တိုင်းရင်းသားတွေ ထိန်းချုပ်ဒေသက ကျောင်းတွေ လေကြောင်းအန္တရာယ် စိုးရိမ်နေရ
2024.06.21
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီထိန်းချုပ်ထားတဲ့နေရာတွေကို တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ မဟာမိတ်အဖွဲ့တွေက ထိုးစစ်ဆင်ပြီး မြို့ရွာတွေကို ထိန်းချုပ်လာတာတွေ ပိုများလာပါတယ်။ အဲဒီထိန်းချုပ်နယ်မြေတွေမှာ တိုင်းရင်းသားလက်နက်ကိုင်တွေ၊ အုပ်ချုပ်ရေးအဖွဲ့တွေက အခြေခံပညာကျောင်းတွေအပါအဝင် အဆင့်မြင့်ပညာကျောင်းတွေပါ ဒီနှစ်မှာ ပိုမိုဖွင့်လှစ်လာပါတယ်။
ကချင်လွတ်မြောက်ရေးအဖွဲ့/ ကချင်လွတ်မြောက်ရေးတပ်မတော် (KIO/KIA) ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းပေါင်း ငါးရာကျော်အထိ တိုးချဲ့ဖွင့်လှစ်ထားတယ်လို့ KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။
"ကျွန်တော်တို့ သိမ်းထားတဲ့မြို့ရွာတွေက ဖွင့်ရမဲ့ကျောင်းတွေထဲမှာ အထက်တန်းကျောင်း၊ အလယ်တန်းကျောင်း၊ မူလတန်းကျောင်း အားလုံးပေါင်းလို့ရှိရင်တော့ နှစ်ရာကျော်ရှိပါတယ်၊ ကျွန်တော်တို့လည်း အတတ်နိုင်ဆုံး ဇွန်လမှာ ကျောင်းဖွင့်နိုင်အောင် ပညာရေးဌာနက ကြိုးစားနေပါတယ်၊ ၂၆၅ ခုလောက်ရှိပါတယ်၊ အသစ်ပေါ့၊ ကျွန်တော်တို့သိမ်းထားတဲ့ ထိန်းချုပ်ထားတဲ့ မြို့ရွာတွေက ကျောင်းတွေပေါ့၊ အရင်ကတည်းက KIO ဖွင့်ထားတဲ့ ကျောင်းတွေလည်း နှစ်ရာကျော်ရှိပါတယ်၊ အားလုံးပေါင်းလိုက်ရင် ကျွန်တော်တို့ KIO ပညာရေးဌာနက တာဝန်ယူဖွင့်လှစ်မဲ့ ကျောင်းအရေအတွက်ကတော့ ငါးရာနီးပါးလောက်ရှိပါတယ်"
ကချင်ပြည်နယ်မှာ အခြေခံပညာစာသင်ကျောင်းတွေအပြင် အဆင့်မြင့် ပညာရေးကျောင်းတွေအနေနဲ့ ဆရာအတတ်သင်ကောလိပ်၊ ဖက်ဒရယ်ကောလိပ်နဲ့ ကချင်ပြည်နယ် ပညာရပ်စုံတက္ကသိုလ် (KSCU) တို့ကိုလည်း KIA က ဖွင့်လှစ်ထားပါတယ်။
အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ပညာရေးဝန်ကြီးဌာနနဲ့ ချိတ်ဆက်ဆောင်ရွက်နေတဲ့ တအာင်းပညာရေးကောင်စီ (TLEC) ကလည်း ၂၀၂၄ ခုနှစ် ဒီနှစ်ပညာသင်နှစ်အတွက် ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ကျောင်းပေါင်း ငါးရာနီးပါး ဖွင့်လှစ်ဖို့ ပြင်ဆင်နေတယ်လို့ TLEC က RFA ကို ပြောဆိုထားပါတယ်။
ကယားပြည်နယ်အတွင်းမှာတော့ ၂၀၂၄-၂၅ ပညာသင်နှစ်အတွက် ကရင်နီကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) က စာသင်ကျောင်း ၄၅၆ ကျောင်း ဖွင့်လှစ်ထားတယ်လို့ တာဝန်ရှိသူက ပြောပါတယ်။
ကရင်နီပြည်က ထိန်းချုပ်နယ်မြေ ရှစ်မြို့နယ်မှာ ကျောင်းတွေဖွင့်လှစ်ထားတဲ့အကြောင်း IEC အတွင်းရေးမှူး (၁) မဇူးပဒုမ္မာက ပြောပါတယ်။
"ဒီမှာကျတော့ ကျွန်မတို့ အုပ်ချုပ်ရေးကောင်စီအနေနဲ့ စစ်ရေးအရ လွှမ်းမိုးထိန်းချုပ်နိုင်တဲ့ နယ်မြေတွေမှာ ကျောင်းတွေ ဖွင့်လှစ်ထားတာရှိတယ်၊ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီရဲ့ ပြည်ထဲရေးဌာနကနေပြီးတော့ မြို့နယ်အုပ်ချုပ်ရေးလုပ်ငန်းတွေ ဆောင်ရွက်တဲ့အခါမှာ ကျွန်မတိုခုချိန်မှာဆိုရင်တော့ ရှစ်မြို့နယ် ဖွဲ့စည်းပြီးသားဖြစ်တယ်ပေါ့နော်၊ ဒီရှစ်မြို့နယ်လုံးမှာ IEC ရဲ့ မူဝါဒတွေ ဆောင်ရွက်မှုတွေနဲ့အတူ ဖွင့်လှစ်ထားတဲ့ ကျောင်းတွေရှိတယ်၊ ၄၅၀ ဝန်းကျင်သောကျောင်းတွေဖြစ်တယ်"
ကရင်နီပြည်မှာ အထက်တန်းပညာရေးအဖြစ် ကောလိပ်အဆင့် ခြောက်ကျောင်းဖွင့်လှစ်ထားပြီး ဆရာ၊ ဆရာမ စုစုပေါင်းသုံးထောင်ကျော်ရှိကာ အဲဒီထဲမှာ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်တဲ့ ဆရာ၊ ဆရာမ ခုနစ်ရာကျော် ပါဝင်တယ်လို့လည်း ဆိုပါတယ်။
သင်ထောက်ကူပစ္စည်းတွေ၊ ဖတ်စာအုပ်တွေ၊ ဆရာ၊ ဆရာမတွေ လုံလောက်တဲ့ လုပ်ခလစာပေးဖို့လည်း လိုအပ်နေပြီး IEC က တတ်နိုင်သလောက် လုပ်ပေးနေတယ်လို့ ပြောပါတယ်။
အခြားတိုင်းရင်းသားလက်နက်ကိုင်တွေ ထိန်းချုပ်နယ်မြေတွေမှာလည်း စာသင်ကျောင်းတွေ ဖွင့်လှစ်တာတွေရှိသလို ရက္ခိုင့်တပ်တော် (AA) ထိန်းချုပ်နယ်မြေတွေမှာတော့ စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ပစ်တာ၊ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ကျောင်းတွေမဖွင့်လှစ်နိုင်ဘူးလို့ ဇွန်လ ၈ ရက်နေ့ကကျင်းပတဲ့ သတင်းစာရှင်းပွဲမှာ AA ပြောခွင့်ရသူ ဦးခိုင်သုခ က ပြောဆိုထားပါတယ်။ အသေးစိတ်သိရဖို့ RFA က ဆက်သွယ်မေးမြန်းပေမဲ့ ပြန်လည်ဖြေဆိုတာ မရှိပါဘူး။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၅ ရက်နေ့က ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်း၊ ဒေါဆီအီရွာက စာသင်ကျောင်းတစ်ကျောင်းကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲခဲ့တာကြောင့် ကလေးငယ် လေးဦး သေဆုံးပြီး ဆယ်ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။
အလားတူ စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ် ရွာကုန်းကြီးရွာရှိ NUG လက်အောက်ခံ စာသင်ကျောင်းကိုလည်း ဇွန်လ ၁၅ ရက်နေ့က စစ်ကောင်စီတပ် လေကြောင်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် ကျောင်းအဆောင်တွေအားလုံး ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီက စာသင်ကျောင်းတွေကိုပါ ပစ်မှတ်ထားပြီး လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် စာသင်ကျောင်းတွေဖွင့်လှစ်ပေမဲ့ ကလေးတွေ တိုက်ခိုက်ခံရမှာ စိုးရိမ်တာတွေလည်း ရှိပါတယ်။
စစ်ကောင်စီက ပညာရေးလုပ်ငန်းတွေမလုပ်နိုင်အောင် စာသင်ကျောင်းတွေကို ပစ်မှတ်ထား ဗုံးကြဲတာကြောင့် စိုးရိမ်နေရတယ်လို့ IEC အတွင်းရေးမှူး (၁) မဇူးပဒုမ္မာက ပြောပါတယ်။
"ကျောင်းတော်တော်များများက မိုဘိုင်း(ရွေ့လျား)ကျောင်းတွေပဲဖြစ်တယ်၊ လှည့်ပတ်ပြီးတော့ စစ်မဖြစ်တဲ့နေရာတွေမှာ ပိုပြီးတော့ လုံခြုံမယ်လို့ ထင်ရတဲ့နေရာတွေမှာ တောတောင်တွေမှာ လှည့်လည်သင်နေတဲ့ မိုဘိုင်းပညာရေးပုံစံမျိုးနဲ့ သွားနေတာ ရှိတယ်၊ စစ်ကောင်စီ ဝင်ရောက်လို့မရတဲ့နေရာတွေမှာတော့ အရင်ကကျောင်းအဆောက်အဦတွေကို ပြန်လည်သုံးပြီး သင်ကြားနေတဲ့ ပုံစံတွေလည်းရှိတယ်၊ အဲလိုအဆောက်အဦတွေမှာဆို သူတို့ဆီမှာက အချက်အလက်တွေရှိတယ်ပေါ့နော်၊ နေရာတွေအတိအကျသိတဲ့အခါမှာ ဒီဘက်က ပညာရေးလုပ်ငန်းတွေကို ဆက်ပြီးတော့ မလုပ်နိုင်အောင်၊ နိုင်ငံရေး ဖိနှိပ်ချင်တာလည်းပါတာကြောင့် ကျောင်းတွေကို အဓိကပစ်မှတ်ထားပြီးတော့ ဗုံးကြဲတိုက်ခိုက်တာတွေ တောက်လျောက်လုပ်လာခဲ့တာဖြစ်တယ်"
စစ်ကောင်စီက သူတို့မထင်ရင်နေရာတိုင်းကို ဗုံးကြဲလေ့ရှိတယ်လို့လည်း KIA သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကလည်း ပြောပါတယ်။
"အဲတာတော့ စိုးရိမ်တာပေါ့၊ ဘာကြောင့်လည်းဆိုတော့ စကစက ရန်သူရှိရှိ၊ မရှိရှိ ဘာမှမဆိုင်ဘူး၊ သူတို့က ကြိုက်တဲ့နေရာမှာ မထင်တဲ့နေရာမှာ ဗုံးကကြဲတာ၊ လေယာဉ်နဲ့ပစ်တာ၊ ဒါတော့ ရှိပါတယ်၊ ဒါပေမဲ့ ကျွန်တော်တို့က လုံခြုံမှုရှိတဲ့နေရာမှာပဲ ကျောင်းတွေဖွင့်တာ ဖြစ်ပါတယ်၊ တိုက်ပွဲနဲ့ နီးတဲ့နေရာတွေကို အတတ်နိုင်ဆုံးတော့ ရှောင်ပါတယ်"
စစ်ကောင်စီဘက်က စာသင်ကျောင်းတွေကိုပါ ပစ်မှတ်ထားဗုံးကြဲတယ်ဆိုတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ ဆက်သွယ်ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
တိုင်းရင်းသားပညာရေးဌာနတွေကတော့ လေကြောင်းအန္တရာယ်အသိပေးတာနဲ့ တိုက်ပွဲနဲ့ ဝေးတဲ့နေရာတွေမှာ အတတ်နိုင်ဆုံး ကျောင်းတွေဖွင့်လှစ်ထားတယ်လို့ ပြောဆိုကြပါတယ်။
စစ်ကောင်စီရဲ့ ဇွန်လ ၂ ရက်နေ့ ထုတ်ပြန်ချက်အရ အခုနှစ် ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်မှာ ၆ ဒသမ ၃၉ သန်း (၆,၃၉၃,၅၂၈ ဦး) ကျောင်းအပ်နှံခဲ့ပြီး ပြီးခဲ့တဲ့ နှစ်ကထက် လျော့ကျခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။