တိုက်ပွဲတွေကြား ပညာသင်ကြားခွင့်မဆုံးရှုံးရေး ဘယ်လိုရှေ့ဆက်နေရလဲ

RFA Burmese
2024.07.25
တိုက်ပွဲတွေကြား ပညာသင်ကြားခွင့်မဆုံးရှုံးရေး ဘယ်လိုရှေ့ဆက်နေရလဲ KNU ထိန်းချုပ်နယ်မြေ ဘီးလင်းမြို့နယ်ရှိ ခေါပိုးပလယ်(မင်းစော) အလယ်တန်းကျောင်းကို လေကြောင်းမှ တိုက်ခိုက်ခံရအပြီး ပျက်စီးသွားသည့် မြင်ကွင်းတစ်ခုအား ၂ဝ၂၄ ခုနှစ် မတ်လ ၂၄ ရက်နေ့က တွေ့ရစဉ်။
PSLF/TNLA News

စစ်တပ်အာဏာသိမ်းထားတဲ့ သုံးနှစ်ကျော်အတွင်း စစ်ကောင်စီတပ် တိုက်ခိုက်မှုတွေကြောင့် စာသင်ကျောင်းပေါင်း ၁၃၃ ကျောင်းထက်မနည်း ပျက်စီးခဲ့တယ်လို့ မြန်မာနိုင်ငံမှာ စစ်ရာဇဝတ်မှုကျူးလွန်တဲ့ အထောက်အထားတွေ သုတေသနပြုစုဆောင်းနေတဲ့ Myanmar Witness အဖွဲ့က ဇူလိုင် ၂ဝ ရက်နေ့ထုတ် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံတစ်ဝန်း တိုက်ပွဲတွေအတွင်း ထိခိုက်ပျက်စီးခဲ့တဲ့ စာသင်ကျောင်းအများစုဟာ ပြန်လည်ဖွင့်လှစ်နိုင်ခြင်းမရှိဘဲ လုံခြုံတဲ့နေရာရှာဖွေပြီး ကိုယ်ထူကိုယ်ထကျောင်းတွေနဲ့ ပညာရေးကို ရှေ့ဆက်နိုင်အောင် ကြိုးစားနေရတယ်လို့ စစ်ဘေးဒုက္ခသည်ကလေးတွေကို စာသင်ကြားပေးနေတဲ့ ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသားမိဘတွေ၊ ပညာရေးဆိုင်ရာ တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။

Myanmar Witness အစီရင်ခံစာအရ တိုက်ခိုက်ခံရတဲ့ စာသင်ကျောင်းအများစုဟာ စစ်ကောင်စီလေတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့တာဖြစ်ပြီး အဲဒီထဲမှာ စစ်ကိုင်းတိုင်းအတွင်းက ထိခိုက်မှုအများဆုံးနဲ့ ပျက်စီးမှုအားလုံးရဲ့ သုံးပုံတစ်ပုံခန့်ရှိတယ်လို့ ခန့်မှန်းထားပါတယ်။

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်က လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကိုယ်ထူကိုယ်ထ ကျောင်းဆရာတစ်ဦးကလ “ကျွန်တော်တို့ဘက် စာသင်ကျောင်းတွေ တိုက်ခိုက်ခံရတာ အများဆုံးရှိပါတယ်။ အခုကျတော့ စာသင်ကျောင်းတွေမှာ သင်ဖို့အတွက် မလုံမခြုံဖြစ်တာပေါ့နော်။ ကျောင်းသားတွေအတွက်။ အဲဒီအခါကျတော့ အခု ဘယ်လိုသင်ရလဲဆိုတော့ အခုကျွန်တော်တို့ လုံခြုံတဲ့နေရာလေးတွေပေါ့ဗျာ။ အဲဒါလေးကိုမှ အစုအဖွဲ့လေးတွေနဲ့ သင်ရတယ်ပေါ့ဗျာ အဲဒီလိုမျိုး။ ကလေးတွေလည်း တော်တော်လေး ပင်ပန်းတယ်ပေါ့လေနော်။ ပွင့်ပွင့်လင်းလင်း မသင်ရဲဘူးပေါ့”လို့ ပြောပါတယ်။

Myanmar Witness အစီရင်ခံစာထုတ်ပြန်ပြီးနောက် ဗြိတိန်နိုင်ငံခြားရေးဌာန ပြောခွင့်ရှိသူက မြန်မာစစ်တပ်အနေနဲ့ စာသင်ကျောင်းတွေအပါအဝင် အရပ်သားအဆောက်အအုံတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတာ ချက်ချင်းရပ်ဖို့ တိုက်တွန်းလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ စာသင်ကျောင်းတွေ ဖျက်ဆီးခံနေရတဲ့အပြင် ပညာရေးအခွင့်အလမ်းတွေ မရှိလောက်အောင် ဖိနှိပ်ခံနေရတယ်လို့လည်း သူက ပြောပါတယ်။

“နိုင်ငံတကာ ဥပဒေတွေအရ စာသင်ကျောင်းတွေကို အကာအကွယ်ပေးထားပေမဲ့ လက်တွေ့မှာတော့ အကာအကွယ်မရရှိပါဘူး”

ဒါ့အပြင် ကျောင်းတွေဟာ လုံလုံခြုံခြုံနဲ့ စာသင်ကြရမဲ့နေရာသာဖြစ်သင့်ပြီး ပဋိပက္ခတွေကြားမှာ ထိခိုက်ပျက်စီးရတာမျိုး မဖြစ်သင့်ဘူးလို့လည်း ထောက်ပြပါတယ်။

စစ်ကောင်စီက အာဏာသိမ်းချိန်ကနေ ၂၀၂၄ ဧပြီလ ၃၀ ရက်နေ့အထိ စာသင်ကျောင်းတွေနဲ့ တက္ကသိုလ်တွေကို ထိခိုက်ပျက်စီးစေတဲ့တိုက်ခိုက်မှု ၁၇၄ ကြိမ်ရှိခဲ့ပြီး အဲဒီတိုက်ခိုက်မှုတွေအတွင်း ကျောင်းပေါင်း ၁၃၃ ကျောင်းထက်မနည်း ပျက်စီးခဲ့သလို သေဆုံးသူ ၆၄ ဦးနဲ့ ဒဏ်ရာရရှိသူ ၁၀၆ ဦး ရှိတယ်လို့ အစီရင်ခံစာက ဖော်ပြပါတယ်။

ဖရူဆိုအရှေ့ဘက်အခြမ်း ကျေးရွာအချို့ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ပျက်စီးသွားသည့် စာသင်ကျောင်းဆောင်တစ်ခုအား ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ - ကရင်နီလူ့အခွင့်အရေးအဖွဲ့)
ဖရူဆိုအရှေ့ဘက်အခြမ်း ကျေးရွာအချို့ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ပျက်စီးသွားသည့် စာသင်ကျောင်းဆောင်တစ်ခုအား ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ - ကရင်နီလူ့အခွင့်အရေးအဖွဲ့)

ဒီအစီရင်ခံစာထဲမှာ စာသင်ကျောင်းတွေ ထိခိုက်ပျက်စီးတဲ့ ဖြစ်ရပ်တွေထဲက စစ်ကိုင်းတိုင်း ကနီ၊ ရေဦး၊ ချင်းပြည်နယ် မတူပီနဲ့ ကယားပြည်နယ် လွိုင်ကော်က အခြေအနေလေးခုကို ဖော်ပြထားပါတယ်။ Myanmar Witness ရရှိထားတဲ့ စာရင်းတွေအရ စစ်ကိုင်းတိုင်းပြီးရင် ရှမ်း၊ ကရင်၊ ကယားစတဲ့ ပြည်နယ်တွေမှာ ပျက်စီးမှုများတယ်လို့ ဆိုပါတယ်။

ဒီနှစ်အတွင်း ကယားပြည်နယ်မှာ အနည်းဆုံး စာသင်ကျောင်းနှစ်ကျောင်း ဗုံးကြဲခံခဲ့ရပြီး ပြန်လည် မဖွင့်လှစ်နိုင်သေးဘူးလို့ ကရင်နီ ကြားကာလအုပ်ချုပ်ရေး ကောင်စီ (IEC) ရဲ့ အတွင်းရေးမှူး (၂) ကိုဗညားက ပြောပါတယ်။

“ကျောင်းနှစ်ကျောင်း ဗုံးကြဲခြင်းခံရတဲ့အထဲမှာ ကျောင်းဆောင်တစ်ဆောင်ကတော့ လုံးဝကို ပျက်စီးသွားတယ်ပေါ့နော်။ ကျောင်းနှစ်ကျောင်းလုံးကလည်း အခုချိန်အထိ ပြန်လည်ပြီးတော့မှ ကျွန်တော်တို့ ကျောင်းဖွင့်လှစ်နိုင်ခြင်းမရှိဘဲနဲ့ နီးစပ်ရာ တောတွေထဲမှာပဲ ကျောင်းတွေကို ပြန်လည်ပြီးတော့ ယာယီကျောင်းဆောင်တွေ ဆောက်လုပ်ပြီးတော့မှ တက်နေတာရှိပါတယ်”

စစ်ရေးပဋိပက္ခ ပြင်းထန်နေတဲ့ ကယားပြည်နယ်မှာ ကရင်နီ ကြားကာလအုပ်ချုပ်ရေး ကောင်စီ (IEC) က ကျောင်းပေါင်းလေးရာကျော် ဖွင့်လှစ်ထားတာပါ။ ဒီလိုဖွင့်လှစ်ထားပေမဲ့လည်း စစ်တပ်လေကြောင်းရန်ကို စိုးရိမ်နေရဆဲဖြစ်ပါတယ်။

“ရန်ကုန်နဲ့ ဧရာဝတီတိုင်းကလွဲလို့ ကျန်တဲ့ တိုင်းနဲ့ ပြည်နယ်တွေမှာ စာသင်ကျောင်းတွေ ပိတ်ထားရတာပါ”

Myanmar Witness အစီရင်ခံစာမှာတော့ နိုင်ငံတကာ ဥပဒေတွေအရ စာသင်ကျောင်းတွေကို အကာအကွယ်ပေးထားပေမဲ့ လက်တွေ့မှာတော့ အကာအကွယ်မရရှိဘူးလို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်က လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကျောင်းသားမိဘတစ်ဦးကတော့ အန္တရာယ်တွေ ရှိနေတဲ့ကြားကပဲ သားသမီးတွေ ပညာသင်ခွင့်မဆုံးရှုံးရအောင် ကိုယ်ထူကိုယ်ထကျောင်းတွေမှာ ကျောင်းဆက်ထားနေရတယ်လို့ ပြောပါတယ်။

“သင်တဲ့ဆရာတွေလည်း ဟိုစွန့်စားပြီးတော့ သင်ပေးရှာတယ်ပေါ့နော်။ အဲဒီလို သူတို့တောင် သင်ပေးသေးတာပဲ မိဘတွေအနေနဲ့ မထားနိုင်စရာအကြောင်းမရှိဘူးလို့ အဲဒီလိုမျိုးပဲလုပ်ပြီးတော့ ထားကြရတာပေါ့”

နိုင်ငံတစ်ဝန်း တိုက်ပွဲတွေကြောင့် ရန်ကုန်နဲ့ ဧရာဝတီတိုင်းကလွဲလို့ ကျန်တဲ့ တိုင်းနဲ့ ပြည်နယ်တွေမှာ စာသင်ကျောင်းတွေ ပိတ်ထားရတာပါ။

Myanmar Witness ရဲ့ စီမံကိန်းဒါရိုက်တာ Matt Lawrence ကတော့ “ပညာရေးဟာ မြန်မာနိုင်ငံ ဒီမိုကရေစီလှုပ်ရှားမှုကို ကျောထောက်နောက်ခံပြုထားတာဖြစ်ပြီး ဒီနေ့ခေတ် မြန်မာလူငယ်တွေဟာ သူတို့ရဲ့ကျောင်းတွေနဲ့ ဘဝအခွင့်အလမ်းတွေ ပြိုဆင်းပျက်စီးတာကို မျက်ဝါးထင်ထင် ကြုံတွေ့နေရပါတယ်”လို့ ထောက်ပြထားပါတယ်။


ဆက်နွှယ်သောသတင်းများ

နိုင်ငံတစ်ဝန်း စာသင်ကျောင်း တစ်သောင်းကျော် ပိတ်ထားရ

တနင်္သာရီမှာ စာသင်ကျောင်းအနီး လေကြောင်းတိုက်ခိုက်မှုကြောင့် ကျောင်းသားနှစ်ဦးဒဏ်ရာရ

ချင်းတောင်တိုက်ပွဲတွေကြားက ကိုယ်ထူကိုယ်ထစာသင်ကျောင်း


အခုလဆန်းပိုင်းကလည်း တနင်္သာရီမြို့နယ် သာရဖုံရွာက စာသင်ကျောင်းအနီးကို စစ်ကောင်စီတပ်က စစ်ရဟတ်ယာဥ်နဲ့ ပစ်ခတ်ထားတိုက်ခိုက်တာကြောင့် ကျောင်းသားနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီလိုတိုက်ခိုက်ခံရပြီးနောက်ပိုင်း လတ်တလော စာသင်ကျောင်းအများစု ပိတ်ထားရတယ်လို့ တနင်္သာရီမြို့နယ် ဗမာ့လူငယ်ကွန်ရက်က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“လက်ရှိအနေအထားအရ ကျွန်တော်တို့က လေယာဥ်က အမြဲလာလာဝဲနေတယ်ဆိုတော့ ကျွန်တော်တို့ ဒီစာသင်ကျောင်းရဲ့ ယန္တရားကတော့ ရပ်ထားရတယ်။ အဓိကကတော့ ကျောင်းတွေက ပြန်ဖွင့်ဖို့ အဆင်မပြေဘူးဗျ။ သူတို့ (စစ်ကောင်စီ) က နေသာတာနဲ့ကို လေယာဉ်က ပျံလာတယ်ဗျ။ ပျံလာတယ်ပေါ့။ အဓိကကတော့ သူတို့ ကြည့်တယ်။ ကင်းထောက်တယ်ပေါ့။ သူတို့ အဆင်ပြေတယ်ဆိုရင်လည်း ဗုံးချသွားခဲ့တယ်ပေါ့လေ”

နိုင်ငံတစ်ဝန်းမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဖွင့်လှစ်ထားတဲ့ စာသင်ကျောင်းပေါင်း လေးထောင်ကျော် (၄,၃၈၂ ကျောင်း) ရှိနေပါတယ်။

အဲဒီကျောင်းတွေထဲက တချို့ကျောင်းတွေမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ကျောင်းသူ၊ ကျောင်းသား၊ ဆရာ၊ ဆရာမတွေရဲ့ အသက်အန္တရာယ် ဆုံးရှုံးရတဲ့အထိ ကြုံနေရတယ်လို့ NUG ပညာရေးဒုဝန်ကြီး ဒေါက်တာစိုင်းခိုင်မျိုးထွန်းက RFA ကို အခုလဆန်းပိုင်းမှာ ဖြေကြားထားပါတယ်။

Myanmar Witness အစီရင်ခံစာနဲ့ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေကြားခြင်းမရှိပါဘူး။

စစ်ကောင်စီ ပညာရေးဝန်ကြီးဌာနစာရင်းအရ နိုင်ငံတစ်ဝန်းမှာ စာသင်ကျောင်း ငါးသောင်းခန့် (၄၈,၇၅၃ ကျောင်း) ရှိပြီး တိုက်ပွဲတွေကြောင့် အဲဒီထဲက ကျောင်းပေါင်း (၁၃,၇ဝဝ) ပိတ်ထားရပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
စစ်ခေါင်းဆောင်တွေကို ဖမ်းဝရမ်းထုတ်နိုင်ရေး ကူညီကြဖို့ IIMM တိုက်တွန်း
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။