အင်းလေးမှာ ရွာပေါင်း ၁၇၀ ကျော် ရေမြုပ်ပြီး လူနှစ်သောင်းကျော် အရေးပေါ် အကူအညီလိုနေ

RFA Burmese
2024.09.16
အင်းလေးမှာ ရွာပေါင်း ၁၇၀ ကျော် ရေမြုပ်ပြီး လူနှစ်သောင်းကျော် အရေးပေါ် အကူအညီလိုနေ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးကန်ထဲရှိ နေအိမ်များ နစ်မြုပ်နေသည်ကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်‌နေ့က တွေ့ရစဉ်။
Citizen Photo

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးကန်မှာ ရွာပေါင်း ၁၇၃ ရွာက ဒေသခံ နှစ်သောင်းကျော် ရေဘေးကြုံနေပြီး စားနပ်ရိက္ခာ အရေးပေါ် အကူအညီလိုနေတယ်လို့ ဒေသခံတွေနဲ့ ကူညီနေသူတွေက ပြောပါတယ်။

စက်တင်ဘာလ ၁၁ ရက်နေ့ကတည်းက မိုးများပြီး တောင်ကျရေတွေကြောင့် ပုံမှန် ရေမျက်နှာပြင်ထက် ပေနှစ်ဆယ်ကျော် မြင့်တက်နေသလို၊ အင်းလေးကန်ထဲက အိမ်နှစ်ထောင်နီးပါး ရေနစ်မြုပ်နေပါတယ်။

လက်ရှိမှာ စားနပ်ရိက္ခာနဲ့ သောက်သုံးရေ အရေးတကြီး လိုအပ်နေတယ်လို့ အင်းလေးဒေသခံက RFA ကိုပြောပါတယ်။

"စားစရာပေါ့၊ နေစရာကတော့ အခုအချိန်အထိ ရှိနေသေးတယ်ပေါ့ဗျာ။ ဒီထက် ရေထပ်တက်မယ်ဆိုရင်တော့ နေစရာပါ ပျောက်သွားမှာ။ နှစ်ထပ်အိမ်ဆိုလို့ရှိရင် အပေါ်တစ်ထပ်ပဲ ကျန်တယ်။ အောက်တစ်ထပ်အိမ်ဆိုရင် အကုန်မြုပ်သွားပြီ။ နေစရာအဆင်ပြေတယ်ဆိုပေမဲ့လည်း စားစရာ လုံးဝမရှိဘူးပေါ့နော်၊ စားစရာရှိရင်တော့ ပိုအဆင်ပြေတယ်"

"နေစရာအဆင်ပြေတယ်ဆိုပေမဲ့လည်း စားစရာ လုံးဝမရှိဘူးပေါ့နော်၊ စားစရာရှိရင်တော့ ပိုအဆင်ပြေတယ်"

ကလော၊ အောင်ပန်း၊ ဟဲဟိုး၊ ရပ်စောက်၊ တောင်ကြီး၊ နောင်တရားနဲ့ တီကျစ်မြို့တွေမှာရှိတဲ့ ချောင်းပေါင်း ၂၉ ခုကနေ ရေစီးဝင်နေတဲ့ အင်းလေးကန်ဟာ မိုးဆက်တိုက်ရွာပြီး နောက်မှာ ပုံမှန်မဟုတ်ဘဲ ရေကြီးလာတာလို့ ကူညီနေတဲ့သူတွေက ပြောပါတယ်။

အိမ် ရှစ်ရာနီးပါးရှိတဲ့ ဟဲယာရွာမှာလည်း တစ်ထပ်အိမ်တွေအကုန်လုံး ရေနစ်မြုပ်နေပြီး သွားလာရေး ခက်ခဲနေတယ်လို့ ရွာခံတစ်ဦးက RFA ကို ပြောပါတယ်။

"ဒီမှာကလေ ကျွန်မတို့ရွာ တစ်ရွာတည်းတောင် အိမ်ခြေရှစ်ရာထဲကနေ နည်းနည်းပဲကျန်တော့တဲ့ဥစ္စာ၊ အကုန်လုံး ဒုက္ခရောက်နေကြပြီ။ တချို့က အိမ်တစ်အိမ်လုံး ခေါင်းမိုးအထိ မြုပ်တဲ့သူတွေလည်းရှိတယ်။ ပိုက်ဆံရှိလည်း ဝယ်စားဖို့မရှိဘူးပေါ့နော်။ အိမ်ကို သူများလာပို့မှ၊ လှေလေးတွေနဲ့ လာပို့မှ၊ လှေနဲ့ပဲ သွားနေရတာ ဆိုတော့လေ၊ တချို့ လှေမရှိတဲ့သူတွေ အရမ်းဒုက္ခရောက်ရတယ်လေ၊ တစ်အိမ်နဲ့တစ်အိမ် သူများပေးငှားမှပဲ သွားရတာလေ"

စိုက်ပျိုးရေးနဲ့ ရက်ကန်းလုပ်ငန်းတချို့လည်း ရေနစ်မြုပ်ကုန်ပြီလို့ ဆိုပါတယ်။

အခုရေကြီးတာဟာ နှစ်ပေါင်းသုံးဆယ်ကျော်အတွင်း အဆိုးဆုံးဖြစ်တယ်လို့ မန်ကျည်းဆိပ်ရွာခံ တစ်ဦးက RFA ကိုပြောပါတယ်။

"မကြုံခဲ့ဘူး၊ အခုမှ ကြုံဖူးတာ။ အရင်တုန်းကဆို ရေကြီးလည်း တစ်ထပ်ဆို အဲဒီလောက်မဆိုးဘူး၊ နေလို့ရတယ်။ လိုင်းက လုံးဝပြောလို့မရဘူး။ ဖုန်းဆိုလည်း မနေ့ကနဲ့ ဒီနေ့ပဲ ဖုန်းခေါ်လို့ရတာ။ မီးကတော့ လုံးဝကို အပြတ်ပဲ။ ထရန်စဖော်မာတွေလည်း ရေမြုပ်နေပြီ။ ကလေးတွေလည်း ကျောင်းမသွားရဘူး၊ ဘာမှကိုမရှိတာ"

လျှပ်စစ်မီးမရလို့ ချက်ပြုတ်စားသောက်ဖို့ အခက်အခဲရှိနေပြီး အလွယ်တကူ စားလို့ရတဲ့ စားစရာတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသရှိ ဘုန်းကြီးကျောင်းတစ်ကျောင်း ရေနစ်မြုပ်နေသည်ကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်နေ့က တွေ့ရစဉ်။ (Photo: Citizen Photo)
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသရှိ ဘုန်းကြီးကျောင်းတစ်ကျောင်း ရေနစ်မြုပ်နေသည်ကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်နေ့က တွေ့ရစဉ်။ (Photo: Citizen Photo)

အသက်အရွယ်ကြီးတဲ့သူတွေကို ဘေးလွတ်ရာ ဘုန်းကြီးကျောင်းတွေဆီ ပြောင်းရွှေ့ထားပြီး ရေသန့်နဲ့ ဆေးဝါးတချို့ လိုအပ်နေတယ်လို့ ပရဟိတ ကယ်ဆယ်ရေးသမားတစ်ဦးက RFA ကို ပြောပါတယ်။

"နီးစပ်ရာ အသိမိတ်ဆွေ ဆွေမျိုးတွေအိမ်မှာ မိသားစု လေးငါးခြောက်ဦး စုနေတယ်။ ဘုန်းကြီးကျောင်းမှာ နေတယ်။ အခုဆို သောက်ရေဆိုရင် တောင်ပေါ်တွေသွားပြီး ရေကူးပြီး သွားခပ်ရတဲ့ အနေထားတွေပေါ့။ အင်းရေ အနေအထားက သုံးလို့မရတဲ့ အနေအထား ဖြစ်နေတယ်။ ဒီနေ့မှာတော့ ရေတော့ မတက်တော့ဘူး။ ဒါပေမဲ့ ကျဖို့ကတော့ ကုန်းပေါ်တွေက တဖြည်းဖြည်းကျလာမှသာ ကျွန်တော်တို့ဘက်က ရေလျော့သွားမှာပေါ့။ အနည်းဆုံးတော့ တစ်လခွဲ နှစ်လလောက်တော့ စောင့်ရဦးမှာပေါ့"


ဆက်နွှယ်သောသတင်းများ

ရေဘေးကြောင့် နိုင်ငံတစ်ဝန်း သေဆုံးသူ ၁၁၃ ဦး ရှိလာ

တောင်ငူခရိုင်မှာ လူရှစ်သောင်းနီးပါး ရေဘေးလွတ်ရာ ရွှေ့ပြောင်း

ရမည်းသင်းမှာ ရေကြီးမြေပြိုမှုတွေကြောင့် လူငါးဆယ်ခန့် သေဆုံး၊ ရာနဲ့ချီ ပျောက်ဆုံးနေ


သူတို့အနေနဲ့ ကူညီကယ်ဆယ်ရေးတွေ လုပ်နေတယ်လို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရသူ စီးပွားရေးရာ ဝန်ကြီး ဦးခွန်သိန်းမောင်က RFA ကိုပြောပါတယ်။

"အစိုးရအဖွဲ့အနေနဲ့ကတော့ လိုအပ်တဲ့ ပထမဦးဆုံးကတော့ ကူညီကယ်ဆယ်ရေးတွေ ဆောင်ရွက်တယ်။ ပြီးရင်တော့ ဖွံ့ဖြိုးရေးတွေ၊ ပြန်လည်တည်ဆောက်ရေးတွေ ဆောင်ရွက်နေပါတယ်ခင်ဗျ။ ဒီနေ့ကတော့ အားလုံး ဝိုင်းပြီးကူညီဖို့ကို ဒေသတွင်း အချက်အလက်တွေ မှန်အောင်ဆောင်ရွက်တယ်"

ယာဂီတိုင်ဖွန်းမုန်တိုင်းအရှိန်ကြောင့် မြန်မာနိုင်ငံမှာ ရေကြီးတာ၊ မြေပြိုတာတွေ အဆိုးဆုံး ရင်ဆိုင်နေရတယ်လို့ WFP ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့က ပြောထားပါတယ်။

ရေကြီးရေလျှံမှုကြောင့် နိုင်ငံတစ်ဝန်းက လူပေါင်း ၃၂၀,၀၀၀ ကျော် အရေးပေါ်ပြောင်းရွှေ့ခဲ့ရပြီး သေဆုံးသူ ၁၁၃ ဦး၊ ပျောက်ဆုံးသူ ၆၄ ဦးနဲ့ ဒဏ်ရာရသူ ၁၄ ဦးရှိတယ်လို့ စစ်ကောင်စီက စက်တင်ဘာ ၁၅ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။ ဒါပေမဲ့ ဒေသအလိုက်ကူညီနေတဲ့ အရပ်ဘက် ပရဟိတအဖွဲ့တွေရဲ့ ပြောဆိုချက်အရ သေဆုံးတဲ့သူဦးရေ ဒီထက်ပိုများနိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။