လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် ပျောက်ဆုံးနေတဲ့ မြန်မာပြည်

ကျော်လွင်ဦး (ဝါရှင်တန်ဒီစီ)
2023.05.27
လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် ပျောက်ဆုံးနေတဲ့ မြန်မာပြည် ၂ဝ၂၁ မတ်လအတွင်း ရန်ကုန်မြို့က လူမှုကွန်ရက် ဖေ့စ်ဘွတ် အသုံးပြုနေသူတစ်ဦးကို တွေ့ရစဉ်။
Photo : AFP

ရန်ကုန်မြို့မှာနေထိုင်တဲ့ ဟစ်ဟော့ အဆိုတော် ဗျူဟာ ဟာ မေလ ၂၃ ရက်နေ့ညက သူ့ရဲ့ဖေ့စ်ဘွတ်စ်မှာ နေ့စဉ် လျှပ်စစ်မီးပုံမှန်မပေးနိုင်တဲ့ စစ်ကောင်စီရဲ့ လျှပ်စစ်ဝန်ကြီးနဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်တို့ကို ပြင်းပြင်းထန်ထန် ဝေဖန်ပြောဆိုပြီးတဲ့ နောက်တစ်နေ့မှာပဲ မြောက်ဒဂုံမြို့နယ်က သူ့ရဲ့နေအိမ်မှာ စစ်ကောင်စီတပ်တွေက ဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။

အဖမ်းခံရပြီးကတည်းက မိသားစုနဲ့အဆက်အသွယ်ပြတ်နေပြီး ဘယ်မှာဖမ်းဆီးစစ်ဆေးခံနေရတယ်ဆိုတာ မသိရသေးပါဘူး။

စစ်ကောင်စီ အာဏာသိမ်းပြီးကတည်းက မြန်မာနိုင်ငံဟာ လွတ်လပ်စွာပြောဆိုခွင့် အဆိုးဆုံးအခြေအနေမှာရောက်နေပြီး ပြည်သူတွေကို လုံးဝမဝေဖန်ရဲအောင် လုပ်နေတယ်လို့ တက်ကြွလှုပ်ရှားသူတွေ၊ နိုင်ငံရေးသမားတွေက ပြောပါတယ်။

" ပြောပြီဆိုတာနဲ့ သူတို့ကအုပ်စုလိုက် သူတို့လူတွေ သူတို့မီဒီယာတွေ သူတို့ဒလန်တွေနဲ့ ပြည်သူကိုသီးသန့်နှိပ်ကွပ်မယ်ဆိုတဲ့ ရာဇဝတ်ပုဒ်မတွေနဲ့ ဆရာနိုင်မြန်မာသား အပါအဝင် သူရှေ့မှရော၊ သူနောက်ဆက်တွဲရောာ မမျှတတဲ့ပုဒ်မတွေတပ်ပြီးတော့ ပြစ်ဒဏ်တွေထပ်တိုးထားတဲ့အတွက် တို့နိုင်ငံမှာ ရင်ဆိုင်ကြုံတွေ့နေရတဲ့ ပြည်သူလူထုရဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် အခြေအနေဟာ အဆိုးဆုံးကို ရောက်ရှိနေပြီ "

နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ရဲ့ ဦးဆောင်ကော်မတီဝင် ဦးထွန်းကြည် ပြောသွားတာပါ။

စစ်ကောင်စီဟာ သူ့ကို ထောက်ခံတဲ့ မီဒီယာတစ်ချို့နဲ့ တယ်လီဂရမ်ချန်နယ်တို့မှာ ဖော်ပြလိုက်တာနဲ့ ချက်ချင်းဆိုသလို ဖမ်းဆီးနှိပ်က်တာတွေ လုပ်လေ့ရှိတယ်လို့လည်း ဦးထွန်းကြည်က ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလကဆိုရင် ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာ လေကြောင်းကနေ တိုက်ခိုက်ခံရတာကိုဝမ်းနည်းတဲ့အကြောင်း ဖေ့စ်ဘွတ်စာမျက်နှာမှာ ထုတ်ဖော်ပြောဆိုခဲ့တဲ့ ရန်ကုန်မြို့က သတင်းစာဆရာ ဦးကျော်မင်းဆွေ၊ သရုပ်ဆောင် မေပန်းချီ၊ အဆိုတော် ရွှေရည်သိန်းတန်၊ မေလသံစဉ်တို့ကို စစ်ကောင်စီကဖမ်းဆီးပြီး ပုဒ်မ - ၅၀၅ (က)နဲ့ အမှုဖွင့်ထားပါတယ်။

စစ်အာဏာရှင်ကတော့ ပြည်သူတွေကို အကြောက်တရား ရိုက်သွင်းနေတာလို့ တက်ကြွလှုပ်ရှားသူ ကိုမြတ်ကျော်က ပြောပါတယ်။

" စစ်အာဏာရှင်ကတော့ အဓိကတော့ အကြောက်တရားတော့ အမြဲရိုက်ထည့်လေ့ရှိတယ်၊ သူတို့က အမှန်တရားအတွက်ဆို အမြဲနားခါးတယ်၊ အမှန်တရားနဲ့ပတ်သက်လာရင် သူတို့ကို မပြောရဲ မဆိုရဲအောင် သူတို့ကို မဆန့်ကျင်ရဲအောင် အမြဲတမ်းလုပ်လေ့ရှိတာကတော့ လူထုကြားမှာ အကြောက်တရား ရိုက်ထည့်တာပဲ၊ လွတ်လပ်စွာထုတ်ဖော်ခွင့်၊ ပြောဆိုခွင့်၊ ရေးသားခွင့်၊ လွတ်လပ်စွာ တွေးခေါ်ခွင့် ဆိုတဲ့ ဒီမိုကရေစီတရားတွေ ဆိတ်သုဉ်းသွားတဲ့အခြေအနေတစ်ရပ်လို့ပဲ ပြောချင်ပါတယ်"

အခုလို အရပ်သားပြည်သူတစ်ယောက်က သူခံစားရတာ ထုတ်ပြောတာကို ဖမ်းဆီးတာဟာ စစ်ကောင်စီက ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးရှိအောင်ဆောင်ရွက်မယ်ဆိုပြီးပြောနေတာနဲ့ ယှဉ်ကြည့်မယ်ဆိုရင် စစ်ကောင်စီက အားလုံးကို လိမ်ညာနေတာ ပေါ်လွင်တယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ပြောရေးဆိုခွင့်ရှိသူ ဦးစည်သူမောင်က ထောက်ပြပါတယ်။

" မီးပျက်တဲ့အပေါ်မှာ ပြည်သူတစ်ယောက်အနေနဲ့ ဝေဖန်ပြောကြားမှုဟာ သာမာန်အရပ်သားအစိုးရ ဒီမိုကရေစီနည်းကျ တက်လာတဲ့ အရပ်သားအစိုးရအောက်မှာတော့ ပြဿနာမရှိပေမဲ့ စစ်အုပ်ချုပ်ရေးအောက်မှာတော့ ဒီအခွင့်အရေးတွေက ဆိုးဆိုးရွားရွားချိုးဖောက်ခံနေရတယ်၊ စစ်အုပ်စုကပေးမယ့် ဒီမိုကရေစီတို့ ဖက်ဒရယ်တို့ဆိုတာ အခုဖြစ်ရပ်တွေနဲ့ပဲနှိုင်းယှဉ်ကြည့်ရင် ဘယ်လို ဒီမိုကရေစီမျိုးကိုပေးမှာလဲဆိုတာက မြင်သာနေတယ်၊ နိုင်ငံသားအခွင့်အရေးဆိုတာကဘာလဲ၊ လူ့အခွင့်အရေးဆိုတာဘာလဲဆိုတာ ဘယ်လောက်ထိ ချွတ်ခြုံကျနေတယ်ဆိုတဲ့ အခြေအနေတွေက ဒီအချိန်မှာ ပိုပြီးတော့မြင်သာသွားတယ်လို့ ကျွန်တော်ကမြင်တယ်၊ အဲ့တော့ ဒီမိုကရေစီတို့ လူ့အခွင့်အရေးတို့ ရွတ်နေတာကိုက လိမ်ညာဖို့အတွက် ရွတ်နေတယ်ဆိုတာ အားလုံးက ဖြစ်ရပ်ပေါင်းများစွာ သာဓကပေါင်းများစွာနဲ့ ကျွန်တော်တို့ သတိပြုမိခဲ့ပြီးဖြစ်တယ်ပေါ့"

မြန်မာနိုင်ငံမှာ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် ပြန်ရဖို့ အာဏာရှင်စနစ်ဖြုတ်ချနိုင်ဖို့လိုတယ်လို့ ပုဇွန်တောင်နဲ့ ဗိုလ်တထောင်မြို့နယ် လူငယ်များ သပိတ်ကော်မတီ (PBYSC) က မဂျူဝယ်လ်က ပြောပါတယ်။

" လူ့အခွင့်ရေး အပြည့်အဝရချင်တယ်ဆိုရင်တော့ စစ်အာဏာရှင်စနစ်ကို ဖြုတ်ချမှရမယ်၊ ကိုယ့်စိတ်ထဲကရှိတာကို လွတ်လပ်စွာပြောဆိုခွင့်မရှိဘူး၊ ထုတ်ဖော်ပိုင်ခွင့်မရှိဘူး၊ ကိုယ်ရဲ့ဝမ်းနည်းကြောင်းကိုလည်း ပရိုဖိုင်းချိန်းပိုင်ခွင့်မရှိဘူး၊ ကိုယ်ရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်၊ စိတ်ထဲရှိတာကို ကိုယ်မြှောက်ထားတဲ့အစိုးရကို ပွင့်ပွင့်လင်းလင်း ဝေဖန်ပြောဆိုရဲတဲ့အခြေအနေရောက်ဖို့ဆိုရင် နွေဦးတော်လှန်ရေးအောင်မြင်မှပဲ ရောက်မယ်လို့ ညီမကပြောချင်တယ်"

ဒီပြောဆိုချက်တွေနဲ့ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဖုန်းခေါ် ပေမယ့် ဖုန်းမကိုင်ပါဘူး။

၂၀၂၂ ဖေဖော်ဝါရီကနေ ၂၀၂၃ ဧပြီလကုန်ထိ တစ်နှစ်ကျော်အတွင်း လူမှုကွန်ရက် ဆိုရှယ်မီဒီယာတွေဖြစ်တဲ့ Facebook၊ TikTok နဲ့ Telegram စာမျက်နှာတွေမှာ စစ်တပ်နဲ့ စစ်ကောင်စီကို ဆန့်ကျင် ရေးသားတဲ့အကောင့်၊ ဒါမှမဟုတ် တခြားသူတွေတင်တာကို ပြန်ဝေမျှတဲ့အကောင့် အနည်းဆုံး ၁၀၅၀ ကို အရေးယူထားတဲ့အကြောင်း စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ချက်တွေကိုအခြေခံပြီး RFA က လေ့လာတွေ့ရှိရပါတယ်။

အဲဒီထဲကတချို့ အဖမ်းခံရသလို၊ တချို့ကတော့ အဖမ်းမခံရခင် အကောင့်ဖျက်လိုက်ပြီး ရှောင်တိမ်းနေရတာတွေလည်း ရှိနေပါတယ်။

အဖမ်းခံရတဲ့သူတွေထဲမှာ နိုင်ငံရေး၊ လူမှုရေးနဲ့ အနုပညာလောကက ထင်ရှားတဲ့ပုဂ္ဂိုလ်တွေ များသလို နိုင်ငံတစ်ဝန်းက သာမန်အရပ်သားတွေလည်း ပါဝင်တာတွေ့ရပါတယ်။ အရေးယူခံရတဲ့အကောင့် တစ်ထောင်ကျော်မှာ ၅၀၀ နီးပါးက ရန်ကုန်တိုင်းနဲ့ မန္တလေးတိုင်းက ဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် အနည်းဆုံး နိုင်ငံထဲမှာပါနေပြီး၊ အောက်ဆုံးအဆင့် ကိုးမှာရောက်နေပြီလို့ Freedom House အဖွဲ့က ဒီနှစ်ထဲမှာထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီကတော့ NUG၊ CRPH အပါအဝင် သူတို့နဲ့ဆက်စပ်တဲ့ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေရဲ့ လုပ်ရပ်တွေကို မသိလို့ဖြစ်စေ၊ သိလျက်နဲ့ဖြစ်စေ အားပေးလှုံ့ဆော်ရင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ - ၅၂ (က)၊ ရာဇသတ်ကြီးပုဒ်မ - ၁၂၄ (က) ၊ ပုဒ်မ - ၅၀၅ (က)၊ အီလက်ထရွန်နစ် ဆက်သွယ်ရေးပုဒ်မ - ၃၃ (က) အပါအဝင် တည်ဆဲ ဥပဒေတွေနဲ့ အရေးယူမယ်လို့ ၂၀၂၂ ခုနှစ် နှစ်လယ်ပိုင်းကစပြီး အကြိမ်ကြိမ် ထုတ်ပြန်နေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။