ရွာလုံးကျွတ် မီးရှို့ခံရတဲ့ ဂန့်ဂေါမြို့နယ် စန်းမြို့ရွာသားတွေ အကူအညီလိုအပ်နေ

RFA Burmese
2024.02.19
ရွာလုံးကျွတ် မီးရှို့ခံရတဲ့ ဂန့်ဂေါမြို့နယ် စန်းမြို့ရွာသားတွေ အကူအညီလိုအပ်နေ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ စန်းမြို့ရွာက စစ်ဘေးဒုက္ခသည်များ နေထိုင်သော ရွက်ဖျင်တဲများအား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်နေ့ တွေ့ရစဉ်။
Citizen Journalist

အခုမြင်ရတဲ့ ချုံနွယ်ပိတ်ပေါင်းတွေနဲ့ လူသူကင်းမဲ့နေတဲ့နေရာဟာ တောတွင်းတစ်နေရာတော့ မဟုတ်ပါဘူး။ စစ်ကိုင်း၊ မကွေး၊ ချင်း သုံးပွင့်ဆိုင်ဒေသထဲက မကွေးတိုင်း၊ ဂန့်ဂေါမြို့ရဲ့မြောက်ဘက် ၄၅ မိုင် လောက်ဝေးတဲ့ စန်းမြို့ဆိုတဲ့ရွာလေးပါ။

မြစ်သာမြစ်ဘေးကစန်းမြို့ရွာဟာ လမ်းပန်းဆက်သွယ်ရေးခက်လို့ ခရီးသွားဧည့်သည်တွေ တော်ရုံ မရောက်နိုင်ပါဘူး။ ဒါပေမဲ့ စစ်ကောင်စီတပ်သားတွေနဲ့ သူ့တို့လက်အောက်ခံ ပျူစောထီးအဖွဲ့တွေ ရောက်သွားပါတယ်။ စစ်အာဏာသိမ်းတာကို ဆန့်ကျင်လို့ ဆိုပြီး နှိမ်နင်းဖို့ ရောက်သွားတာပါ။

"မီးရှို့တဲ့သူတွေကို ကိုယ့်ရဲ့အိမ် တစ်အိမ်လုံးသာမက တစ်ရွာလုံးကိုပါ မီးရှို့တာ ဖြစ်တဲ့အတွက် အစ်မကတော့ ဒီလူတွေကို ဘယ်တော့မှလည်း မကျေနိုင်ပါဘူး"

ဒါကြောင့် အိမ်ခြေ နှစ်ရာလောက်နဲ့ လူဦးရေတစ်ထောင်ရှိတဲ့ရွာလေးဟာ တစ်ချိန်က ရိုးရာယဉ်ကျေးမှု ပွဲတော်လေးတွေနဲ့ ငြိမ်းချမ်းခဲ့ပေမယ့် ရှိသမျှမီးလောင်ပြာကျပြီး အရင်လိုဘဝပြန်ရဖို့ခက်ပြီလို့ စန်းမြို့ရွာ သား အသက် ၇၀ အရွယ် ဦးတင်ဝင်းက ပြောပါတယ်။

"ကထိန်ပွဲတို့၊ ဘုရားပွဲတို့၊ တပေါင်းတန်ခူးတွေမှာ ဒါပြီးတော့မှ ရှင်ပြုပွဲတို့ အစုံပေါ့ကွယ်။ အဲဒီဟာ။ ခေတ်ကောင်းတုန်းကတော့ အေးအေးချမ်းချမ်းလေး နေရတယ်ကွဲ့။ အခုကျတော့ ဒုက္ခပေါင်းစုံ ကြုံတာပေါ့ကွယ်။ ပြောမပြလောက်အောင် ခံစားရပါတယ်ကွယ်။ အရင်အိမ်လိုမျိုးကို ဆောက်ပါမယ် ဆိုတော့လည်း ဆောက်နိုင်တော့မယ်လည်း မဟုတ်ပါဘူး။ တောထဲမှာနေ၊ တောထဲမှာသေ ဆိုသလို ဖြစ်တော့မှာပါကွယ်"

ဦးတင်ဝင်းလိုပဲ အသက် ၅၃ နှစ်အရွယ် ဒေါ်ဝင်းရွှေကလည်း သူ့မိဘတွေဆောက်ခဲ့တဲ့ အိမ်လေးကို သူ့ဘဝမှာ ပြန်ဆောက်နိုင်မှာမဟုတ်တော့ဘူးလို့ ဝမ်းနည်းကြေကွဲနေပါတယ်။

"အစ်မတို့အိမ်လည်း မီးထဲပါသွားပါတယ်။ အစ်မတို့အိမ်ပေါ်ရှိတဲ့ ပစ္စည်းလည်း ဘာတစ်ခုမှ မရလိုက်ပါဘူး။ ဆုံးရှုံးသွားပါတယ်။ အစ်မတို့ရွာကို စစ်ကောင်စီနဲ့ ပျူစောထီး ပူးပေါင်းတပ်တွေက မီးရှို့သွားပါတယ်။ အစ်မတို့ရွာကို စစ်အာဏာရှင်ကို တော်လှန်တဲ့ရွာဆိုပြီး မီးရှို့သွားတာဖြစ်ပါတယ်။ အစ်မရဲ့ တစ်သက်နဲ့ တစ်ကိုယ်မှာ တစ်ခါမှလည်း မခံစားဖူးပါဘူး။ ကျွန်မတို့ အိမ်မီးလောင်သွားတဲ့အချိန်မှာ ကျွန်မ တို့မှာ ငိုပြီး ဝမ်းနည်းမိခဲ့ပါတယ်။ ကျွန်မအဖေ၊ မိဘတွေဆောက်ခဲ့တဲ့ အိမ်လေးကို ကျွန်မဘဝမှာ တော်တော်နဲ့ ဆောက်နိုင်တော့မှာ မဟုတ်ဘူးလို့ ဆိုပြီးမှ ဝမ်းနည်းပြီးမှ ငိုကြွေးခဲ့မိပါတယ်"

သူတို့သားအမိမှာ လယ်ယာမြေလည်းမရှိလို့ ဟင်းသီးဟင်းရွက်တွေကို ဖောက်သည်ယူပြီး ပြန် ရောင်းနေရတယ်လို့ ပြောပါတယ်။

သူ့လိုပဲ အိမ်ဆုံးရှုံးလိုက်ရတဲ့ အသက် ၃၆ နှစ်အရွယ် ပညာရေးဝန်ထမ်းဖြစ်ခဲ့တဲ့ ဒေါ်သေးမာလည်း အဲဒီနေ့က မျက်မမြင်ဖခင်ရယ် သမီးရယ်နဲ့ ထွက်ပြေးခဲ့ရပြီး၊ အရင်လိုဘဝမျိုးပြန်ရောက်ဖို့ ကတော့ အာဏာရှင်စနစ် ချုပ်ငြိမ်းသွားမှ ဖြစ်တော့မယ်လို့ ပြောပါတယ်။

"ကျွန်မတို့က စစ်ကြောင်းထိုးလို့ လက်နက်ကြီးကျတဲ့အချိန်ကျမှ မျက်မမြင်အဖေရယ်၊ ကျွန်မသမီး လေးရယ်၊ ကျွန်မရယ် အသက်လုထွက်ပြေးခဲ့ကြရတာပါ။ စုဆောင်းထားခဲ့သမျှ ပစ္စည်းတွေရယ်၊ အိမ်တွေရယ် ဘာ ကုန်းကောက်စရာမှ မကျန်အောင်ပေါ့။ အကုန်လုံး မီးလောင်ထဲ ပါသွားတော့တာပါ။ အရင်အခြေအနေမျိုးတွေကို သတိရပါတယ်။ ဒါပေမဲ့ အရင်အခြေအနေမျိုး မူလအတိုင်း ပြန်ရဖို့ဆိုတာ တော့ စစ်ကောင်စီ အာဏာရှင်စနစ် ပြုတ်ကျသွားမှ ဖြစ်မှာဆိုတော့ အခုကတော့ အားခဲပြီး ရုန်းကန် နေတာပါ"

သူလည်း လက်ရှိမှာတော့ သီးနှံပေါ်တဲ့အချိန်မှာ နေ့စားအလုပ်နဲ့ ရပ်တည်နေပါတယ်။

စန်းမြို့ရွာလေးကို စစ်ကောင်စီတပ်သားနဲ့ ပျူစောထီးအဖွဲ့တွေက ငါးကြိမ်တိတိ မီးရှို့ခဲ့လို့ ရွာလုံးကျွတ် ပျက်စီးပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်းပေါင်း သုံးသောင်းထက်မနည်း ရှိတယ်လို့ ရွာသားတစ်ယောက် ဖြစ်တဲ့ ကိုရှမ်းကြီးက ရှင်းပြပါတယ်။

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်ရှိ ငါးကြိမ်တိုင် မီးရှို့ဖျက်ဆီးခံထားရသည့် စန်းမြို့ရွာမှ စာသင်ကျောင်းတစ်ကျောင်းအား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်နေ့ တွေ့ရစဉ်။ (Photo: Citizen Journalist)
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်ရှိ ငါးကြိမ်တိုင် မီးရှို့ဖျက်ဆီးခံထားရသည့် စန်းမြို့ရွာမှ စာသင်ကျောင်းတစ်ကျောင်းအား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်နေ့ တွေ့ရစဉ်။ (Photo: Citizen Journalist)


"ကျွန်တော်တို့ရွာက နေအိမ် နှစ်ရာကျော်လုံး အကုန်လုံး မီးလောင်ပျက်စီးသွားခဲ့တယ်ဗျ။ ကျွန်တော်တို့ အဆောက်အအုံတွေဆိုလို့ရှိရင် စာသင်ကျောင်းပျက်စီးတယ်။ ဆေးခန်းတွေရော လက်နက်ကြီးကျလို့ တစ်ခုမှမကျန် ဘုန်းကြီးကျောင်းကလွဲရင် အကုန်လုံးပျက်စီးသွားတာဖြစ်ပါ တယ်ဗျ။ ကျွန်တော်တို့ရွာက ပျက်စီးသွားတဲ့တစ်အိမ်ကို ကာလပေါက်ဈေးဆိုရင် သိန်း ၁၅၀ ရဲ့ အထက်မှာရှိပါတယ်ဗျ။ တစ်ရွာလုံး ပျက်စီးသွားတာ ဖြစ်တဲ့အတွက် အကုန်လုံး ဆုံးရှုံးမှုစုစုပေါင်း ဆိုလို့ရှိရင် ပျမ်းမျှနှုန်းတွက်မယ်ဆိုရင် သိန်းပေါင်းသုံးသောင်းကျော်လောက် ပျက်စီးရှုံးသွားတာ ဖြစ်ပါတယ်ဗျ"

သူတို့ရွာဟာ ပျူစောထီးအဖွဲ့တွေအားကောင်းတဲ့ရွာလို့ ဒေသခံတွေပြောဆိုတဲ့ မြောက်ခင်ရန်းရွာရဲ့ အရှေ့ဘက်မှာ ရှိနေတာပါ။

ဒေါ်ဝင်းရွှေကတော့ အခုလိုမီးရှို့ခဲ့သူတွေကို တစ်သက်လုံး ခွင့်လွှတ်မှာမဟုတ်ဘူးလို့ ပြောပါတယ်။

"အစ်မအနေနဲ့ကတော့ မီးရှို့တဲ့သူတွေကို ကိုယ့်ရဲ့အိမ် တစ်အိမ်လုံးသာမက တစ်ရွာလုံးကိုပါ မီးရှို့တာ ဖြစ်တဲ့အတွက် အစ်မကတော့ ဒီလူတွေကို ဘယ်တော့မှလည်း မကျေနိုင်ပါဘူး။ ဘယ်တော့မှလည်း ခွင့်လွှတ်နိုင်မှာမဟုတ်ပါဘူး"

ဒီကိစ္စနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ မကွေးတိုင်းပြောခွင့်ရသူ လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်းကို RFA က ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ ဆက်သွယ်မေးမြန်းရာမှာတော့ သူ့အနေနဲ့ စစ်ရေး၊လုံခြုံရေးနဲ့ ပတ်သက်တာတွေကို မသိလို့ ထုတ်ပြန်လေ့မရှိဘဲ ပြည်ထောင်စုအဆင့်ကသာ ထုတ်ပြန်တယ်လို့ ပြောပါတယ်။ သူ့အနေနဲ့တော့ ပြည်သူတွေ စားနပ်ရိက္ခာမပြတ်အောင် အခက်အခဲကြားကနေ လုပ်ပေးနေတယ်လို့ လည်း ပြောပါတယ်။

ဒါပေမဲ့ ရွာသားတွေကတော့ အခုအချိန်ထိ ဘေးလွတ်ရာတောတောင်တွေထဲမှာ ဖြစ်သလို ရှင်သန် နေထိုင်နေရတာ နှစ်နှစ်လောက်ရှိပြီလို့ ပြောပါတယ်။ ဒါကြောင့် မိုးဒဏ်လေဒဏ်ခံနိုင်မယ့် အမိုးအကာ ပစ္စည်းတွေ၊ စားသောက်စရာနဲ့ဆေးဝါးတွေလည်း လိုအပ်နေလို့ ပြည်တွင်း၊ ပြည်ပအလှူရှင်တွေ ကူညီ ပေးစေချင်တယ်လို့ ရွာသားတွေက ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီး သုံးနှစ်နီးပါးမှာ နိုင်ငံတစ်ဝန်း စစ်ဘေးဒုက္ခသည် ၂ ဒသမ ၆ သန်းကျော်အထိ ရှိလာပြီလို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးရုံး (UN OCHA) က ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။