လျှပ်စစ်မီးပြတ်တောက်မှုကြောင့် SME လုပ်ငန်း‌တွေ အခက်အခဲဖြစ်

RFA Burmese
2023.03.28
လျှပ်စစ်မီးပြတ်တောက်မှုကြောင့် SME လုပ်ငန်း‌တွေ အခက်အခဲဖြစ် ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်မှ အထည်ချုပ်စက်ရုံ အလုပ်သမားများအား ၂၀၂၀ ခုနှစ် မတ်လ ၁၀ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

စစ်တပ်အာဏာသိမ်းထားတဲ့ နှစ်နှစ်ကျော်ကာလအတွင်း မြန်မာနိုင်ငံရဲ့ စီးပွားရေးမြို့တော် ရန်ကုန်မှာ အလှည့်ကျ မီးပေးစနစ်နဲ့ စီးပွားရေးလုပ်ငန်းတွေ လည်ပတ်နေရပါတယ်။

စက်မှုလုပ်ငန်းတွေအတွက် တစ်ရက်ကို မီးပေးချိန် လေးနာရီပဲရတာကြောင့် SME အသေးစားနဲ့ အလတ်စား စက်မှုလုပ်ငန်းတွေ ရပ်တည်ဖို့ ခက်ခဲလာတယ်လို့ စီးပွားရေးလုပ်ငန်းရှင်တွေက ပြောပါတယ်။

"မီးကလာချင်တဲ့ အချိန်လာ၊ ပြတ်ချင်တဲ့အချိန် ပြတ်နေတာ"

ရန်ကုန်တိုင်းက စက်မှုဇုန်တစ်ခုမှာဆိုရင် တစ်နေ့ကို လေးနာရီတောင် လျှပ်စစ်မီး အပြည့်မရတာကြောင့် ကုန်ထုတ်လုပ်မှု ထိခိုက်လာတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက RFA ကို ပြောပါတယ်။

“လေးနာရီဆိုပေမယ့်လည်း လေးနာရီစလုံး အပြည့်မလာပါဘူး။ သူက တစ်ခါတလေ ကျရင် နာရီဝက်၊ တစ်ခါတလေကျရင် တစ်နာရီ အဲလိုမျိုး ပျက်နေတာပေါ့။ ပေးချင်တဲ့အချိန် ပေးတယ်၊ မမှန်ဘူးပေါ့နော်။ ကျနော်တို့က မီးနဲ့အလုပ်လုပ်နေရတယ် ဆိုတတော့ကာ အဆင်မပြေဘူး၊ မီးစက်တွေ မောင်းရတာ။ ကုန်ထုတ်လုပ်မှု အခက်အခဲရှိတယ်။ အော်ဒါသမားတွေ အော်ဒါ တက်လာတယ်၊ ကျနော်တို့ ပစ္စည်းအမီ မပေးနိုင်ဘူး။ ဘာလို့လဲဆိုတော့ မီးကလာချင်တဲ့ အချိန်လာ၊ ပြတ်ချင်တဲ့အချိန် ပြတ်နေတာ။ အဲလိုမျိုး ဖြစ်နေတာဆိုတော့လေ”

သူ့လုပ်ငန်းဟာ လုပ်သားအင်အား ၁၀၀ နီးပါးလောက်နဲ့ လည်ပတ်နေတဲ့ အလတ်စား ကုန်ထုတ်လုပ်ငန်း တစ်ခုပါ။ အလှည့်ကျ မီးပေးစနစ် မမှန်လို့ မီးစက်အတွက် စက်သုံးဆီဝယ်ပြီး လုပ်ငန်းလည်ပတ်နေရာကနေ အခု‌တော့ စက်သုံးဆီပါ လိုသလောက် ဝယ်မရတဲ့ အခြေအနေမျိုး ဖြစ်လာတယ်လို့ သူက ပြောပါတယ်။

သူတို့ရဲ့ စက်မှုဇုန်မှာ မီးပြတ်တာကြောင့် ပိတ်သိမ်းလိုက်ရတဲ့ စက်ရုံ နှစ်ခုထက်မနည်း ရှိနေတယ်လို့လည်း ဆိုပါတယ်။

အသေးစား အထည်ချုပ်လုပ်ငန်း လုပ်ကိုင်နေတဲ့ ရန်ကုန်မြို့က စီးပွားရေးလုပ်ငန်းရှင် ဒေါ်သီတာ ကတော့ မီးစက်အသုံးပြု လုပ်ငန်းလည်ပတ်နေရတာကြောင့် အမြတ်အစွန်း မရတဲ့ အခြေအနေဖြစ်နေတယ်လို့ RFA ကို ပြောပါတယ်။

“အခု မီးအခြေအနေက ဘယ်လိုဖြစ်လဲဆိုတော့ ပထမတုန်းက မီးတွေစပြတ်တော့ မီးစက်နဲ့ အလုပ်လုပ်ကြည့်သေးတယ်။ အခုနောက်ပိုင်းကျတော့ မီးစက်နဲ့ အလုပ်လုပ်ပေမယ့် တစ်နေကုန် မီးပြတ်တာများနေတော့ မီးစက်လည်း တစ်နေကုန် မမောင်းနိုင်ဘူး။ အချိန်ပိုင်းနဲ့ အခု တစ်နေ့ကို ငါးနာရီပဲ မောင်းမယ်။ လေးနာရီပဲ မောင်းမယ်။ အဲလို သတ်မှတ်ပြီးတော့ပဲ မောင်းတယ်။ မီးစက် ဆီဖိုးနဲ့ကျတော့ သူများရဲ့ အပ်ထည်ကို လက်ခံရတာ လက်ခစားဆိုတော့ မီးစက်ဆီဖိုးတွေ၊ နောက်ပြီးတော့ ဆက်စပ်ပစ္စည်းဖိုးတွေနဲ့ အလုပ်သမားခနဲ့ကျတော့ မကိုက်တော့ဘူးလေ”

ဒီအတွက်ကြောင့်ပဲ လုပ်ငန်းကို တစ်ဦးတည်း မလည်ပတ်နိုင်တော့ဘဲ အကျိုးတူ လုပ်ငန်းလုပ်ကိုင်မယ့်သူကို ရှာနေရပြီလို့ သူက ပြောပါတယ်။

လျှပ်စစ်မီး မမှန်တာကြောင့် ကုန်လုပ်မှုတွေ ထိခိုက်သလို စက်ရုံအလုပ်သမားတွေရဲ့ ဝင်ငွေလည်း ထိခိုက်လာနိုင်တယ်လို့ အလုပ်သမားအရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။

လျှပ်စစ်မီး ပြတ်တောက်လွန်းတာကြောင့် စက်ရုံအလုပ်သမားတွေဟာ အချိန်ပိုကြေး မရတာ၊ လစာတစ်ဝက်ပဲ ရတာမျိုးဖြစ်လာပြီး စားဝတ်နေရေး ခက်ခဲလာတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရန်ကုန်မြို့က အလုပ်သမားအရေး ဆောင်ရွက်ပေးသူ တစ်ဦးက RFA ကို ပြောပါတယ်။

“လေးနာရီပဲ မီးရတယ်ဆိုရင် လေးနာရီပဲ အလုပ်လုပ်ရတယ်။ လစာတစ်ဝက်ပဲ ရတယ်။ တစ်သိန်းပဲ ရတယ်တို့၊ အော်ဒါမရှိလို့ တစ်သိန်းပဲ ပေးမယ်တို့ ဒါမျိုးတွေကတော့ရှိတယ်။ အချိန်ပို မခေါ်တော့ဘူးတို့ပေါ့။ ပုံမှန်ရနေတဲ့ ငွေကြေးထက် နည်းသွားတဲ့အတွက် ကြောင့် သူတို့ရဲ့ စားဝတ်နေရေးတွေက ခက်လာတာပေါ့။ အဲတော့ သူတို့က ဘာဖြစ်လဲ ဆိုတော့ စက်ရုံက ပိတ်တယ်၊ လျော်ကြေးပေးတယ်ဆိုတဲ့ အဆင့်အထိ မစောင့်ဘဲ သူတို့ထွက်ပြီးတော့ အဆင်ပြေတဲ့ စက်ရုံတစ်ရုံကို သွားတယ်။ ဒါမှမဟုတ် နိုင်ငံခြားကို ထွက်သွားတယ်။ အဲတာမျိုးတွေ တွေ့ရတယ်”

RFA က မေးမြန်းခွင့်ရခဲ့တဲ့ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းရှင် နှစ်ဦးကလည်း လျှပ်စစ်မီးမရလို့ လုပ်ငန်းတွေ ယာယီရပ်ဆိုင်းထားရတာကြောင့် ကျွမ်းကျင်လုပ်သားတချို့ ထိုင်းနဲ့ မလေးရှားလို့ အိမ်နီးချင်းနိုင်ငံတွေကို အလုပ်လုပ်ဖို့ ထွက်သွားကြတယ်လို့ ပြောပါတယ်။

စက်မှုလုပ်ငန်းတွေအတွက် လျှပ်စစ်မီးက အလွန်အရေးကြီးပြီး ဓာတ်အားလိုအပ်ချက် ရှိနေပြီဆိုရင်တော့ အမြတ်ရဖို့ ခက်ခဲလိမ့်မယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စီးပွားရေးသုံးသပ်သူတစ်ဦးက ပြောပါတယ်။

“စက်မှုကုန်ထုတ်လုပ်ငန်းတွေ အတွက်ကတော့ လျှပ်စစ်မီးဆိုတာ အင်မတန်မှ အရေးကြီးတယ်။ မရှိမဖြစ် အရာတစ်ခုပေါ့နော်။ အဲတော့ လေးနာရီလောက်ပဲ လာတယ်ဆိုကတည်းက ထိခိုက်မှုကတော့ တချို့စက်ရုံတွေမှာ နေ့ဆိုင်း၊ ညဆိုင်းနဲ့ အားလုံးသိတဲ့အတိုင်း တစ်နေ့ကို ၁၆ နာရီ၊ ၁၄ နာရီ အဲဒီလို လည်ပတ်နေတယ်။ သူတို့ကို လေးနာရီပဲ မီးပေးနိုင်မယ်ဆိုရင် ဒီဇယ်နဲ့ မီးစက်သုံးစွဲခနဲ့ မဟာဓာတ်အားလိုင်း သုံးစွဲခနဲ့ကလည်း အများကြီး ကွာခြားမှုရှိတယ်။ သေချာတာတော့ ထုတ်လုပ်ရေးမှာ ကုန်ကျစရိတ်က များလာပြီ၊ တွက်ခြေကိုက်ဖို့ တော်တော်ခက်ခဲ သွားပြီပေါ့”

လျှပ်စစ်လုံလောက်မှု မရှိရင် ပြည်တွင်းမှာရှိတဲ့ အသေးစားနဲ့ အလတ်စားစီးပွားရေး လုပ်ငန်းမှ မဟုတ်ဘဲ ပြည်ပက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလည်း ဝင်လာမှာ မဟုတ်တော့ဘူးလို့ သူက ပြောပါတယ်။

စီးပွား‌ရေးပညာရှင် ဦးစိန်ဌေးကတော့ မြန်မာနိုင်ငံမှာ လျှပ်စစ်ဓာတ်အား အကန့်အသတ် ရှိနေတာဟာ ပြည်တွင်းက အသေးစားနဲ့ အလတ်စားလုပ်ငန်းတွေရဲ့ ကုန်ထုတ်လုပ်မှုနဲ့ ဒေသတွင်း ကုန်ထုတ်လုပ်ငန်း ယှဉ်ပြိုင်နိုင်စွမ်းကို ကျဆင်းစေတယ်လို့ RFA ကို ပြောပါတယ်။

“Generator (မီးစက်) လိုဟာမျိုး သုံးရတော့မယ်ဆိုရင် သူရဲ့ဆီဖိုးတွေ ကုန်လာတော့မယ်။ ထုတ်လုပ်မှုအတွက်ပေါ့။ အဲတော့ ဘာဖြစ်လာလဲဆိုတော့ ကုန်ထုတ်လုပ်မှုအတွက် အသုံးစရိတ်က မြင့်လာတော့မယ်။ တိုင်းပြည်ရဲ့ ထုတ်လုပ်မှုထဲမှာ ပြည်တွင်းသုံးတဲ့ ကုန်ကိုထုတ်လုပ်တဲ့ SMEs (အသေးစားနဲ့ အလတ်စား စက်မှုလုပ်ငန်း) ဆိုရင် အဲဒီထုတ်လုပ်မှုက ခုနကလိုပဲ ဈေးတွေ တက်သွားမယ်၊ ဈေးတွေတက်လာလို့ မကိုက်ရင် တချို့က ရပ်သွားမယ်။ တချို့ကုန်တွေကျတော့ ဈေးတွေ တက်လာတော့မှာပေါ့။ ကုန်စည်တွေက ပြည်ပကို ပို့နေတဲ့ လုပ်ငန်းတွေဆိုရင်လည်း ဒီလိုပဲ သူ့ရဲ့ထုတ်လုပ်မှုစရိတ်က တက်သွားရင် အဲဒီကုန်စည်ရဲ့ ဈေးကလည်း တက်မှာပေါ့။ နိုင်ငံခြားကို ရောင်းတဲ့အခါမှာ သူများနဲ့ယှဉ်ရောင်းလို့ ဈေးတက်သွားရင် မဝယ်တော့ဘူးပေါ့။ မဝယ်တော့ ထုတ်လုပ်သူလည်း နစ်နာတယ်၊ တိုင်းပြည်လည်း နစ်နာတယ်”

ပြီးခဲ့တဲ့ ဆယ်စုနှစ် တစ်စုအတွင်းမှာ အသေးစားနဲ့ အလတ်စား စက်မှုလုပ်ငန်းတွေ အရှိန်အနည်းငယ် ကောင်းလာခဲ့ပေမယ့် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ရပ်တန့်လုနီးပါး ဖြစ်နေပြီလို့လည်း သူက ပြောပါတယ်။

ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်မှ အထည်ချုပ်စက်ရုံ အလုပ်သမားများအား ၂၀၂၀ ခုနှစ် မတ်လ ၁၀ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်မှ အထည်ချုပ်စက်ရုံ အလုပ်သမားများအား ၂၀၂၀ ခုနှစ် မတ်လ ၁၀ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

ဒီကိစ္စတွေနဲ့ပတ်သက်ပြီး “အသေးစား၊ အငယ်စား၊ အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ” ရဲ့ ဒုတိယဥက္ကဋ္ဌ ဦးအေးထွန်းကို RFA က ဖုန်းခေါ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ လျှပ်စစ်ဓာတ်အား ထုတ်လုပ် ရေး အသုံးစရိတ်ကို တိုးမြှင့်ထားသလို ဒေသအလိုက် အသေးစား ရေအားလျှပ်စစ်စီမံကိန်း တွေ၊ ကျောက်မီးသွေးသုံး ဓာတ်အားပေး လုပ်ငန်းနဲ့ နျူကလီးယားစွမ်းအင်သုံး ဓာတ်အား ထုတ်လုပ်ရေးတွေလည်း ဆောင်ရွက်မယ်လို့ ၂၀၂၃ ခုနှစ်၊ မတ်လ ၂၁ ရက် နေပြည်တော် အစည်းအဝေးမှာ ထည့်သွင်းပြောဆိုထားပါတယ်။

စက်မှုဝန်ကြီးဌာန၊ အသေးစား၊ အလတ်စားနဲ့ အငယ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဌာနရဲ့ ၂၀၂၂ ခုနှစ်အတွင်း ထုတ်ပြန်ချက်တွေအရ မြန်မာနိုင်ငံမှာ အလတ်စားနဲ့ အငယ်စား စီးပွားရေးလုပ်ငန်း လေးသိန်းကျော် (၄၁,၅၀၈) ခု ရှိပါတယ်။

ကမ္ဘာ့ဘဏ်ရဲ့ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ ပဋိပက္ခတွေနဲ့ လျှပ်စစ်မီး အလုံအလောက် မရတာတွေကြောင့် စီးပွားရေးလုပ်ငန်းတွေ ထိခိုက်နေတယ်လို့ ဖော်ပြထားပါတယ်။ သွင်းအားစု ရှားပါးမှုနဲ့ ဝယ်လိုအားတွေ လျော့နည်းလာတာကြောင့် ကာလတို စီးပွားရေးလုပ်ငန်းတွေ ပြန်ပြီးအသက်ဝင်လာဖို့ ခက်ခဲနေကြောင်း ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။