မီးမမှန်တဲ့ကြား မီတာခတိုးကောက်မယ့်အပေါ် ဝေဖန်မှုတွေရှိနေ

RFA Burmese
2024.07.03
မီးမမှန်တဲ့ကြား မီတာခတိုးကောက်မယ့်အပေါ် ဝေဖန်မှုတွေရှိနေ ရန်ကုန်မြို့တွင် လျှပ်စစ်မီးပျက်ချိန် ဖယောင်းတိုင် အသုံးပြုနေသည့် မြို့ခံတစ်ဦးအား ၂ဝ၂၂ ခုနှစ်နှောင်းပိုင်းက တွေ့ရစဉ်။
Photo: AFP

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံရဲ့ လျှပ်စစ်မီးရရှိမှုအခြေအနေဟာ တစ်စထက် တစ်စ ဆုတ်ယုတ်လာနေတာ ဖြစ်ပါတယ်။

အရင် NLD အစိုးရလက်ထက် ငါးနှစ်တာကာလမှာ လျှပ်စစ်မီးပုံမှန်ရရှိခဲ့ကြပေမဲ့ အာဏာသိမ်း သုံးနှစ်ကျော်အတွင်းမှာ အရင်စစ်အစိုးရလက်ထက်က ကျင့်သုံးခဲ့တဲ့ အလှည့်ကျမီးပေးစနစ်နဲ့ လူတွေ ပြန်ရင်းနှီးလာခဲ့ကြရတာပါ။

အခုတော့ မီးမလာတဲ့ကြားက မီတာခတွေ တိုးကောက်မယ့်အကြောင်း လုံခြုံရေးအရအမည်မဖော်လိုတဲ့ ပဲခူးတိုင်းက ဒေသခံတစ်ဦး က RFA ကို ပြောပါတယ်။

“ကျွန်တော်တို့ကို မီတာရုံးက လက်မှတ်ထိုးခိုင်းတယ်။ မီတာခတွေ တိုးကောက်မှာကို သိရှိကြောင်းလို့ ပြောတယ်။ မီတာဘောက် ပိုင်ရှင်အမည်၊ ရောက်ရှိမီတာယူနစ်၊ လက်မှတ် ဖုန်းနံပါတ်တွေရေးထားတဲ့ ဇယားကွက်မှာ လက်မှတ်ထိုးပေးလိုက်ရတယ်"

အဲဒီလို လက်မှတ်ထိုးပေးလိုက်ရပေမဲ့ တစ်ယူနစ်ကို ဘယ်လောက်တိုးမယ်ဆိုတာတော့ မသိရသေးဘူးလို့လည်း သူက ဆိုပါတယ်။

ကမ္ဘာ့ဘဏ်က ဇွန်လ ၁၂ ရက်က ထုတ်တဲ့ အစီရင်ခံစာမှာ မြန်မာမှာ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုတွေက ကုန်ထုတ်လုပ်ငန်းတွေအတွက် အတားအဆီးဖြစ်နေပြီး ဆင်းရဲနွမ်းပါးမှုကို ဖြစ်စေတဲ့ အကြောင်းအရင်းတွေထဲက တစ်ချက်အနေနဲ့ ပါဝင်နေပါတယ်။

ဒါ့အပြင် လျှပ်စစ်မီတာခတွေ တိုးကောက်မယ့်ကိစ္စဟာ တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်နေတဲ့သူတွေအပေါ်မှာပါ ရိုက်ခတ်လာနေပါတယ်။

ရန်ကုန်မြို့က ရပ်ကွက်တစ်ခုမှာ တစ်နိုင်တစ်ပိုင် အိမ်ဆိုင်လေးဖွင့်ပြီး စီးပွားရှာနေတဲ့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အမျိုးသမီးတစ်ဦးက အခုလို ဖွင့်ဟလာပါတယ်။

“အစ်မတို့ အခုဆောင်နေရတာကိုပဲ ကိုးသောင်း တစ်သိန်းလောက်ဖြစ်နေတော့လေ။ တကယ်လို့သာ နှစ်ဆ သုံးဆ တိုးကောက်မယ်ဆိုလို့ရှိရင် အစ်မတို့ မီတာခချည်း တစ်သိန်းကနေ သုံးသိန်းလောက်‌ဆောင်ရမယ်။ နှစ်သိန်း‌လောက်ဆောင်ရမယ်ဆိုရင် ကုန်ဈေးနှုန်းတွေတက်နေတဲ့အပြင်ကို မီတာခပါထပ်တက်မယ်ဆိုရင် အစ်မတို့ ဒီလိုမျိုး ဆက်ပြီးရပ်တည်နိုင်ပါ့မလားဆိုတာတော့၊ ဒါမှမဟုတ် ဆိုင်မှာရှိတဲ့ ရေခဲသေတ္တာတွေကိုပဲ ဖြုတ်ရမလား အစ်မတို့ စဉ်းစားရမှာပေါ့"

လျှပ်စစ်မီးက သူလာရမယ့် အချိန်အပိုင်းအခြားကိုတောင် ပြည့်အောင်မလာပေမဲ့ မီတာခကတော့ လျော့မသွားဘူး လို့လည်း သူက ဆက်ပြောပါတယ်။

“အမှန်ဆိုရင် မီးက ဒီရက်ပိုင်းတွေအတွင်းမှာ တော်တော့်ကို ပျက်တယ်။ မီးပျက်တာမှ အစ်မတို့ အအေးခန်းတွေထဲမှာ ထားတဲ့ ရေခဲထုပ်တွေဆိုရင် ပျော်တဲ့အထိကိုရောက်တယ်။ မီးက အပိုင်း အပိုင်းနဲ့ ပေးနေတဲ့ အချိန်အကန့်အသတ်တောင်မှ မှန်အောင် ပြည့်မှီအောင် မပေးနိုင်တဲ့အခါကျတော့ မီးလာချိန်နည်းတဲ့အခါကျတော့ မီတာခက လျော့သွားတာမရှိဘူး။ ပုံမှန်ပဲ တစ်ခါတလေကျ ဒီထက်တောင် ပိုများသေးတယ်"

မန္တလေးတိုင်းအတွင်းက မြို့နယ်တစ်ချို့မှာလည်း လာမယ့် ဇူလိုင်လကစပြီး လျှပ်စစ်မီတာခတွေ တိုးကောက် မယ့်အကြောင်း မီတာလာဖတ်တဲ့ ဝန်ထမ်းက အသိပေးသွားတာမျိုးတွေ ရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း (YESC) ကတော့ ရန်ကုန်တိုင်းအတွက် လိုအပ်တဲ့ ဓာတ်အားပမာဏထက် နေ့စဉ် ၂ဝ ရာခိုင်နှုန်း လျော့ပြီး ရနေတာကြောင့် မြို့နယ်တစ်ချို့မှာ ယာယီဓာတ်အားပြတ်တောက်မှုတွေဖြစ်မယ့်အကြောင်း ဇွန်လ ၃၀ ရက်နေ့က ကြေညာထားပါတယ်။

ရန်ကုန်မြို့တွင် လျှပ်စစ်ဓာတ်အား အချိန်ပိုင်းပေးမှုကြောင့် ကုန်စိမ်းဆိုင်တစ်ဆိုင်တွင် ဖယောင်းတိုင်ထွန်းကာ ရောင်းချနေသည်ကို ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၂၁ ရက်နေ့ က တွေ့ရစဉ်။  (Photo: RFA)
ရန်ကုန်မြို့တွင် လျှပ်စစ်ဓာတ်အား အချိန်ပိုင်းပေးမှုကြောင့် ကုန်စိမ်းဆိုင်တစ်ဆိုင်တွင် ဖယောင်းတိုင်ထွန်းကာ ရောင်းချနေသည်ကို ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၂၁ ရက်နေ့ က တွေ့ရစဉ်။ (Photo: RFA)

ပြတ်ရမယ့် အချိန်မဟုတ်ဘဲ ပြတ်သွားတဲ့ဟာတွေက အရင်ကထက် ပိုစိပ်လာတယ်လို့လည်း အခြားရန်ကုန်မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

“မနေ့ညက ဆိုရင် ည ၈ နာရီက ပြတ်လိုက်တာ ၁၁ နာရီမှ ပြန်လာတယ်။ ပျက်ချိန်မဟုတ်ဘူး။ ဒါပေမဲ့ အဲဒီလိုမျိုး ပျက်သွားတာ။ Stystem Breakdown ဆိုပြီး ပြတ်သွားတာတွေလည်း ရှိတယ်။ ကိုယ်တွေလို အိမ်မှာ အလုပ်လုပ်တဲ့သူတွေကျတော့ မီးပုံမှန်မလာတဲ့အခါကျတော့ ညဘက်တွေ အိပ်ရေးပျက်ခံပြီး အလုပ်လုပ်ရတဲ့အခါမျိုးတွေ၊ ကိုယ်က မနက်ကျမှ အိပ်ရတဲ့အခါမျိုးတွေ ရှိတာပေါ့နော်၊ တော်တော်အဆင်မပြေတာပါ"

လက်ရှိမှာ အိမ်သုံးလျှပ်စစ်မီတာခတွေကို အနည်းဆုံး တစ်ယူနစ်ကို ၃၅ ကျပ်ကနေ အများဆုံး ၁၂၅ ကျပ်အထိ သုံးစွဲတဲ့ ယူနစ်အလွှာအလိုက် ဈေးသတ်မှတ်ပြီး ကောက်ယူနေတာ ဖြစ်ပါတယ်။

လျှပ်စစ်မီတာခတွေ တိုးကောက်မယ့်ကိစ္စနဲ့ ပတ်သက်ပြီး အသေးစိတ်မေးမြန်းဖို့ နေပြည်‌တော် လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းခေါ်လို့မရပါဘူး။

မြန်မာနိုင်ငံမှာ လျှပ်စစ်ဓာတ်အားပေးနေတဲ့ ရေအားလျှပ်စစ်စက်ရုံ ၂၉ ရုံ၊ သဘာဝဓာတ်ငွေ့သုံးစက်ရုံ ၂၇ ရုံ၊ ကျောက်မီးသွေးသုံးစက်ရုံ နှစ်ရုံ၊ နေရောင်ခြည်စွမ်းအင်သုံးစက်ရုံ ခြောက်ရုံကနေ နိုင်ငံတစ်ဝန်း လျှပ်စစ် ဓာတ်အား ဖြန့်ဖြူးပေးနေတာပါ။

“တိုင်းသူပြည်သားတွေ အားလုံးရဲ့ ပိုက်ဆံကို လျှပ်စစ်မီးထုတ်လုပ်တဲ့နေရာမှာ မသုံးဘူး။ လေယာဉ်တွေ အပိုပစ္စည်းတွေ ဝယ်နိုင်သမျှ ဝယ်နိုင်အောင်။ သူ့ရဲ့အမြောက်လက်နက်တွေ ဒါတွေက နိုင်ငံခြားငွေလိုတယ်ပေါ့"

တစ်နိုင်ငံလုံးမှာ ဓာတ်အားလိုအပ်ချက် ၅၅၀၀ မဂ္ဂါဝပ်ခန့်ရှိပေမဲ့ လက်ရှိတစ်ရက်ကို မဂ္ဂါဝပ် ၂၈၀၀ လောက်သာ ထုတ်လုပ်နိုင်တာကြောင့် နိုင်ငံတစ်ဝန်း ၅၀ ရာခိုင်နှုန်းသာ မီးပေးနိုင်ကြောင်း လျှပ်စစ်ဝန်ကြီးဌာနက ၂၀၂၄ ခုနှစ်၊ မေလ ၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံက လျှပ်စစ်ထုတ်မယ့် အရင်းအမြစ်တွေကို စစ်ကောင်စီက သူ့အာဏာတည်မြဲရေးအတွက် သုံးစွဲနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး လဖိုင်မော်ထွန်းအောင်က ဆိုပါတယ်။

“အခု မင်းအောင်လှိုင်လိုမျိုး သူ့ရဲ့ အာဏာတည်မြဲရေးအတွက် ငွေကြေးထိန်းချုပ်မှုတွေ သူလုပ်တယ်။ တိုင်းသူပြည်သားတွေ အားလုံးရဲ့ ပိုက်ဆံကို လျှပ်စစ်မီးထုတ်လုပ်တဲ့နေရာမှာ မသုံးဘူး။ လေယာဉ်တွေ အပိုပစ္စည်းတွေ ဝယ်နိုင်သမျှ ဝယ်နိုင်အောင်။ သူ့ရဲ့အမြောက်လက်နက်တွေ ဒါတွေက နိုင်ငံခြားငွေလိုတယ်ပေါ့။ ဆိုလိုတာက နဂိုရှိတဲ့ ရင်းမြစ်တွေပေါ့။ လျှပ်စစ်ထုတ်လုပ်မယ့် ရင်းမြစ်တွေက ပြည်သူပြည်သားတွေကို ဖိနှိပ်ဖို့အတွက် သူပြောင်းရွှေ့သုံးစွဲနေတာပေါ့။ “

မြန်မာနိုင်ငံမှာ သဘာဝဓာတ်ငွေ့တွေ အကြီးစားထုတ်လုပ်တာကို ၁၉၉၇ မှာ စလုပ်ခဲ့ပေမဲ့ ဒီလို သဘာဝ အရင်းမြစ်တွေကနေ ပြည်တွင်းလျှပ်စစ်ထုတ်လုပ်ဖို့ကို ၂၀ ရာခိုင်နှုန်းပဲ သုံးပြီး ကျန်တဲ့ ၈၀ ရာခိုင်နှုန်းက ပြည်ပနိုင်ငံတွေကို ရောင်းစားခဲ့ပြီး ခေတ်အဆက်ဆက် အာဏာရှင်တွေက သူတို့ကိုယ်ကျိုးအတွက်ပဲ သုံးခဲ့တာလို့လည်း ဒုဝန်ကြီး လဖိုင်မော်ထွန်းအောင် က ထောက်ပြပါတယ်။

စစ်ကောင်စီဥက္ကဋ္ဌကတော့ လာမယ့် ၂၀၂၅ မှာ လျှပ်စစ်ဓာတ်အား လုံလုံလောက်လောက်ရဖို့ ဆောင်ရွက်နေတယ်လို့ ၂၀၂၃ ဇန်နဝါရီလ ၂၇ ရက်က နေပြည်တော်မှာလုပ်ခဲ့တဲ့ စစ်ကောင်စီအစည်းအဝေးမှာ ပြောခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။