စစ်ကောင်စီ ရွေးကောက်ပွဲ တစ်နှစ်ကျော်အတွင်း ဖြစ်လာမလား
2023.09.15
စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၉ ရက်နေ့ က သူ့ရဲ့ ရှမ်းပြည်နယ် ခရီးစဉ်အတွင်း စီးပွားရေးလုပ်ငန်းရှင်တွေနဲ့တွေ့ဆုံရာမှာ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာမှာ ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ပြီးမှ ရွေးကောက်ပွဲကို အစောဆုံးလုပ်မယ်လို့ ပြောဆိုခဲ့ပါတယ်။
ဒီအခြေအနေကို တွက်ကြည့်ရင် ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူပြီး လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ပြုစုထုတ်ပြန်မှုဟာ ၂၀၂၅ ထဲမှာပဲ ဖြစ်လာမှာပါ။ အဲဒါပြီးရင်တော့ ရွေးကောက်ပွဲအတွက် မဲစာရင်းပြုစုဖို့ ဆက်လက်လုပ်ရဦးမှာဖြစ်ပါတယ်။ ဒါ့ကြောင့် ရွေးကောက်ပွဲဟာ လာမယ့်တစ်နှစ်ကျော်ကာလ အတွင်းမှာ ဖြစ်လာဖို့ မသေချာသေးဘူးလို့ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူတွေနဲ့ နိုင်ငံရေးလေ့လာ သုံးသပ်သူတွေက RFA ကို ပြောပါတယ်။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရွေးကောက်ပွဲလေ့လာသုံးသပ်သူတစ်ဦးကတော့ သန်းခေါင်စာရင်း ကောက်ယူဖို့ ပြောတာဟာ အကြောင်းပြချက်ဖြစ်ပြီး နိုင်ငံရေး ထွက်ပေါက်ရှာဖို့ အချိန်ယူနေတာလို့ RFA ကို ပြောပါတယ်။
“ရွေးကောက်ပွဲ တကယ်လုပ်မယ်၊ မလုပ်ဘူးဆိုတာ နိုင်ငံရေးကိစ္စဖြစ်တယ်။ သန်းခေါင်စာရင်းဆိုတာ တကယ်တော့ အကြောင်းပြချက်တစ်ခုအနေနဲ့ပဲ သုံးတာလို့ ကျွန်တော်က မြင်တယ်။ သန်းခေါင်စာရင်းနဲ့ တိုက်ရိုက်မဆိုင်ဘဲ နိုင်ငံရေးထွက်ပေါက် ကို ဘယ်အချိန်မှာ ရှာလို့ရနိုင်မလဲ၊ မရနိုင်ဘူးလဲဆိုတာကို ဖော်ပြချက်သာဖြစ်တယ်။ သန်းခေါင်စာရင်းကောက်တာ ပြီးချင်း၊ မပြီးချင်းမို့လို့ ရွေးကောက်ပွဲ နောက်ဆုတ် သွားတာ မဟုတ်ဘဲနဲ့ တကယ်တမ်း ရွေးကောက်ပွဲကို နောက်ဆုတ်သွားတာသည် ရွေးကောက်ပွဲလုပ်နိုင်တဲ့ အခြေအနေမျိုးမရှိလို့”
သန်းခေါင်စာရင်းရဲ့ လူဦးရေ အချက်အလက်နဲ့ ရွေးကောက်ပွဲကျင်းပလို့မရဘဲ နောက်ထပ် အသက် ၁၈ နှစ် အထက် လူဦးရေဆိုင်ရာ အသေးစိတ်အချက်အလက်ပါတဲ့ မဲစာရင်း ကောက်ယူရဦးမှာဖြစ်ပါတယ်။ ဒါ့ကြောင့် တစ်နှစ်ကျော်ကာလအတွင်း ရွေးကောက်ပွဲ ဖြစ်လာမှာ မဟုတ်သေးဘူးလို့ သူက ပြောပါတယ်။
"ကျွန်တော်တို့တော်လှန်ရေးအင်အားစုတွေ အားကောင်းမောင်းသန် ရှိနေသရွေ့တော့ စစ်ကောင်စီက အတုအယောင် ရွေးကောက်ပွဲကို လွယ်လွယ်ကူကူတော့ လုပ်နိုင်မှာ မဟုတ်ဘူး"
စစ်ကောင်စီရဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှာ မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီ တချို့တော့ ရွေးကောက်ပွဲဟာ ၂၀၂၅ ခုနှစ်အတွင်း ဖြစ်လာနိုင်တယ်လို့ပြောသလို တချို့က တော့ ခန့်မှန်းလို့ မရနိုင်သေးဘူးလို့လည်း RFA ကို ပြောကြပါတယ်။
ပြည်သူ့ရှေ့ဆောင်ပါတီရဲ့ အထွေထွေအတွင်းရေးမှူးချုပ် ဒေါက်တာမျိုးဆက်သွေးကတော့ ၂၀၂၅ မှာ ရွေးကောက် ပွဲ ဖြစ်လာနိုင်တယ်လို့ သုံးသပ်ပါတယ်။
“ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ပြောကြားချက်အပေါ် မူတည်ပြီးတော့ ကျွန်တော် တို့က တွက်ဆတာပေါ့လေ။ သေချာတာကတော့ ရွေးကောက်ပွဲဖြစ်စဉ်က မဖြစ်မနေကို ပြန်သွားရမှာ။ ရွေးကောက်ပွဲက မလုပ်လို့ မရဘူး။ အဲဒီတော့ ရွေးကောက်ပွဲဟာ ၂၀၂၅ မှာ ဖြစ်ကိုဖြစ်ရမယ်လို့ ကျွန်တော်တို့ကတော့ ယူဆပါတယ်။ အဲဒီအချိန်ဆိုလို့ရှိရင် မဲစာရင်းတွေကလည်း တော်တော်လေးကို တိတိကျကျ အဆင်သင့် ဖြစ်ပြီ။ တစ်နိုင်ငံလုံး အတိုင်းအတာ မဟုတ်ရင်တောင်မှ လက်ခံနိုင်လောက်တဲ့ နိုင်ငံတကာ ကရော၊ ပြည်တွင်းက ပြည်သူတွေကရော တစ်ရာ ရာခိုင်နှုန်းမဟုတ်ရင်တောင် လက်ခံ ပေးလို့ ရလောက်တဲ့ လွှတ်တော် အမတ်ဦးရေကို ရွေးကောက်ပွဲ လုပ်နိုင်မယ်လို့တော့ ထင်ပါတယ်”
ရှမ်းနဲ့ တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ စိုင်းအိုက်ပေါင်းကတော့ ရွေးကောက်ပွဲ ကျင်းပမယ့် အချိန်ကာလကို အတိအကျမပြောနိုင်သေးဘူးလို့ ပြောပါတယ်။
“၂၀၂၄ ဇန်နဝါရီ ၃၁ ရက်ဆိုရင် ခြောက်လနှစ်ကြိမ် သက်တမ်းတိုးတာ ပြီးသွားပြီလေ။ အခြေခံဥပဒေ ပုဒ်မ ၄၂၇ အရကျတော့ ကာလုံဘက်ကို ပြန်ပြီးတော့ အာဏာပြန်ရောက် သွားပြီ။ သမ္မတ (ယာယီသမ္မတ) က ဘယ်လို လုပ်မလဲ ဆိုတာ သူ့အပေါ်မူတည်တာပေါ့။ လက်ရှိအစိုးရ (စစ်ကောင်စီ) ကိုပဲ တာဝန်ပေးမလား။ နောက်ထပ် အသစ်ပြန်ခန့် မလား သူ့အပေါ်မှာပဲမူ တည်တယ်။ ၂၀၂၄ က ရွေးကောက်ပွဲဖြစ်နိုင်ခြေနည်းတယ်။ ၂၀၂၅ ကတော့ ဖြစ်မယ်လို့ မျှော်လင့်ရတာပေါ့”
ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအကျပ်အတည်းတွေကို ဖြေရှင်းနိုင်မယ်လို့လည်း သူက ပြောပါတယ်။
တစ်ချိန်တည်းမှာပဲ စစ်ကောင်စီရဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဟာ အီလက်ထရွန်နစ်မဲပေးတဲ့ စနစ် (Myanmar Electronic Voting Machine (MEVM) အတွက် စစ်ကောင်စီရဲ့ ဝန်ကြီးဌာနတွေကို အသိပေး ရှင်းလင်းတာတွေ ဆက်တိုက် လုပ်ဆောင်နေသလို ရုရှားဖက်ဒရေးရှင်း ဗဟိုရွေးကောက်ပွဲကော်မရှင်နဲ့လည်း နှစ်နိုင်ငံ အကြား ရွေးကောက်ပွဲပူးပေါင်းဆောင်ရွက်ဖို့ စက်တင်ဘာလ ၇ ရက်က သဘောတူ လိုက်ပါတယ်။
သဘောတူညီမှုဆိုင်ရာ အသေးစိတ်အချက်အလက်တွေကိုတော့ စစ်ကောင်စီရဲ့ သတင်းစာတွေထဲ ဖော်ပြ ထားတာ မရှိပေမယ့် ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူတွေ ကတော့ ရုရှားဘက်ကနေ မဲပေးစနစ် Electronic Voting အတွက် နည်းပညာ အကူအညီ တောင်းတာဖြစ်နိုင်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရွေးကောက်ပွဲလေ့လာ စောင့်ကြည့်သူတစ်ဦးက ပြောပါတယ်။
“အီလက်ထရွန်နစ်မဲပေးစနစ်ကို ကျင့်သုံးဖို့ကြိုးစားနေတယ်ဆိုတော့ ရုရှားကလည်း သူ့ရဲ့ ရွေးကောက်ပွဲတွေမှာ အီလက်ထရွန်နစ် မဲပေးစနစ်ကို ၂၀၂၀ မှာ ဥပဒေပြုတယ်။ ၂၀၂၁ မှာစပြီးတော့ ရုရှား လွှတ်တော်တွေရဲ့ ရွေးကောက်ပွဲမှာ စတင်ပြီး ကျင့်သုံးလာ တာ တွေ့ရတယ်။ ဆိုတော့ ကျွန်တော့်အမြင်ကတော့ ရုရှားရဲ့ အီလက်ထရွန်နစ် မဲပေးနစ်နဲ့ပတ်သက်ပြီး အကူအညီတောင်းတာမျိုး ဖြစ်နိုင်တယ်လို့ ထင်တယ်”
ဒါပေမဲ့လည်း နည်းပညာရဲ့ တိုးတက်မှုနောက်ကျန်နေခဲ့တဲ့ မြန်မာစစ်ကောင်စီအတွက် ရုရှားရဲ့ ရွေးကောက်ပွဲ ဆိုင်ရာ နည်းပညာတွေအားလုံးရယူဖို့ဆိုတာ မဖြစ်နိုင်ဘဲ တစ်စိတ်တစ်ပိုင်းလောက်ပဲရနိုင်မယ်လို့ သူက ပြောပါတယ်။
စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်ထားတဲ့ ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPH)ရဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးထွန်းမြင့်ကတော့ စစ်ကောင်စီဟာ သူ လိုချင်တဲ့ ရွေးကောက်ပွဲ ရလဒ်ဖြစ်လာမှ ရွေးကောက်ပွဲလုပ်မှာ ဖြစ်တယ်လို့ RFA ကို ပြောပါတယ်။
“တစ်ချိန်ချိန်မှာ သူ (ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်) လိုချင်တဲ့ ရလဒ်ဖြစ်နိုင်တယ် ဆိုရင် အတုအယောင် ရွေးကောက်ပွဲကို လုပ်ပြီးတော့ စစ်အာဏာရှင်သက်ဆိုးရှည် ဖို့အတွက် ထွက်ပေါက်အနေနဲ့ ထွက်လမ်း တစ်ခုအနေနဲ့ နိုင်ငံရေးနည်းပရိယာယ်တွေနဲ့ ဆောင်ရွက်နေတယ်လို့ပဲ မြင်တယ်။ အကြားအလပ်မရှိ ရွေးကောက်ပွဲ လုပ်မယ်ဆိုတာ သူ့ (ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်) အနေနဲ့ မူမမှန်တဲ့ ပြောစကားလို့ပဲ ကျွန်တော် ယူဆပါတယ်”
ပြည်တွင်းမှာ ခုခံတွန်းလှန်မှုအရှိန်ကောင်းလာတာနဲ့အမျှ စစ်ကောင်စီဟာ ရွေးကောက်ပွဲ လုပ်မယ့်အခြေအနေကို ဖန်တီးနိုင်မှာ မဟုတ်ဘူးလို့လည်း သူက ပြောပါတယ်။
တစ်ချိန်တည်းမှာပဲ ဒီမိုကရေစီအင်အားစုတွေကလည်း စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲ ကို သပိတ်မှောက်ကြဖို့၊ ပြည်သူတွေအနေနဲ့ မဲမပေးကြဖို့ တိုက်တွန်းတာတွေလုပ်နေဆဲ ဖြစ်ပါတယ်။
ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီခေါင်းဆောင် ကိုမင်းလွင်ဦးက တော့ စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲလုပ်ဖို့ ပြင်လာတာနဲ့အမျှ မဲမပေးရေး ဆန့်ကျင်မှုတွေလည်း ဆက်တိုက်ဖြစ်လာမယ် လို့ RFA ကို ပြောပါတယ်။
“တော်လှန်ရေးအင်အားစုတွေက စစ်အာဏာရှင်တွေကို နိုင်ငံရေးထဲကနေ အပြီးဖယ် ထုတ်ဖို့ပဲ။ အပြီး ဖယ်ထုတ်ဖို့လို တယ်ဆိုတာကလည်း ကျွန်တော်တို့တိုင်းပြည်ကံကြမ္မာ အတွက် အင်မတန်မှ အရေးကြီး တယ်။ တိုင်းရင်းသားလူထုတစ်ရပ်လုံး တောင်းဆိုနေ တဲ့ နိုင်ငံရေးစနစ်ပေါ့ဗျာ။ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ကို အာမခံ နိုင်တဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုဆိုတာက စစ်တပ်က နိုင်ငံရေးထဲက ထွက်သွားမှပဲ အဲဒီတံခါးကို ကျွန်တော်တို့က ဖွင့်လို့ရမှာ။ ကျွန်တော်တို့တော်လှန်ရေး အင်အားစုတွေ အားကောင်းမောင်းသန် ရှိနေသရွေ့တော့ စစ်ကောင်စီက အတုအယောင် ရွေးကောက်ပွဲကို လွယ်လွယ်ကူကူတော့ လုပ်နိုင်မှာ မဟုတ်ဘူး။ ပိုပြီးတော့ ဆန့်ကျင်ကန့်ကွက်မှုတွေက ပိုပြီးတော့ ပြင်းထန်လာမယ်လို့ပဲမြင်တယ်”
စစ်ကောင်စီဟာ ရွေးကောက်ပွဲမကျင်းပနိုင်ရင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်တာ ဒါမှမဟုတ် ဖျက်သိမ်းတာမျိုးလုပ်ပြီး စစ်အာဏာရှင်သက်ဆိုးရှည်ရေး လုပ်လာနိုင်တယ်လို့လည်း ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူတွေက ပြောပါတယ်။