လျှပ်စစ်မီးပြတ်တောက်မှု ပိုဆိုးလာနေ

RFA Burmese
2023.10.10
လျှပ်စစ်မီးပြတ်တောက်မှု ပိုဆိုးလာနေ ရန်ကုန်မြို့တွင် လျှပ်စစ်ဓာတ်အား အချိန်ပိုင်းပေးမှုကြောင့် ကုန်စိမ်းဆိုင်တစ်ဆိုင်တွင် ဖယောင်းတိုင်ထွန်းကာ ရောင်းချနေသည်ကို ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၂၁ ရက်နေ့ က တွေ့ရစဉ်။
Photo: RFA

အခုရက်တွေအတွင်း လျှပ်စစ်မီးပြတ်တာ ပိုဆိုးလာတယ်လို့ ပြည်သူတွေနဲ့ အသေးစားနဲ့ အလတ်စား စီးပွားရေး လုပ်ငန်းသမားတွေက ပြောပါတယ်။

စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း အလှည့်ကျမီးပေးစနစ်နဲ့ပဲ ဖြန့်နေတာကြောင့် လျှပ်စစ်မီး လုံလုံလောက်လောက် မရလို့ နေ့စဉ်လူမှုဘဝနဲ့ အလုပ်အကိုင်တွေမှာပါ ထိခိုက်လာတယ်လို့ဆိုပါတယ်။

ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ်က လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့ ပြည်သူတစ်ဦးကတော့ သူတို့ရပ်ကွက်မှာ ညဘက် နာရီပိုင်းလောက်ပဲ လျှပ်စစ်မီးရတယ်လို့ RFA ကိုပြောပါတယ်။

“မနက်ဆို ခုနစ်နာရီမထိုးခင် ငါးမိနစ်အလိုကတည်းက ပြတ်သွားတာ။ အခုလည်း ပြတ်တယ်ဗျ။ တစ်နေ့လုံးပြတ် ပြတ်ပြီးတော့ ညကိုးနာရီခွဲလောက်အထိ ပြတ်တယ်။ တစ်နေ့လုံး မနက် ခုနစ်နာရီမထိုးခင်ကပြတ်တာ ည ၉ နာရီခွဲချိန်အထိဗျ။ အဲဒါပြီးရင် ညဆိုလည်း ၉ နာရီခွဲကနေ ၁၁ နာရီထိလာပြီး ၁၁ နာရီကနေ မနက်ပိုင်းအထိ ပြတ်တယ်ဗျ”

သူဟာ လျှပ်စစ်မီးကိုအားကိုးပြီး စက်ချုပ်တဲ့သူဖြစ်တာကြောင့် အလုပ်အကိုင် ထိခိုက်လာတဲ့အပြင် မီးမလာတဲ့အတွက် ထမင်းဟင်းတောင် မချက်နိုင်ဘူးလို့ ပြောပါတယ်။

“သေချာ ပျမ်းမျှပြန်တွက်မယ်ဆိုရင် လာတဲ့အချိန်နဲ့ မလာတဲ့အချိန် မလာတဲ့အချိန်က အများဆုံးပေါ့။”

ရန်ကုန်တိုင်း ဒဂုံမြို့သစ် (အရှေ့ပိုင်း) က အမည်မဖော်လိုတဲ့ အသေးစားနဲ့ အလတ်စား စီးပွားရေး လုပ်ငန်းသမားတစ်ယောက်ကလည်း အခုနောက်ပိုင်း လျှပ်စစ်မီးမမှန်လို့ မီးစက်နဲ့ အလုပ်လုပ်နေရတယ်လို့ RFA ကိုပြောပါတယ်။

“မီးပျက်တဲ့အချိန်ကတော့ အရင်ကထက် ပိုများလာတယ်။ အခုဒီဘက်ပိုင်းမှာတော့ နည်းနည်းမမှန်တော့ဘူးပေါ့။ ဘယ်လိုအခက်အခဲရှိလဲဆိုတော့ အလုပ်တွေတော့ နည်းနည်းနှောင့်နှေးတာပေါ့နော်။ ပြီးတော့ အော်ဒါ မှာထားတဲ့ဟာလေးတွေလည်း ညီမတို့အတွက် အရေးပေါ်ပြန်ပြီးလုပ်ယူရတာရှိတာပေါ့။ ဒီမှာတော့ အခုတော့ မီးစက်နဲ့ ဆီထည့်ပြီး မီးစက်နဲ့ မောင်းယူပြီးတော့ လုပ်နေရပါတယ်ရှင့်”

မီးစက်နဲ့လုပ်ရတဲ့အတွက် ကုန်ကျစရိတ် ပိုများလာတဲ့အပြင် နိုင်ငံရေးအခြေအနေတွေကြောင့် အရောင်းအဝယ်ကလည်း အေးနေတဲ့အတွက် အကျိုးအမြတ် နည်းသထက် နည်းလာတယ်လို့သူက ပြောပါတယ်။

လျှပ်စစ်မီး မကြာခဏ ပြတ်တောက်နေတာနဲ့ပတ်သက်ပြီး ရန်ကုန်တိုင်း လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းတဲ့အခါမှာတော့ လျှပ်စစ်မီး ဖြတ်တဲ့အချိန် ထပ်တိုးတာမရှိဘူးလို့ ပြောပါတယ်။

ရန်ကုန်တိုင်းလိုပဲ ဧရာဝတီတိုင်းမှာလည်း လျှပ်စစ်မီး မမှန်တဲ့အကြောင်း လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့ ဘိုကလေးမြို့က ဆောက်လုပ်ရေး လုပ်ငန်းသမားတစ်ယောက်က RFA ကိုပြောပါတယ်။

“သူတို့ လာချင်တဲ့အချိန် လာတယ် မလာချင်တဲ့အချိန် မလာဘူး။ တစ်ခါတလေကျရင် ငါးမိနစ်လောက် လာတယ်။ တစ်ခါတလေကျရင် ချက်ချင်းလာ ချက်ချင်းပျက်။ သေချာ ပျမ်းမျှပြန်တွက်မယ်ဆိုရင် လာတဲ့အချိန်နဲ့ မလာတဲ့အချိန် မလာတဲ့အချိန်က အများဆုံးပေါ့။ ကြာတာတော့ အာဏာသိမ်းပြီးကတည်းကပဲ။ ကျွန်တော်တို့ မီးနဲ့ အလုပ်လုပ်နေကြတဲ့ ကျွန်တော်တို့ ဆောက်လုပ်ရေး လုပ်နေတဲ့သူဆိုတော့ ၀ရိန်အတွက် သုံးဖို့အတွက်၊ ကျောက်ဖြတ်စက်တို့ ဘာတို့သုံးဖို့အတွက် မီးပြန်စောင့်နေရတာ အလုပ်အတွက် တအား နှောင့်နှေးတာပေါ့။ အလုပ်သမားစရိတ် ထောင်းတာတို့ အဲလိုမျိုးတွေ ဖြစ်ကုန်တယ်”

နိုင်ငံရေး အခြေအနေ ဘယ်လိုပဲဖြစ်ဖြစ် သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ ပြည်သူလူထုကိုပြန်ကြည့်ပြီး လျှပ်စစ်မီးမှန်အောင် လုပ်ပေးစေချင်တယ်လို့ သူကပြောပါတယ်။

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ လက်ရှိမှာ နိုင်ငံရဲ့ လျှပ်စစ်ဓာတ်အား လိုအပ်ချက် ၅၀ ရာခိုင်နှုန်းကိုတောင် ပြည့်မီအောင် ဖြည့်ဆည်းမပေးနိုင်သေးဘူးလို့ ၂၀၂၃ ခုနှစ် ဩဂုတ်လ ၈ ရက်နေ့ကလုပ်ခဲ့တဲ့ အစည်းအဝေးမှာ ပြောဆိုထားပါတယ်။

အခုလို လျှပ်စစ်ဓာတ်အား မလုံလောက်တာဟာ လွန်ခဲ့တဲ့ ဆယ်နှစ်ဝန်းကျင်က စီစဉ်ထားတဲ့ လျှပ်စစ်စီမံကိန်းတွေကို ရပ်ဆိုင်းခဲ့ရတာကြောင့်လို့လည်း စစ်ခေါင်းဆောင်က ပြောပါတယ်။

လျှပ်စစ်ဓာတ်အားပြတ်တောက်မှုကြောင့် မီးစက်မောင်းရန် ဆီဖြည့်တင်းနေသည်ကို ရန်ကုန်မြို့ မြို့လယ် ကုန်တိုက်တစ်ခုတွင် ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
လျှပ်စစ်ဓာတ်အားပြတ်တောက်မှုကြောင့် မီးစက်မောင်းရန် ဆီဖြည့်တင်းနေသည်ကို ရန်ကုန်မြို့ မြို့လယ် ကုန်တိုက်တစ်ခုတွင် ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

လျှပ်စစ်မီးဟာ နောက်ပိုင်းမှာ ပိုခက်ခဲလာနိုင်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြန်မာ့စွမ်းအင်ကဏ္ဍ လေ့လာသုံးသပ်သူတစ်ဦးက RFA ကိုပြောပါတယ်။

“မြို့ကြီးတွေပေါ်မှာတော့ ဒီအလှည့်ကျစနစ်နဲ့ စီမံခန့်ခွဲတဲ့အပေါ်မှာ မူတည်ပြီးတော့ နောက်နှစ်ကုန်လောက်အထိကတော့ အခုလိုမျိုး ရနေတာမျိုးရှိမယ်။ ဒါပေမဲ့ နောက်နှစ်ကုန်လောက် ပြီးတဲ့အချိန်ကျရင်တော့ ပိုပြီးတော့ ခက်ခဲတဲ့ဟာ အဲဒါကိုကြုံလာရမယ်။ ပြီးတော့နောက် ခုနကပြောတဲ့ ကျွန်တော်တို့ ဒီဆိုလာနဲ့ပတ်သက်ပြီးတော့မှဖြစ်ဖြစ်၊ တခြားအသုံးအဆောင်တွေနဲ့ပတ်သက်ပြီးတော့မှဖြစ်ဖြစ် အဲဒီအပေါ်မှာ စျေးပိုကြီးတဲ့ဟာမျိုး ပိုခက်ခဲ့တဲ့အခြေအနေ ကြုံရနိုင်တယ်ခင်ဗျ”

မြန်မာနိုင်ငံမှာဖြစ်နေတဲ့ နိုင်ငံရေးပဋိပက္ခဟာ နိုင်ငံရဲ့ စွမ်းအင်ကဏ္ဍကို ဆိုးဆိုးရွားရွား ထိခိုက်စေပြီး စွမ်းအင် ထုတ်လုပ်မှုနဲ့လိုအပ်မှု ကွာဟနေတာလည်း ၂၀၂၁ ခုနှစ်ကစပြီး မြင့်မားလာတယ်လို့ ကမ္ဘာ့ဘဏ်က ပြီးခဲ့တဲ့ စက်တင်ဘာ လဆန်းပိုင်းမှာ မြန်မာနိုင်ငံရဲ့ စွမ်းအင်ကဏ္ဍစိန်ခေါ်မှုများ (In the Dark: Power Sector Challenges in Myanmar ) ဆိုတဲ့ခေါင်းစဉ်နဲ့ အစီရင်ခံစာ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ဘဏ္ဍာရေးဆိုင်ရာ မတည်ငြိမ်မှုတွေကလည်း စွမ်းအင်ကဏ္ဍကို ဆက်လက် ထိခိုက်စေသလို၊ နိုင်ငံရဲ့ စွမ်းအင်ကဏ္ဍစိန်ခေါ်မှုတွေကို ရေတိုနဲ့ လွယ်လွယ်ဖြေရှင်းနိုင်မှာမဟုတ်ဘူးလို့ ကမ္ဘာ့ဘဏ်က ထောက်ပြထားပါတယ်။

နိုင်ငံတစ်ဝန်းမှာ အိမ်ထောင်စုပေါင်း ၁၁ သန်းနီးပါးရှိတဲ့အထဲက လျှပ်စစ်စွမ်းအားသုံးတဲ့ အိမ်ထောင်စုပေါင်း ခုနစ်သန်းနီးပါးရှိတယ်လို့ လျှပ်စစ်ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေမှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။