နှစ်ရက်အတွင်း စစ်ကောင်စီတပ်စခန်း လေးခု တိုက်ခိုက်သိမ်းယူခံရ
2023.09.03

စစ်ကောင်စီတပ်က နယ်မြေထိန်းချုပ်နိုင်ဖို့ အပြင်းအထန် ကြိုးစားနေချိန်မှာပဲ သူတပ်စွဲအထိုင်ချထားတဲ့ စခန်းလေးခုကို တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းအဖွဲ့တွေက စက်တင်ဘာ ၁ ရက်နဲ့ ၂ ရက်နေ့တွေမှာ သိမ်းယူခဲ့ပါတယ်။
ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် သေးဆူလဲစခန်းနဲ့ ပူဖားရွာစခန်း၊ ကချင်ပြည်နယ် ရွှေကူမြို့နယ် ကျောက်ကြီးရွာစခန်းနဲ့ ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်က သစ်ချဆိပ် စခန်းတွေ သိမ်းယူခံလိုက်ရတာပါ။
“မြစ်ရိုးတစ်လျှောက် အကုန်လုံးက ပြေးနေရတဲ့အိမ်တွေ၊ ပြေးနေရတဲ့ရွာတွေ ရှိတာလေနော်"
တိုက်ပွဲတွေကြောင့် ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်ထဲမှာ စစ်ဘေးဒုက္ခသည် ခြောက်ထောင်ကျော် (၆၃၂၉ ဦး) နဲ့ ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ စစ်ဘေးဒုက္ခသည် လေးထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
စက်တင်ဘာလ ၂ ရက် မနေ့က မနက် ၅ နာရီကစလို့ ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့ မြောက်ဘက် လေးမိုင်ခန့်အကွာက သေးဆူလဲရွာနဲ့ ပူဖားရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီစခန်းကို ကရင်နီဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ ပါတယ်။
စစ်ရေးအရ အရေးပါတဲ့ အဲဒီတပ်စခန်းနှစ်ခုစလုံးကို နှစ်နာရီနီးပါးကြာအောင် တိုက်ခိုက်ပြီး သိမ်းယူနိုင်ခဲ့တယ်လို့ ကရင်နီတပ်မတော် (KA) စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က RFA ကို ပြောပါတယ်။
“တိုက်ပွဲကတော့ တစ်နာရီ၊ နှစ်နာရီနီးပါး ကြာပါတယ်။ များသောအားဖြင့်ပေါ့နော်။ ပစ္စည်းတွေဘာတွေ သိမ်းဆည်းရတာနဲ့ အရေးပါတယ် ဟုတ်တယ်။ သူက (အဲဒီနေရာက) လွိုင်ကော်ကနေ ကာပေးတယ်။ လွိုင်ကော်မြို့ဝင်ဖို့ လမ်းကြောင်းတွေရှိတယ်လေ။ ကျွန်တော်တို့ ဒီနယ်မြေထဲ နမ့်မတူဘက်ကနေ ဟိုး မိုးဗြဲ သွားတဲ့လမ်း၊ လွိုင်ကော် မိုင်းလုံးကနေ ဝင်တဲ့လမ်းရှိတယ်။ အဲဒီလမ်းကြောင်းပေါ့လေ၊ ပိတ်တဲ့သဘော ဖြစ်တယ်ပေါ့”
ဒီစခန်းနှစ်ခုဟာ ကယားပြည်နယ်ရဲ့ မြို့တော် လွိုင်ကော်မြို့နဲ့ ရှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့အကြား ထိန်းချုပ်နိုင်ဖို့ အချက်အချာကျတဲ့ နေရာဖြစ်တယ်လို့ KA စစ်ရေးချုပ် ဗိုလ်မှူးဘုန်းနိုင်က ပြောပါတယ်။
၂၀၂၂ နှစ်ကုန်ပိုင်းကလည်း ဒီစခန်းနှစ်ခုကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ သိမ်းယူခဲ့ပေမယ့် စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ ပြန်ပြီးထိုးစစ်ဆင်ခဲ့လို့ လက်လွှတ်ခဲ့ရပါတယ်။ လက်ရှိမှာလည်း ဒီစခန်းနှစ်ခုကို ပြန်ရဖို့ စစ်ကောင်စီတပ်က အပြင်းအထန်ထိုးစစ်ဆင်နေတယ်လို့ ဆိုပါတယ်။
ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်က စစ်ကောင်စီတပ်ရဲ့ ခြေလျင်တပ်ရင်းတွေဖြစ်တဲ့ ခလရ−၄၃၉၊ ခလရ−၆၀၊ ခမရ−၃၅၀ နဲ့ ခမရ−၃၅၁ တို့တပ်စွဲထားတဲ့ သစ်ချဆိပ် စခန်းကိုလည်း ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံ KNLA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက စက်တင်ဘာလ ၁ ရက်မှာ သိမ်းယူခဲ့ပါတယ်။
သစ်ချဆိပ်စခန်းကိုရဖို့ သြဂုတ်လ ၃၁ ရက် မနက် ၅ နာရီကစပြီး တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၅ ဦးသေဆုံးကာ KNLA ပူးပေါင်းတပ်က နှစ်ဦး သေဆုံးခဲ့တယ်လို့ KNU က ထုတ်ပြန်ပါတယ်။
တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်သေဆုံးမှု စာရင်းကိုတော့ RFA က သီးခြားအတည်မပြု နိုင်သေးပါဘူး။
တိုက်ပွဲတွေကြောင့် ကျောက်ကြီးမြို့နယ် သစ်ချဆိပ်ရွာ အပါအဝင် ဖိုးသောင်းစုရွာ၊ မျက်ရဲကရင်ရွာ၊ မျက်ရဲဗမာရွာ၊ ငလောက်တတ်ရွာ စတဲ့ ရွာပေါင်း ၂၆ ရွာက ဒေသခံတွေ ထွက်ပြေးနေရတယ်လို့ KNU ဗဟိုက ဆိုပါတယ်။
စစ်ဘေးဒုက္ခသည်အများစုဟာ အနီးပတ်ဝန်းကျင်ရွာတွေမှာ တိမ်းရှောင်နေကြတယ်လို့ ကျောက်ကြီးမြို့နယ် ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“လက်ရှိအခုကတော့ တချို့ပြည်သူတွေက နီးစပ်ရာကျေးရွာတွေ ဆွေမျိုးသားချင်း ရှိတဲ့နေရာတွေ၊ ပိုက်ဆံရှိတဲ့သူတချို့ကတော့ မြို့ပေါ်ပြေးတဲ့သူတွေ ရှိတယ်။ ဒီလိုလက်လုပ်လက်စားသမားတွေ တော်တော်များများကတော့ အခုရှိနေတဲ့ နေရာဒေသ ပတ်ဝန်းကျင်မှာ နီးစပ်ရာကျေးရွာတွေမှာ အဆင်ပြေတဲ့နေရာတွေမှာ ခိုလှုံပြီးတော့ အဆင်ပြေသလိုပဲ နေရတယ်”
အလားတူ ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ကျောက်ကြီးရွာ စစ်ကောင်စီစခန်းကို မြို့လှ PDF တပ်ဖွဲ့က စက်တင်ဘာလ ၁ ရက်မှာ သိမ်းယူခဲ့ပါတယ်။
စစ်ကောင်စီတပ်က လေကြောင်းနဲ့ပါ ပြန်လည်တိုက်ခိုက်နေတဲ့အတွက် ရွှေကူမြို့နယ်မှာ ဒေသခံလေးထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“မြစ်ရိုးတစ်လျှောက် အကုန်လုံးက ပြေးနေရတဲ့အိမ်တွေ၊ ပြေးနေရတဲ့ရွာတွေ ရှိတာလေနော်။ လေး၊ ငါး၊ ခြောက်ရွာ၊ ခုနစ်ရွာလောက်ရှိတယ်ကွယ်။ အဲဒီ ခုနစ်ရွာ လောက်က အယောက်ပေါင်းက ပြေးတဲ့သူပေါင်း လေးထောင်ကျော်လောက်ရှိတယ် ပြောတာပဲ”
ရွှေကူမြို့နယ်က တိုက်ပွဲတွေနဲ့ပတ်သက်လို့ အသိရသေးဘူးလို့ ကချင်ပြည်နယ် စစ်ကောင်စီပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးဝင်းရဲထွန်းက ပြောပါတယ်။
တပ်စခန်းတွေသိမ်းခံရတဲ့ ကယားပြည်နယ်နဲ့ ပဲခူးတိုင်းက စစ်ကောင်စီပြောခွင့်ရသူတွေကို ဒီကနေ့ RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ ကချင်ပြည်နယ်၊ ကယား ပြည်နယ်နဲ့ ပဲခူးတိုင်း အပါအဝင် တိုင်းနဲ့ ပြည်နယ် ရှစ်ခုမှာ တိုက်ခိုက်မှုတွေရှိနေတယ်လို့ ၂၀၂၃ခုနှစ် ဇူလိုင်လ ၃၁ ရက်မှာ ဝန်ခံပြောဆိုခဲ့ပါတယ်။
ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းကလွဲလို့ နိုင်ငံတစ်ဝန်းမှာ တိုက်ပွဲတွေဖြစ်ပေါ်နေပြီး ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ စာရင်းတွေ အရ စစ်တပ်အာဏာသိမ်းပြီးနောက် တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရသူ ၁ ဒသမ ၆ သန်းကျော် ရှိပါတယ်