စက်ရုံတွေမှာ လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်မှုနဲ့ အကြမ်းဖက်မှုတွေပိုဆိုးလာ
အထည်ချုပ်စက်ရုံဝန်ထမ်းတစ်ယောက်ဖြစ်တဲ့ မနှင်းဆီဟာ သူအရင်ကလုပ်ခဲ့တဲ့ တရုတ်ပိုင် Dongxin ဒေါင်းရှင်းအထည်ချုပ်စက်ရုံမှာ သူ့လုပ်ဖော်ကိုင်ဖက်မိန်းကလေးတွေကို တရုတ်ပညာရှင်တွေ၊ တရုတ် ဝယ်လက်တွေက ငွေပေးပြီးညအိပ်ဖို့ခေါ်တယ်ဆိုတဲ့အကြောင်း ကြားသိရတဲ့အခါ တုန်လှုပ်သွားပါတယ်။
“တချို့ အလုပ်သမားတွေက တကယ်ကိုဆင်းရဲကြပါတယ်။ တစ်ညကို သုံးသိန်းပေးမယ်လို့ ခေါ်တဲ့ သတင်းကလည်းထွက်ခဲ့ပါတယ်။ ဒီငွေက အမျိုးသမီးအလုပ်သမားတွေအတွက် တကယ်များပါတယ်။ ဒီဖြစ်ရပ်တွေ အခုထိလည်း ရှိနေပါတယ်” လို့ ဒီသတင်းမှာ အမည်လွှဲထားတဲ့ မနှင်းဆီကပြောပါတယ်။
သူတို့စက်ရုံမှာ ဒီလိုဖြစ်ရပ်တွေမရှိဘူးလို့ ကုမ္ပဏီတာဝန်ရှိသူတစ်ယောက်က ငြင်းပါတယ်။
“ဂျပန်နဲ့ တရုတ်ကုမ္ပဏီအများစုနဲ့ပတ်သက်ရင် တိုင်ကြားဖို့ ကျွန်တော်တို့လက်လှမ်းမမီပါဘူး။ တရားစွဲတဲ့နည်းပဲရှိတယ်။ တရားစွဲဖို့ဆိုတာလည်း မြန်မာပြည်က တရားဥပဒေစိုးမိုးရေးဆိုတာ သိတဲ့အတိုင်းပဲလေ”
ဒါပေမဲ့ မြန်မာနိုင်ငံမှာ စက်ရုံအလုပ်ရုံတွေ စီးပွားရေးမကောင်းတဲ့အတွက် အမျိုးသမီးအလုပ်သမားတွေ အလုပ်ရှားလာပြီး လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားလုပ်ခံရတာတွေ၊ အကြမ်းဖက်ခံရတာတွေ၊ ခေါင်းပုံဖြတ် ခံရတာတွေ ပိုဖြစ်လာတယ်လို့ အလုပ်သမားအရေး ဆောင်ရွက်သူတွေက ပြောပါတယ်။
အထည်ချုပ်စက်ရုံတွေက အမျိုးသမီး အလုပ်သမားတွေဟာ “လုပ်ငန်းခွင် ဖိနှိပ်ချုပ်ချယ်ခံရတာတွေရှိပြီး စိုးရိမ်စရာကောင်းတယ်လို့” အပြည်ပြည်ဆိုင်ရာ အလုပ်သမားများအဖွဲ့ စီးပွားရေးနဲ့ လူ့အခွင့်အရေးရင်းမြစ်ဌာနက ဒီလထုတ်အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
၂၀၂၃ ဒီဇင်ဘာ ၁ ရက်ကနေ ဇွန် ၃၀ ရက်ကြား ၆ လအတွင်း၊ မြန်မာနိုင်ငံက စက်ရုံတွေမှာ (၁၅၅) မှုရှိခဲ့ပြီး အဲဒီအထဲက ၈၇ မှုဟာ နိုင်ငံတကာကုမ္ပဏီတွေနဲ့ ပတ်သက်နေတယ်လို့ ဆိုပါတယ်။ ဒီအမှုတွေထဲက ၃၇ ရာခိုင်နှုန်းဟာ နှုတ်အားဖြင့်ရော၊ ကိုယ်ထိလက်ရောက်ပါ လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားလုပ်တာ၊ အနှောင့်အယှက်ပေးတာတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
စစ်တပ်အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ်ကတည်းက မြန်မာနိုင်ငံ စီးပွားရေးထိုးကျလို့၊ ငွေကြေးဖောင်းပွပြီး စားဝတ်နေရေးကျပ်တည်းလာတဲ့ အလုပ်သမားတွေရဲ့အခြေအနေကို စက်ရုံပိုင်ရှင်တွေ၊ အလုပ်သမား အုပ်ချုပ်ရေးပိုင်းဆိုင်ရာဝန်ထမ်းတွေက ခေါင်းပုံဖြတ် အမြတ်ထုတ်တာတွေ လုပ်ခဲ့တယ်လို့ အလုပ်သမား အရေးဆောင်ရွက်သူတစ်ယောက်က RFA ကိုပြောပါတယ်။
“အထည်ချုပ် အလုပ်သမားတွေအပေါ် အမြတ်ထုတ်ဖို့လွယ်လာတယ်၊ ဆင်းရဲမှုကိုသူတို့အသုံးချတာ” လို့ အမည်မဖော်လိုတဲ့ အလုပ်သမားအရေးဆောင်ရွက်သူက ပြောပါတယ်။
ဆက်နွှယ်သောသတင်းများ
အမျိုးသမီးအလုပ်သမားတွေ ခေတ်ကာလနဲ့လျော်ညီတဲ့ လုပ်ခလစာရဖို့ တောင်းဆို
အာဏာသိမ်းပြီးနောက်ပိုင်း အလုပ်သမား အခွင့်အရေးချိုးဖောက်မှု ပိုဆိုးလာကြောင်း FGWM ပြော
ဆင်းရဲမွဲတေမှုကြောင့် လိင်ဖျော်ဖြေသူ ဖြစ်နေရတဲ့အမျိုးသမီး
(Dongxin) ဒေါင်းရှင်းအထည်ချုပ် စက်ရုံမှာ လိင်ပိုင်းဆိုင်ရာ အနှောင့်အယှက်ပေးတာကို နိုင်ငံတကာအလုပ်သမားများအဖွဲ့ စီးပွားရေးနဲ့ လူ့အခွင့်အရေးရင်းမြစ်ဌာနက သက်သေနဲ့တကွ ထုတ်ပြန်ခဲ့ပါတယ်။
ဒါပေမဲ့ ဒေါင်းရှင်းစက်ရုံရဲ့ လူသားရင်းမြစ်ဌာန မန်နေဂျာ ဒေါ်တင်နီလာထွန်းက သူတို့စက်ရုံမှာ ဒီလိုဖြစ်ရပ်တွေမရှိခဲ့ဘူးလို့ ငြင်းဆိုပါတယ်။
“ကျွန်မတို့မှာ ဒီလိုပြဿနာမျိုး မရှိဘူး။ ရှိရင်လည်း အလုပ်သမားဥပဒေနဲ့အညီ အလုပ်ထုတ်လို့ရတယ်” လို့ ပြောပါတယ်။
နောက်ထပ်ဖြစ်ရပ်တွေလည်း ရှိပါတယ်။ အထည်ချုပ်စက်ရုံတစ်ရုံမှာ မြန်မာအမျိုးသမီး အလုပ်သမားတွေကို တရုတ်ပြည်ပြန်မယ့်သူတွေနဲ့ လက်ထပ်ပြီးလိုက်သွားဖို့ စက်ရုံမန်နေဂျာက လုပ်နေတယ်ဆိုတဲ့ကိစ္စပါ။ ဒီလုပ်ရပ်ကြောင့် လူကုန်ကူးမှုဖြစ်လာမှာကို စိုးရိမ်ထိတ်လန့်နေကြတဲ့အကြောင်း အလုပ်သမားတွေရဲ့ အစီရင်ခံစာမှာ ဖော်ပြကြပါတယ်။
အမျိုးသားအလုပ်သမားကြီးကြပ်ရေးမှူးတွေက အမျိုးသမီးအလုပ်သမားတွေကို ချစ်ရေးဆိုတာ၊ လိင်ပိုင်းဆိုင်ရာမြှူဆွယ်တာတွေရှိသလို၊ ဒေါသကြီးတဲ့ အလုပ်သမားကြီးကြပ်ရေးမှူးတွေက မဖွယ်မရာလုပ်တာတွေလည်းရှိတယ်ဆိုတဲ့ဖြစ်ရပ်တွေလည်း စုဆောင်းထုတ်ပြန်ခဲ့ပါတယ်။
အမျိုးသမီးအလုပ်သမားတွေကို နည်းမျိုးစုံဖိအားပေးတာတွေရှိတယ်လို့ မနှင်းဆီက ပြောပါတယ်။ အဲဒီအထဲမှာ အတင်းအဓမ္မ ညဘက်အလုပ်လုပ်ခိုင်းတာမျိုးအပါအဝင်၊ လိင်ပိုင်းဆိုင်ရာခေါင်းပုံဖြတ် အမြတ်ထုတ်တာတွေရှိတယ်လို့ ဆိုပါတယ်။
“စက်ရုံမှာ အလုပ်သမားတွေအိပ်ဖို့နေရာ စီစဉ်ထားတာ မရှိဘူး။ တကယ်လို့ အလုပ်သမားက အနားယူချင်ရင် စက်ပိုင်းဆိုင်ရာပညာရှင်တွေရဲ့အခန်းမှာ သွားနားရတယ်၊ အဲဒါကို အခွင့်ကောင်း ယူကြတာ” လို့ စက်ပိုင်းဆိုင်ရာဝန်ထမ်းတွေက အမျိုးသမီးတွေကို အခွင့်အရေးယူတတ်တဲ့အကြောင်း မနှင်းဆီ က ပြောပါတယ်။
“စက်ပိုင်းဆိုင်ရာပညာရှင်နဲ့အတူ အိပ်အောင်စည်းရုံးပေးနိုင်ရင် အဲဒီလိုစည်းရုံးပေးတဲ့ ကြီးကြပ်ရေးမှူးက ပိုက်ဆံရတယ်” လို့ မနှင်းဆီက ပြောပါတယ်။
မြန်မာနိုင်ငံက စက်ရုံအလုပ်သမား အမျိုးသမီးတွေအတွက် တိုင်ကြားနိုင်မယ့်အခွင့်အရေးက နည်းနည်းပဲရှိတယ်လို့ အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူက ပြောပါတယ်။
“ဂျပန်နဲ့ တရုတ်ကုမ္ပဏီအများစုနဲ့ပတ်သက်ရင် တိုင်ကြားဖို့ ကျွန်တော်တို့လက်လှမ်းမမှီပါဘူး။ တရားစွဲတဲ့နည်းပဲရှိတယ်။ တရားစွဲဖို့ဆိုတာလည်း မြန်မာပြည်က တရားဥပဒေစိုးမိုးရေးဆိုတာ သိတဲ့အတိုင်းပဲလေ” လို့ သူကပြောပါတယ်။
၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးကတည်းက အလုပ်သမားသမဂ္ဂ ၁၆ ဖွဲ့ပိတ်ပင်ခံခဲ့ရပြီး အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရတာတွေရှိတယ်လို့ တိုင်ကြားတာတွေ ရှိခဲ့ပါတယ်။
ဒါနဲ့ပတ်သက်လို့ မြန်မာပြည်မှာ အလုပ်သမားအခွင့်အရေးတွေနဲ့ အခြေခံပြည်သူ့လွတ်လပ်ခွင့်တွေ တားမြစ်ပိတ်ပင်ခံထားရတယ်လို့ အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ချုပ် (ILO) ရဲ့ စုံစမ်းရေးကော်မရှင်က ပြီးခဲ့တဲ့နှစ်ကတွေ့ရှိခဲ့ပါတယ်။
လိင်ပိုင်းဆိုင်ရာခေါင်းပုံဖြတ်အမြတ်ထုတ်ခံရတဲ့ အလုပ်သမားတွေအနေနဲ့ ရေငုံနှုတ်ပိတ်ပြီး သည်းခံနေရုံကလွဲလို့ သူတို့မှာ ရွေးချယ်စရာလမ်းမရှိပါဘူး။
“သူတို့ဟာ စိတ်ထိခိုက်တာတွေ၊ စိတ်ဒဏ်ရာတွေရှိပေမယ့်လည်း အလုပ်ထုတ်မခံရအောင်၊ ဘာပြဿနာမှမရှိသလို ဟန်ဆောင်ထားရတယ်” လို့ အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူက ပြောပါတယ်။
“ကုမ္ပဏီတွေအနေနဲ့ ဒီလို ပြဿနာတွေကို အာရုံစိုက်ပြီး အမှန်တကယ် အရေးယူဖြေရှင်းပေးသင့်တယ်။ ကုမ္ပဏီတွေနဲ့ နာမည်ကြီးကုန်အမှတ်တံဆိပ်တွေဟာ အဲဒီအတွက် အပြည့်အဝတာဝန်ယူရမှာပါ”
(RFA သတင်းထောက် Kiana Duncan ၏ သတင်းဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ထားပါသည်။)