင်စီလက်အောက်က စာသင်ကျောင်းတွေကို စွန့်ခွာပြီး အမျိုးသား ညီညွတ်ရေးအစိုးရရဲ့ ဖက်ဒရယ်ကျောင်းတွေမှာ တက်ရောက်သူ ပိုများလာတာကြောင့် ဖြစ်တယ်လို့ NUG ရဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပညာရေးပူးပေါင်းဆောင်ရွက်မှု ကွန်ရက် (FDECN) ကော်မတီဝင် ဦးကျော်ရဲလွင်က ပြောပါတယ်။

“တချို့ တိုင်းနဲ့ တချို့ဒေသ တော်တော်များများမှာ စစ်ဇုန်တွေဖြစ်နေတဲ့အတွက် စာမေးပွဲတွေလည်း မကျင်းပနိုင်တော့သလို ဖြေတဲ့ကျောင်းသားတွေလည်း မရှိတော့ဘူး။ နောက်တစ်ခုက NUG က မြေပြင်မှာ သူ့ပညာရေးယန္တရားလည်း ပိုအားကောင်းလာတဲ့ အနေအထား ဖြစ်လာပြီ။ တစ်ဆက်တည်းမှာပဲ အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေး ဝန်ကြီးဌာနက ကျင်းပပြုလုပ်တဲ့ အခြေခံပညာ ပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ် ခြင်း စာမေးပွဲကိုလည်း ပြည်သူ့ပညာရေးမှာ ပါဝင်နေတဲ့ ကျောင်းသားတွေရော၊ အပြင်က ကျောင်းသားတွေရော ဝင်ဖြေဖို့ ကြိုးစားနေတယ်။ ဒီအချက်တွေကြောင့် လျော့နည်းသွားတာပါ”

အခြေခံပညာ ဆရာ၊ ဆရာမတွေ၊ တက္ကသိုလ်နဲ့ ကောလိပ်ပေါင်းစုံက ဆရာ၊ ဆရာမတွေ အပါအဝင် နိုင်ငံတစ်ဝန်းက ပညာရေးဝန်ထမ်းတွေဟာ စစ်အာဏာသိမ်းမှုကို အစောဆုံးနဲ့ အားအကောင်းဆုံး ဆန့်ကျင်သူတွေဖြစ်ပါတယ်။

ပညာရေးဝန်ထမ်းတွေ သိန်းနဲ့ချီပြီး အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာ ပါဝင်နေတာ ကလည်း စစ်ကောင်စီလက်အောက်မှာ ပညာရေးကဏ္ဍ ဆိုးဆိုးရွားရွား ထိခိုက်ပျက်စီး စေတဲ့ အကြောင်းရင်း တစ်ခုဖြစ်တယ်လို့ ပညာရေးဆိုင်ရာ ကျွမ်းကျင်သူတွေက ပြောပါတယ်။

လက်ရှိအခြေနေမှာ တခြားရွေးချယ်စရာမရှိတဲ့အခါ လက်ရှိပြန်ဖွင့်နေတဲ့ စစ်ကောင်စီ အုပ်ချုပ်ရေးအောက်က ကျောင်းတွေကိုပဲ သားသမီးတွေကို ပြန်ပို့လိုက်ရတယ်လို့ ရခိုင်ပြည်နယ် စစ်တွေမြို့က ကျောင်းသားမိဘ တစ်ဦးက ပြောပါတယ်။

“စစ်ကောင်စီက ကျောင်းဖွင့်တဲ့အချိန်မှာ ကလေးတွေကလည်း စာသင်ကျောင်းနဲ့ နှစ်နှစ်လောက် ဝေးနေတဲ့အချိန်မှာ ကျောင်းပြန်တက်ရမယ်ဆိုတော့ ဘာပဲဖြစ်ဖြစ် သားသမီးရဲ့ ပညာရေးကို အချိန်အကြာကြီး နောက်မဆုတ်စေချင်တော့ဘူး။ ကျောင်းဖွင့်တဲ့ အချိန်မှာတော့ ကျောင်းထားလိုက်တယ်။ သူတို့ သင်ကြားရေးကို အားမရရင်လည်း ထားရမှာပဲ။ အားရရင်လည်း ထားရမှာပဲ။ ဒါက ကျနော်တို့မှာ ရွေးချယ်လို့ မရဘူး။ ကျောင်းဖွင့်ပြီဆို ထားရတာပဲ။ တခြားကျောင်းသားမိဘတွေလည်း သူတို့ကလေးတွေကို ထားရတာပဲ။ ဒါတစ်ခုပဲရှိလို့ ဒါတစ်ခုပဲ ထားရတာပေါ့”

လက်ရှိ ပြည်တွင်းမှာ အခြေခံပညာ စာသင်ကျောင်းတွေ ပြန်ဖွင့်ထားပေမယ့် ဆရာ၊ ဆရာမ မလုံလောက်တာကြောင့် အဆင်ပြေသလို အချင်းချင်းညှိုနှိုင်းပြီးသာ သင်ပေးနေရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အထက်တန်းပြ ကျောင်းဆရာတစ်ဦးက RFA ကို ပြောပါတယ်။

“စာသင်ချိန်က တစ်နေ့ကို ရှစ်ချိန်ရှိတယ်။ အရင်တုန်းက တစ်နေ့ကို နှစ်ချိန်၊ သုံးချိန် လောက် နားရတယ်။ အဲဒီနားတဲ့ အချိန်မှာ သင်ခန်းစာ ကြိုတင်ပြင်ဆင်ရတယ်။ နောက် တစ်တန်း ဝင်ရတော့မယ်ဆိုရင် အဲဒီအတန်းရဲ့ စာကိုကြည့်၊ ဒီအတန်းပြီးရင် နောက်ထပ် ဝင်မယ့် အတန်းအတွက် စာတွေကြိုကြည့်လို့ရတယ်။ အခုက အချိန်အတော်နည်းသွား တယ်။ တစ်နေ့မှာမှ တစ်ချိန်၊ နှစ်ချိန်လောက်ပဲ နားရတော့တယ်။ တောက်လျောက် ဝင်ရတယ်။ မွန်းမံသင်တန်း နှစ်ရက်လောက်နဲ့လည်း စာပြန်သင်ဖို့ ဝမ်းစာမပြည့်ဘူး။ အများကြီး မသိဘူး။ ဆရာ၊ ဆရာမ အချင်းချင်း ညှိနှိုင်းပြီး သင်ကြမယ်ဆိုပြီး လုပ်လာရတယ်”

စစ်ကောင်စီလက်အောက်မှာ တာဝန်ဆက်မထမ်းချင်တာကြောင့် ထွက်စာလည်း မတင်၊ ကျောင်းကိုလည်း မလာဘဲ ကင်းကွာပုံစံ နေထိုင်တဲ့ မူလတန်း၊ အလယ်တန်းနဲ့ အထက်တန်းပြ ဆရာ၊ ဆရာမတွေ အခုနှစ်ထဲမှာ ပိုများလာတယ်လို့လည်း ပညာရေး အသိုက်အဝန်းက ပြောပါတယ်။

စစ်ကောင်စီကတော့ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်မှာ နိုင်ငံတစ်ဝန်းက အခြေခံပညာ ကျောင်းသား ၇ ဒသမ၂၃ သန်းကျော် ကျောင်းအပ်နှံထားတယ်လို့ စစ်ကောင်စီရဲ့ ပညာရေးဝန်ကြီး ဒေါက်တာ ညွှန့်ဖေက ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၃၀ ရက် နေပြည်တော် မှာလုပ်တဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ ပြောပါတယ်။

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ဆိုရင် အခြေခံပညာ ကျောင်းသားဦးရေဟာ ၁၂ သန်း ရှိတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာများအဖွဲ့ချုပ်က ၂၀၂၂ ခုနှစ်၊ မေလက RFA ကို ပြောပါတယ်။

ဒီအရေအတွက်အရဆိုရင် နိုင်ငံတစ်ဝန်းက ကျောင်းသူ၊ ကျောင်းသား ငါးသန်းခန့် စစ်ကောင်စီရဲ့ စာသင်ကျောင်းတွေကို မတက်ရောက်တာ တွေ့ရပါတယ်။

အာဏာသိမ်းပြီးနောက် ပဋိပက္ခတွေ ပြင်းထန်နေတဲ့ စစ်ကိုင်းနဲ့ မကွေးတိုင်းမှာတော့ လူထုအခြေပြု ပညာရေးကျောင်းတွေမှာ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုဖို့ ကိုယ်ပိုင် ပြဌာန်းတဲ့စနစ်နဲ့ သင်ကြားပေးနေတယ်လို့ မကွေးတိုင်း လူထုအခြေပြုစာသင်ကျောင်း တစ်ကျောင်းက ကျောင်းဆရာတစ်ဦးက RFA ကို ပြောပါတယ်။

“ဒီဘက်ဒေသ (စစ်ကိုင်း၊ မကွေး) မှာ လုပ်နေတဲ့ ပညာရေးစနစ်ကတော့ ဖက်ဒရယ် သွားတာ ဖြစ်တဲ့အတွက် ကျောင်းတွေမှာက သင်ရိုးဆိုလည်း ကိုယ်ပိုင်သင်ရိုးနဲ့ လုပ်လို့ရတယ်။ နောက်ပြီး ကျနော်တို့ စာမေးပွဲစစ်တဲ့ ကိစ္စ၊ အတန်းတင်တဲ့ စနစ်တွေကလည်း ကိုယ့်ကျောင်းနဲ့ ကိုယ်၊ ကိုယ့်မူနဲ့ကိုယ် ရပ်တည်လို့ရတယ်။ ဒါတွေကတော့ လွတ်လွတ်လပ်လပ်ရှိတယ်။ စာမေးပွဲစစ်တဲ့ ဒီဇိုင်းကလည်း မျိုးစုံရှိတယ်။ မကွေးဘက်အခြမ်းတွေမှာဆို NUG အသိအမှတ်ပြုတဲ့ ကျောင်းတွေပေါတယ်။ ကျောင်းသူ၊ ကျောင်းသားတွေကတော့ သူတို့ရဲ့ ကျောင်းတွေမှာတက်ပြီး ဖြေတဲ့ ကျောင်းသားတွေ မရှိသလောက်ဖြစ်သွားပြီ”

ပြည်သူကိုအခြေပြုတဲ့ အစိုးရကိုပဲ လိုလားတာကြောင့် လူထုအခြေပြု စာသင်ကျောင်းမှာပဲ သားသမီးတွေကို ကျောင်းအပ်ထားတယ်လို့ မကွေးတိုင်း၊ ရေစကြိုမြို့နယ်က ကျောင်းသား မိဘတစ်ဦးက RFA ကို ပြောပါတယ်။

“စကစကဖွင့်တဲ့ ကျောင်းနဲ့ အခုပြည်သူ့အခြေပြု ကျောင်းတွေနဲ့ ဘာတွေကွာလဲ ဆိုတော့ ကျနော်တို့ ဒီဘက်ကတော့ ပြည်သူ့အခြေပြုကျောင်းဆိုတော့ ပြည်သူတွေကို မျက်နာမူတယ်။ ကျောင်းသားတွေကိုလည်း သေသေချာချာ သင်ကြားပေးတယ်။ ကျောင်းသားတွေ လိုအပ်ချက်ရှိနေရင်၊ တကယ်လို့ အရည်အချင်း မပြည့်မီဘူးဆိုရင် ဆရာ၊ ဆရာမတွေက အိမ်ကိုခေါ်ပြီးတော့ ပြန်ရှင်းပြပေးတယ်။ ကျနော်တို့က ပြည်သူကို အခြေပြုတဲ့ အစိုးရတစ်ရပ်ကိုပဲ လိုလားတာကြောင့် ပြည်သူအခြေပြုတဲ့ ပညာရေးကျောင်းတွေကိုပဲ ယုံကြည်တယ်”

၂ဝ၂၂ ခုနှစ် ဇူလိုင်လက စစ်ကိုင်းတိုင်း ကနီမြို့နယ်တွင် NUG ကြားကာလ ပညာရေးစနစ်နှင့် စာမေးပွဲဖြေဆိုနေစဉ်။ (Photo: Citizen Journalist)
၂ဝ၂၂ ခုနှစ် ဇူလိုင်လက စစ်ကိုင်းတိုင်း ကနီမြို့နယ်တွင် NUG ကြားကာလ ပညာရေးစနစ်နှင့် စာမေးပွဲဖြေဆိုနေစဉ်။ (Photo: Citizen Journalist)

ဒီလိုအခြေအနေအတွင်းမှာပဲ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ကြားကာလ ပညာရေးစနစ်ကို အကောင်အထည်ဖော်နေပြီး ၁၀ တန်း စာမေးပွဲဖြေဆိုသူဦးရေ ကိုးသောင်း ဝန်းကျင်ရှိတယ်လို့ NUG ရဲ့ ပညာရေးနဲ့ ကျန်းမာရေးဝန်ကြီး ဒေါက်တာ ဇော်ဝေစိုးက ပြောပါတယ်။

NUG အနေနဲ့ အခုထက်ပိုပြီး တစ်နိုင်ငံလုံးလွှမ်းခြုံနိုင်တဲ့ ကြားကာလ ပညာသင်ကြားရေး စနစ် ဖြစ်လာအောင် ကြိုးစားနေတယ်လို့ ဒေါက်တာ ဇော်ဝေစိုးက RFA ကို ပြောပါတယ်။

“ကျနော်တို့ ထိန်းချုပ်ဒေသတွေရှိတယ်။ အဲဒီဒေသတွေမှာ မြေပြင်မှာ စာမေးပွဲတွေ ဖြေနိုင်အောင် လုပ်ပေးတယ်။ ကျနော်တို့ မထိန်းချုပ်နိုင်တဲ့ ဒေသတွေမှာဆိုရင် အွန်လိုင်းနဲ့ ဖြေလို့ရအောင်၊ ဒစ်ဂျစ်တယ်စနစ်နဲ့ ဖြေလို့ရအောင်လုပ်တယ်။ အွန်လိုင်းရော၊ မြေပြင်ရော၊ ဒစ်ဂျစ်တယ်ရော လက်လှမ်းမမီတဲ့ ဒေသတွေမှာလည်း ကျနော်တို့ ကြိုးစားပြီးတော့ စီစဉ်ဆောင်ရွက်နေတာရှိတယ်။ မြန်မာပြည်အနှံ့ ရနိုင်အောင် နိုင်ငံတကာအကူအညီနဲ့ အင်တာနက်ရဖို့ ပြင်ဆင်နေတာရှိပါတယ်”

NUG ရဲ့ ၂၀၂၂ ခုနှစ်အတွင်း ထုတ်ပြန်ချက်တွေအရ စစ်တပ်အာဏာသိမ်းပြီးနောက် ပညာရေးဝန်ထမ်း နှစ်သိန်းခွဲကျော်ဟာ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်နေကြပါတယ်။

စစ်ကောင်စီဥက္ကဋ္ဌကတော့ အာဏာသိမ်းထားတဲ့ နှစ်နှစ်အတွင်း တိုင်းပြည်ရဲ့ စီးပွားရေး၊ ကျန်းမာရေနဲ့ ပညာရေးကဏ္ဍတွေကို ပုံမှန်ဖြစ်အောင် ကြိုးစားနေပေမယ့် နိုင်ငံတစ်ဝန်း လက်နက်ကိုင် ခုခံတိုက်ခိုက်မှုတွေက လျော့မသွားဘဲ ပိုတိုးလာနေတယ်လို့ ဝန်ကြီးဌာန စုံညီအစည်းအဝေးတွေမှာ မကြာခဏ ထုတ်ပြောထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။